Healthy Life Ad
Life Style

ရှင်းပြပါဆရာ . . . (၁၁) မှတ်ဥာဏ်ပျက်ပြားခြင်းအကြောင်း (၃)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

မတော်တဆ အမြင့်မှလိမ့်ကျပြီး မှတ်ဥာဏ်ပျက်ပြားရောဂါ ခံစားနေရတဲ့ လူနာပီတာအကြောင်းကို ဒေါက်တာတွမ်က စာရေးသူနဲ့ လာရောက်ဆွေးနွေးပါတယ်။

“အရင်တစ်ပတ်က ဆရာနဲ့ဆွေးနွေးခဲ့တုန်းက ပီတာ ခံစားနေရတဲ့ မှတ်ဥာဏ်ပျက်ပြားရောဂါဟာ စိတ်ဖိစီးမှုဒဏ်ကြောင့် ဖြစ်ပွားတာမဟုတ်ဘူးလို့ ကျွန်တော်တို့ သဘောတူခဲ့တယ်မဟုတ်လား”

“ဟုတ်တယ်လေ။ ဒါကြောင့် ပီတာရဲ့ရောဂါဟာ ရုပ်ကြောင့်ဖြစ်ပွားတဲ့ မှတ်ဥာဏ်ပျက်ပြားရောဂါ (Organic Amnesia) များလားဆိုတာ စစ်ဆေးကြည့်ဖို့ ပြောခဲ့တာပေါ့”လို့ စာရေးသူက လမ်းကြောင်းပေးပါတယ်။

ဒေါက်တာတွမ်က သူစစ်ဆေးထားတဲ့ လူနာမှတ်တမ်းကိုကြည့်ပြီး တင်ပြဆွေးနွေးပါတယ်။

“ပီတာဟာ အမြင့်ကလိမ့်ကျပြီး တစ်မိနစ်လောက် သတိမေ့သွားတယ်။ သတိပြန်ရလာတော့ ခေါင်းမူးတာ၊ ခေါင်းကိုက်တာနဲ့ သူဘယ်လို အမြင့်ကလိမ့်ကျသွားတယ်ဆိုတာကို မမှတ်မိတာတွေရှိပါတယ်။ ဒါကြောင့် လိမ့်ကျပြီးပြီးချင်း ဦးနှောက်အနည်းငယ် ဒဏ်ထိသွားခြင်း (Concussion) ဖြစ်ပွားနိုင်ပါတယ်”
စာရေးသူက မေးခွန်းထုတ်ပါတယ်။

“ဦးနှောက်အနည်းငယ် ဒဏ်ထိတာကြောင့် ပီတာမှာ အခုလို မှတ်ဥာဏ်ပျက်ပြားရောဂါ ရရှိနိုင်သလား”

ဒေါက်တာတွမ်က သူလေ့လာတွေ့ရှိထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး ရှင်းပြပါတယ်။

“ဦးခေါင်းဒဏ်ရာရပြီးရင် ဦးခေါင်းထဲမှာ သွေးယိုစိမ့်တာ ဖြစ်တတ်ပါတယ်။ နာရီပိုင်းအတွင်း သွေးယိုစိမ့်တာနဲ့ လပေါင်းအတော်ကြာမှဖြစ်ပွားတဲ့ သွေးယိုစိမ့်တာ နှစ်မျိုးရှိပါတယ်။ ဦးနှောက်ကို ဖုံးအုပ်ထားတဲ့ “အမြှေးလွှာပြင်ပမှာ သွေးယိုစိမ့်ခြင်း” (Extradural Haematoma) ဖြစ်ပွားရင် ဦးခေါင်းဒဏ်ရာရပြီး နာရီပိုင်းအတွင်း ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာပါတယ်။ မှတ်ဥာဏ်ပျက်ပြားခြင်း၊ ကိုယ်တစ်ခြမ်းသေသလိုဖြစ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိမေ့မျောသွားခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ဒါက အရေးပေါ်အခြေအနေပါဆရာ။ ပီတာ့မှာ ဒီလိုအခြေအနေမရှိပါဘူး။

ဦးနှောက်ကိုဖုံးအုပ်ထားတဲ့ “အမြှေးပါးအောက် သွေးယိုစိမ့်ခြင်း” (Sundural Haematoma)ကတော့ ဦးခေါင်းဒဏ်ရာရပြီး ရက်သတ္တပတ်ပေါင်းများစွာ ဒါမှမဟုတ် လပေါင်းများစွာကြာမှ ရောဂါလက္ခဏာတွေ တဖြည်းဖြည်း ဖြစ်ပေါ်လာတတ်ပါတယ်။ ခေါင်းကိုက်ခြင်း၊ စိတ်ခံစားမှုပြောင်းလဲခြင်း၊ မှတ်ဥာဏ်ပျက်ပြားခြင်း၊ ကိုယ်တစ်ပိုင်း သေသလိုဖြစ်ခြင်း စတဲ့လက္ခဏာတွေကို တွေ့ရှိရတယ်။ ပီတာမှာ အဲဒီလိုရောဂါရှိနိုင်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်ကြီးက လိုအပ်သလို စစ်ဆေးပြီးပါပြီ။ သွေးယိုစိမ့်တဲ့ အခြေအနေမရှိပါဘူးဆရာ”

စာရေးသူက ကြားဖြတ်မေးမြန်းပါတယ်။

“ဦးခေါင်းဒဏ်ရာကြောင့် မဟုတ်ပေမယ့် ရုပ်ကြောင့်ဖြစ်ပွားရတဲ့ တခြားအကြောင်းရင်းတွေလည်း ရှိသေးတယ်။ အဲဒီလို ရောဂါတွေ ရှိ၊ မရှိ စစ်ဆေးပြီးပြီလား”

ဒေါက်တာတွမ်က ဆက်လက်တင်ပြပါတယ်။

“မှတ်ဥာဏ်ပျက်ပြားရောဂါဖြစ်စေတဲ့ ကိုယ်ခန္ဓာရောဂါတွေကိုလည်း ကျွန်တော်ထည့်သွင်းစဉ်းစားပါတယ်။ ဥပမာ-ဦးနှောက်သွေးကြောကျဉ်းရောဂါ၊ အတက်ရောဂါ၊ ဦးနှောက်အဖုအကျိတ်ရောဂါတို့ ဖြစ်ပါတယ်။ အဲဒီရောဂါတွေကြောင့် ခေတ္တသတိမေ့မြောပြီး ပီတာအမြင့်က လိမ့်ကျတာဖြစ်နိုင်ပါတယ်။ အဲဒီရောဂါတွေမှာ မှတ်ဥာဏ်ပျက်ပြားတဲ့လက္ခဏာ တွေ့ရှိရပါတယ်။ ပီတာမှာ ဒီလိုရောဂါမျိုးမရှိပါဘူး”

ဒေါက်တာတွမ်က ခေတ္တရပ်နားလိုက်ပြီး ဆက်လက်ရှင်းပြပါတယ်။

“အရက်စွဲရောဂါရှိရင်လည်း မှတ်ဥာဏ်ပျက်ပြားဝေဒနာ ပေါ်ပေါက်လာနိုင်ပါတယ်။ အရက်အလွန်အကျွံသောက်တာ ကြာရှည်လာရင် ကိုယ်ခန္ဓာမှာ ဗီတာမင်ဘီ-၁ဓာတ် ချို့ယွင်းလာပါတယ်။ ဒါကြောင့် မှတ်ဥာဏ်နဲ့သက်ဆိုင်တဲ့ ဦးနှောက်အစိတ်အပိုင်း ပျက်စီးယိုယွင်းလာတယ်။ ‘ကော်စာကော့ဖ်ရောဂါ’ (Korsakoff’s Syndrome)လို့ခေါ်တဲ့ မှတ်ဥာဏ်ပျက်ပြားရောဂါဖြစ်ပွားပါတယ်။ ရောဂါလက္ခဏာတစ်ခုကတော့ ဖြစ်ပြီးစကိစ္စလေးတွေကို အလွယ်တကူမေ့တတ်တာဖြစ်တယ်။ “ဒီနေ့နံနက် ခင်ဗျားဘာလုပ်ခဲ့သလဲ”လို့မေးရင် လူနာမမှတ်မိဘူး။ သူမမှတ်မိတဲ့ မှတ်ဥာဏ်ကွက်လပ်ထဲမှာ စိတ်ကူးရရာဇာတ်လမ်းတွေကို အစားထိုးပြီး ဖြေဆိုလိမ့်မယ်။ လူနာက “ကျွန်တော်မေ့နေတယ်။ မမှတ်မိဘူးလို့မပြောဘဲ သူငယ်ချင်းအိမ်ကို အလည်သွားတယ်”လို့ ဇာတ်လမ်းထွင်ပြီး ဖြေဆိုတတ်ပါတယ်။ ပီတာဟာ တစ်ခါတရံ အရက်သောက်တတ်သူဖြစ်ပေမယ့် အရက်စွဲရောဂါရှိတဲ့သူ မဟုတ်ပါဘူးဆရာ”

စာရေးသူက ကြားဖြတ်မေးပါတယ်။

“မှတ်ဥာဏ်ပျက်ပြားတဲ့လက္ခဏာကို “ဥာဏ်ရည်ကျဆင်းရောဂါ” (Dementia)တွေမှာ အမြဲတမ်းတွေ့ရှိရတယ်။ ဥပမာ-အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s Disease)၊ ဦးနှောက်သွေးကြောကျဉ်း ဥာဏ်ရည်ကျဆင်းရောဂါ စတာတွေဖြစ်တယ်။ ပီတာမှာ ဥာဏ်ရည်ကျဆင်းရောဂါရှိနိုင်သလား”

အယ်လ်ဇိုင်းမားရောဂါက အသက်အရွယ်အိုမင်းလာမှ ဖြစ်ပွားတာများပါတယ်။ ရောဂါလက္ခဏာက နှစ်နဲ့ချီပြီး တဖြည်းဖြည်း အစပျိုးပေါ်ပေါက်လာတတ်ပါတယ်။ နောက်ပြီး ဒီရောဂါမှာ မှတ်ဥာဏ်ပျက်ပြားတာအပြင် တခြားအရေးကြီးတဲ့ လက္ခဏာတွေလည်းရှိပါတယ်။

ဒေါက်တာတွမ်က အလျင်အမြန် အဖြေပေးတယ်။

“မရှိနိုင်ဘူး ဆရာ။ အယ်လ်ဇိုင်းမားရောဂါက အသက်အရွယ်အိုမင်းလာမှ ဖြစ်ပွားတာများပါတယ်။ ရောဂါလက္ခဏာက နှစ်နဲ့ချီပြီး တဖြည်းဖြည်း အစပျိုးပေါ်ပေါက်လာတတ်ပါတယ်။ နောက်ပြီး ဒီရောဂါမှာ မှတ်ဥာဏ်ပျက်ပြားတာအပြင် တခြားအရေးကြီးတဲ့ လက္ခဏာတွေလည်းရှိပါတယ်။ ဥပမာ အထွေထွေ ဥာဏ်ရည်နိမ့်ကျလာခြင်း၊ ဆင်ခြင်စဉ်းစားဆုံးဖြတ်နိုင်စွမ်းရည် လျော့နည်းလာခြင်း စတာတွေဖြစ်ပါတယ်။ ပီတာက အသက် ၄၀ကျော်ပဲ ရှိသေးတယ်။ ဦးခေါင်းဒဏ်ရာရပြီးမှ စတင်ဖြစ်ပွားလာတဲ့ မှတ်ဥာဏ်ပျက်ပြားခြင်း ဖြစ်တယ်။ နောက်ပြီး သူ့မှာ အထွေထွေဥာဏ်ရည်ချို့ယွင်းလာတဲ့ လက္ခဏာတွေမရှိပါဘူး။ ဖြစ်ပြီးတဲ့ ကိစ္စလေးတွေကို မှတ်မိဖို့ခက်ခဲနေတာပဲရှိပါတယ်”

ဒေါက်တာတွမ်က ဆက်လက်ပြောပြပါတယ်။

“နောက်တစ်ခု ရှိသေးတယ်ဆရာ။ ဦးနှောက်ရောင်ရမ်းရောဂါ (Encephalitis)ဖြစ်ပြီးရင် မှတ်ဥာဏ်ပျက်ပြားဝေဒနာ ကျန်ရှိနေနိုင်တယ်။ ဥပမာ ရေယုန်ဗိုင်းရပ်စ်ပိုး (Herpes Simplx)ကြောင့်ဖြစ်တဲ့ ဦးနှောက်ရောင်ရမ်းရောဂါဖြစ်ပါတယ်။ ပီတာမှာ အဲဒီလိုရောဂါမျိုးခံစားခဲ့ရတဲ့ ရာဇ၀င်မရှိပါဘူး”

ဒေါက်တာတွမ် ဘယ်လောက်အထိ လေ့လာထားတယ်ဆိုတာသိချင်လို့ စာရေးသူက စစ်ဆေးကြည့်တယ်။

“ဦးနှောက်ရောဂါမရှိပေမယ့် ကိုယ်ခန္ဓာအင်္ဂါရောဂါ တစ်ခုခုရှိရင်လည်း မှတ်ဥာဏ်ပျက်ပြားဝေဒနာ ဖြစ်ပွားတတ်တယ်မဟုတ်ဘူးလား” ဒေါက်တာတွမ်က မှတ်စုစာအုပ်ကလေးကိုပြန်ကြည့်ပြီး ဖြေဆိုပါတယ်။

“မှန်ပါတယ် ဆရာ။ ဥပမာ-နှလုံးလေဖြတ်ရောဂါ၊ နှလုံးအားကျဆင်းရောဂါ၊ အသက်ရှူမ၀လက္ခဏာရှိတဲ့ ရေရှည်အဆုတ်ရောဂါတွေမှာ ဖြစ်တတ်ပါတယ်။ ဦးနှောက်က အောက်ဆီဂျင် လုံလုံလောက်လောက်မရရှိလို့ ဦးနှောက်ကလာပ်စည်းတွေ ပျက်စီးသွားတာကြောင့် ဖြစ်ပွားတာပါ။ ရေနစ်တဲ့သူ၊ ကာဗွန်မိုနော့ဆိုက်ဓာတ် အဆိပ်သင့်သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဦးနှောက်ထဲမှာ အောက်ဆီဂျင်ဓာတ်လျော့နည်းသွားလို့ဖြစ်တာပါ။

ဆရာဝန်ညွှန်ကြားပေးတဲ့ ဆေးတချို့ကြောင့် ဆေးရေရှည်သုံးစွဲနေချိန်မှာ မှတ်ဥာဏ်ပျက်ပြားတာကို တွေ့ရပါတယ်။ ဥပမာ- Benzodiazepines အနွယ်ဝင် စိတ်ငြိမ်ဆေးမျိုးဖြစ်ပါတယ်။ နောက်ရောဂါတစ်ခုကတော့ သိုင်းရွိုက်ဟော်မုန်းဂလင်းကျဆင်းရောဂါ (Myxrdema) ဖြစ်ပါတယ်။ ဒီရောဂါမှာ စိတ်ကျဝေဒနာ၊ ကယောင်ကတမ်းဝေဒနာတွေအပြင် မှတ်ဥာဏ်ပျက်ပြားဝေဒနာလည်း ရရှိနိုင်ပါတယ်။ အဲဒါ ကျွန်တော်လေ့လာထားတဲ့ အချက်အလက်တွေပါပဲ ဆရာ”

ဒေါက်တာတွမ်ရဲ့ နိဂုံးချုပ်စကားကို နားထောင်ပြီး စာရေးသူက မှတ်ချက်ချပါတယ်။

“ပြည့်စုံပါတယ်တွမ်။ ဒီလိုဆိုတော့ ပီတာမှတ်ဥာဏ်ပျက်ပြားရောဂါရရှိတာ ဘာကြောင့်လဲ”

စာရေးသူရဲ့မေးခွန်းကို ဒေါက်တာတွမ်က မဖြေဆိုဘဲ ပြန်လည်မေးခွန်းထုတ်ပါတယ်။

“ပီတာမှာ မှတ်ဥာဏ်ပျက်ပြားရောဂါ ဖြစ်ပွားနိုင်တဲ့အကြောင်းရင်းတွေ ရှာမတွေ့ဘူးဆရာ။ ဦးနှောက်ဒဏ်ရာရတယ်ဆိုပေမယ့် ပြင်းပြင်းထန်ထန် ဒဏ်ရာရတာမဟုတ်ဘူး”

စာရေးသူက ဒေါက်တာတွမ် သတိမထားမိတဲ့အချက်ကို ထောက်ပြပါတယ်။

“ဦးနှောက်တစ်ခုလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာမရရှိပေမယ့် မှတ်ဥာဏ်ပျက်ပြားရောဂါ ရရှိနိုင်တာရှိပါတယ်။ ဟစ်ပိုကမ်းပက်စ် (Hippocampus) ဦးနှောက်အင်္ဂါပိုင်းထဲမှာ CA1လို့ အမည်ပေးထားတဲ့ အစိတ်အပိုင်းရှိပါတယ်။ အဲဒီအစိတ်အပိုင်းလေးပျက်စီးရင် မှတ်ဥာဏ်ပျက်ပြားရောဂါရရှိနိုင်တယ်။ ပီတာမှာတွေ့ရှိရတဲ့ “ရှေ့ဖြစ်မှတ်ဥာဏ်ပျက်ပြား” လက္ခဏာမျိုး ဖြစ်ပေါ်နိုင်တယ်။ နောက်ကြောင်းဘ၀ဖြစ်စဉ်တွေကို ပြန်လည်စဉ်းစားမရတာလည်း ရှိနိုင်တယ်။ မှတ်ဥာဏ်သိုလှောင်ထားနိုင်တဲ့စွမ်းရည် လျော့နည်းလာတာဖြစ်ပါတယ်”

“ကျေးဇူးတင်ပါတယ် ဆရာ။ အဲဒီအချက်ကို ထည့်သွင်းဆွေးနွေးရေးသားပါမယ်”

See More

ရှင်းပြပါဆရာ . . .(၁)

ရှင်းပြပါဆရာ . . . (၂)

ရှင်းပြပါဆရာ . . . (၃) ‘မီးနေသည် စိတ်ကျရောဂါနှင့် မီးနေသည် စိတ္တဇရောဂါ’

ရှင်းပြပါဆရာ . . . (၄) “ဆေးရပ်ချင်ပြီ”

ရှင်းပြပါဆရာ . . . (၅) “ အိပ်ဆေးစွဲခြင်းအကြောင်း”

ရှင်းပြပါဆရာ . . . (၆) စိတ်ရောဂါက ကူးစက်တတ်သလား”

ရှင်းပြပါဆရာ . . . (၇) ဘေလုံးလား၊ စိတ်ကျရောဂါလား”

ရှင်းပြပါဆရာ . . . (၈) ဆိုးသွမ်းလူငယ် အပိုင်း(၁)”

ရှင်းပြပါဆရာ . . . (၈) ဆိုးသွမ်းလူငယ် အပိုင်း(၂)”

ရှင်းပြပါဆရာ . . . (၉) မှတ်ဥာဏ်ပျက်ပြားခြင်းအကြောင်း အပိုင်း(၁)”

ရှင်းပြပါဆရာ . . . (၁၀) မှတ်ဥာဏ်ပျက်ပြားခြင်းအကြောင်း အပိုင်း(၂)”

ရှင်းပြပါဆရာ . . . (၁၁) မှတ်ဥာဏ်ပျက်ပြားခြင်းအကြောင်း (၃)”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top