Healthy Life Ad
Life Style

ရှင်းပြပါဆရာ . . . (၉) မှတ်ဥာဏ်ပျက်ပြားခြင်းအကြောင်း အပိုင်း(၁)

ဒေါက်တာအုန်းကျော်(စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

သြစတြေးလျနိုင်ငံ စိတ်ကျန်းမာရေးဘွဲ့လွန်သင်တန်းမှာ ဥပဒေစည်းမျဉ်းတစ်ခုရှိပါတယ်။ ဘွဲ့လွန်သင်တန်းသားဆရာဝန်တိုင်း စိတ်ရောဂါလူနာ ၆ ဦးကို မိမိတို့ကိုယ်တိုင်လေ့လာပြီး လူနာရဲ့ရောဂါ အကြောင်းကို အသေးစိတ် စာတမ်းပြုစုရပါတယ်။ အဲဒီလို ရေးသားနိုင်ဖို့ အကြံဥာဏ်ရယူချင်ရင် သက်ဆိုင်ရာ ဆရာဝန်ကြီးနဲ့ ဆွေးနွေးမေးမြန်းပါတယ်။ ဒေါက်တာတွမ်က သူစာတမ်းရေးမယ့် လူနာတစ်ယောက်အကြောင်း စာရေးသူနဲ့ လာရောက်ဆွေးနွေးပါတယ်။ ဒါကြောင့် “မှတ်ဥာဏ်ပျက်ပြားခြင်း” (Amnesia)အကြောင်းကို ရှင်းပြဖို့ အခွင့်အရေးပေါ်ပေါက်လာပါတယ်။
_ _ _

ဒေါက်တာတွမ်က သူ စာတမ်းပြုဖို့ ရွေးချယ်ထားတဲ့ လူနာအကြောင်းကို အတိုချုံးပြီး ပြောပြတယ်။
“ကျွန်တော် တင်ပြဆွေးနွေးမယ့် လူနာက ဦးပီတာ အသက် ၄၀ ကျော်အရွယ်၊ ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုကို စစ်ဆေးကြပ်မတ်နေစဉ် မတော်တဆ အမြင့်က လိမ့်ကျပါတယ်။ လိမ့်ကျပြီးပြီးချင်း တစ်မိနစ်လောက်သတိမေ့သွားတယ်လို့ သိရပါတယ်။ လိုအပ်သလို စစ်ဆေးစမ်းသပ်ပြီးတဲ့အခါ ဦးခေါင်းခွံကွဲအက်သွားတာမရှိဘူး၊ ဦးနှောက်ထဲမှာ သွေးယိုတာ မရှိဘူး၊ သိသာထင်ရှားတဲ့ ဦးနှောက်အာရုံကြောအင်္ဂါစု ချို့ယွင်းမှုလည်းမရှိဘူးလို့ ဆရာဝန်ကြီးက မှတ်ချက်ချပါတယ်”
စာရေးသူက ကြားဖြတ်မေးပါတယ်။

“ဒီလိုဆိုရင် စိတ်ကျန်းမာရေးဌာနကို ဘာကြောင့်လွှဲပြောင်းပေးလိုက်တာလဲ”

ဒေါက်တာတွမ်က လူနာဖိုင်တွဲကို ပြန်လညှ့်ကြည့်ပြီး ဖြေပါတယ်။

“ဆရာဝန်အချင်းချင်း လွှဲပြောင်းပေးတာ မဟုတ်ဘူးဆရာ၊ ပီတာရဲ့ ရှေ့နေက ဆေးစစ်ဖို့ စေလွှတ်လိုက်တာပါ”

“ဘာရောဂါအတွက် ဆေးစစ်စေချင်တာလဲ”

စာရေးသူရဲ့ မေးခွန်းကို မဖြေဆိုခင် ဒေါက်တာတွမ်က ရှေ့နေရဲ့ စာကို ဖတ်ကြည့်လိုက်ပါတယ်။

“ရှေ့နေရဲ့ စာထဲမှာ ဖော်ပြထားတာကို ကျွန်တော် ပြောပြပါမယ်။

ပီတာဟာ မတော်တဆ လိမ့်ကျပြီးကတည်းက သတိမေ့လျော့တတ်တယ်။ မှတ်ဥာဏ်ပျက်ပြားလာတယ်တဲ့။ ဖြစ်ပြီးကိစ္စလေးတွေကို အလွယ်တကူ မေ့တတ်တယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ အရင်ကလို လုပ်ကိုင်နိုင်တာ မရှိတော့လို့ ဆေးခွင့်ယူထားရတယ်။ လစာပြည့် ဆေးခွင့်ရက် ကုန်ဆုံးပြီးရင် လစာမရရှိနိုင်တော့ဘူး။

ပီတာက “၀င်ငွေကာကွယ်တဲ့အာမခံ”ယူထားတာ ရှိတယ်။ ဒါကြောင့် အာမခံကုမ္ပဏီက ၀င်ငွေအာမခံလျော်ကြေးတောင်းယူဖို့ ပီတာရဲ့ရှေ့နေက စီစဉ်နေပါတယ်။ ပီတာမှာ မှတ်ဥာဏ်ပျက်ပြားရောဂါ ရှိသလား။ ရှိရင် ဒီရောဂါကြောင့် အလုပ်လုပ်ကိုင်နိုင်ခြင်း ရှိ၊ မရှိ ဆေးစာရေးပေးဖို့ တောင်းဆိုထားပါတယ်။တွမ် ဒီလူနာကိုတွေ့ဆုံစစ်ဆေးပြီးပြီလား”လို့ စာရေးသူက စုံစမ်းပါတယ်။ ဒေါက်တာတွမ်က အလျင်အမြန် ဖြေဆိုပါတယ်။

“မတွေ့ရသေးပါဘူး။ လျော်ကြေးကိစ္စနဲ့လည်း ပတ်သက်နေတော့ ဘယ်လိုချဉ်းကပ်ရမလဲဆိုတာ သိချင်လို့ ဆရာနဲ့ တိုင်ပင်တာပါ”

စာရေးသူက စိတ်ဝင်စားတဲ့ အမူအရာပြပြီး ဆွေးနွေးသင့်တဲ့အချက်ကို စတင်လမ်းကြောင်းပေးပါတယ်။

“ရှေ့နေရဲ့ ပထမမေးခွန်းကို တိတိကျကျ အဖြေပေးနိုင်ဖို့ လိုပါတယ်”

“မှတ်ဥာဏ်ပျက်ပြားရောဂါ ခံစားနေရသလား ဆိုတဲ့ မေးခွန်းလား ဆရာ”

“ဟုတ်ပါတယ် တွမ်”

ဒေါက်တာတွမ်က အနည်းငယ်စဉ်းစားပြီး အဖြေပေးပါတယ်။

“မှတ်ဥာဏ်ပျက်ပြားတဲ့ ရောဂါမရှိပေမယ့် လူနာတွေက “ကျွန်တော် သတိမေ့တတ်တယ် ဆရာ”လို့ ငြီးတွားကြပါတယ်။ အာရုံစိုက်နိုင်မှု ချို့ယွင်းရင် မှတ်ဥာဏ်မကောင်းသလို ဖြစ်တတ်ပါတယ်။ ဥပမာ စိတ်ကျရောဂါ၊ စိုးရိမ်သောကလွန်ကဲရောဂါ စတာတွေ ဖြစ်ပါတယ်”

“အာရုံမစိုက်နိုင်ရင် အကြောင်းအရာတစ်ခုကို ဦးနှောက်ထဲမှာ ပုံနှိပ်မိမှာမဟုတ်ဘူး။ နောက်ပြီး အာရုံမစိုက်နိုင်ရင် ဦးနှောက်ထဲမှာ ပုံရိုက်ပြီး ရှိနေတဲ့ မှတ်ဥာဏ်ကို ဖော်ထုတ်ဖို့ ခက်ခဲပါတယ်။ ဟုတ်ပါ သလားဆရာ”

စာရေးသူက ခေါင်းငြိမ့်ပြီး အကျယ်ရှင်းပြပါတယ်။

“မှန်ပါတယ်။ မှတ်ဥာဏ်ကို ရေအိုးတစ်လုံးထဲမှာ သိုလှောင်ထားတဲ့ ရေထုထည်ပမာဏလို့ သဘောထားလို့ ရတယ်။ ရေအိုးထဲမှာ ရေသိုလှောင်ထားတာ ရှိစေချင်ရင် ရေအိုးထဲကို ရေရောက်ရှိအောင်ထည့်ပေးရမယ် မဟုတ်လား။ ခင်ဗျားပြောသလို ဦးနှောက်ထဲမှာ ပုံနှိပ်ရိုက်ရတယ် ဆိုပါတော့။ မှတ်ဥာဏ်နဲ့ ပတ်သက်ရင် အဲဒီအဆင့်ကို ။ “မှတ်ဥာဏ်မှတ်ပုံတင်ခြင်း” (Registration) လို့ ခေါ်တယ်။

အိုးထဲမှာရှိတဲ့ရေကိုလိုတဲ့အခါ သုံးစွဲဖို့လျော့နည်းမသွားအောင် သိမ်းဆည်းသိုလှောင်ထားဖို့ လိုတယ်။ မှတ်ဥာဏ်နဲ့ ပတ်သက်ရင် အဲဒီအဆင့်ကို “မှတ်ဥာဏ်စွဲမြဲသိုလှောင်ခြင်း”(Retention)လို့ ခေါ်တယ်။ သိုလှောင်ထားတဲ့ ရေကို အသုံးပြုဖို့ လိုတဲ့အခါ အိုးထဲက ခပ်ယူရမယ် မဟုတ်လား။ အဲဒီအဆင့်ကို “မှတ်ဏ်ပြန်လည်ဆင့်ခေါ်ခြင်း”(Recall) လို့ ခေါ်ပါတယ်။

အာရုံမစိုက်နိုင်လို့ မှတ်ဥာဏ်မှတ်ပုံတင်ထားတာ မရှိရင် ဒါမှမဟုတ် အာရုံမစိုက်နိုင်လို့ သိုလှောင်ထားတဲ့ မှတ်ဥာဏ်ကို ထုတ်ယူသုံးစွဲနိုင်ခြင်း မရှိရင် မမှတ်မိတာ၊ မေ့တတ်တာ ရှိနိုင်ပါတယ်။ စိတ်လောနေတဲ့ ကျောင်းသားက စာမေးပွဲခန်းထဲရောက်တော့ သူသိပြီးသားအချက်အလက်တွေကို ပြန်လည်စဉ်းစားလို့ မရသလိုပေါ့။ အဲဒီလို ဖြစ်ပွားတာကို “မှတ်ဥာဏ်ပျက်ပြားရောဂါ”လို့ မခေါ်ဆိုပါဘူး”

စာရေးသူ စကားဆုံးတော့ ဒေါက်တာတွမ်က မေးခွန်းထုတ်ပါတယ်။

“မှတ်ဥာဏ်မှတ်ပုံတင်ခြင်း”မရှိလို့ မှတ်ဥာဏ်ပျက်ပြားရောဂါရှိနိုင်သလား ဆရာ”
“ရှိနိုင်ပါတယ် တွမ်။ အဖြစ်အပျက်တစ်ခု ဖြစ်ပွားနေတဲ့အချိန်မှာ ဦးနှောက်လုပ်ငန်းချို့ယွင်းနေရင် အဲဒီအဖြစ်အပျက်ကို ဦးနှောက်ထဲမှာ မှတ်ဥာဏ်အဖြစ် မှတ်ပုံတင်မိမှာ မဟုတ်ဘူး။ ဒါကြောင့် လူနာမှာ အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး “မှတ်ဥာဏ် ပျက်ပြားရောဂါ” ရှိမယ်။ အဲဒီလို “မှတ်ဥာဏ်ပျက်ပြားရောဂါ”ကို “နောက်ဆုတ် မှတ်ဥာဏ်ပျက်ပြားရောဂါ” (Retrograde Amnesia) လို့ ခေါ်တယ်။ ခင်ဗျားရဲ့ လူနာပီတာမှာ မတော်တဆ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ပြန်လည်မမှတ်မိတဲ့ အချက်အလက်တွေရှိနိုင်တယ်။ ဘယ်လို မတော်တဆ ဖြစ်သွားတယ်။ အဲဒီလို မဖြစ်ပွားခင် ဘယ်သူနဲ့ ဘာတွေပြုလုပ်နေတယ်ဆိုတာကို ပြန်လည် စဉ်းစားလို့မရ ဖြစ်နေနိုင်ပါတယ်။ ဦးနှောက်ဒဏ်ရာရတာ ပြင်းထန်လေ၊ မမှတ်မိတဲ့ နောက်ကြောင်းကာလက ကြာရှည်လေဆိုတာ တွေ့ရှိရတယ်။ ပီတာကို စစ်ဆေးတဲ့အခါ သတိထားရမယ့် အချက်ဖြစ်ပါတယ်”

“မှတ်ဥာဏ်စွဲမြဲသိုလှောင်ခြင်း ပျက်စီးရင် ဘယ်လိုမှတ်ဥာဏ်ပျက်ပြားရောဂါလို့ ခေါ်သလဲဆရာ”လို့ ဒေါက်တာတွမ်က စာရေးသူကိုပညာစမ်းပါတယ်။ ဘွဲ့လွန်သင်တန်းသားဆရာဝန်တွေရဲ့ အကျင့်တစ်ခု ဖြစ်ပါတယ်။
စာရေးသူက အမှားမပါအောင် ရှင်းပြပါတယ်။
“မှတ်ဥာဏ်သိုလှောင်ခြင်းမှာ အရေးပါတဲ့ ဦးနှောက်ပိုင်းတွေ ရှိပါတယ်။ ဦးနှောက်အလယ်ပိုင်းမှာ ရှိတဲ့ “သားလမတ်စ်”(Thalamus)လို့ ခေါ်တဲ့ အပိုင်းနဲ့ နားထင်ဦးနှောက်ပိုင်းအတွင်းမှာ ရှိတဲ့ “ဟစ်ပိုကမ်းပက်စ်” (Hippocampus)ဆိုတဲ့ အပိုင်းတွေ ဖြစ်ပါတယ်။ အဲဒီဦးနှောက်ပိုင်းနဲ့ တခြားဦးနှောက်ပိုင်းတွေ ပျက်စီးချို့ယွင်းရင် မှတ်ဥာဏ်စွဲမြဲသိုလှောင်နိုင်တာ လျော့နည်းလာပါတယ်။ အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမယ်။ ရေယိုနေတဲ့ ရေအိုးထဲမှာ ရေကို ကြာရှည်စွာ သိုလှောင်မထားနိုင်သလိုပါပဲ။ ဦးနှောက်ထဲမှာ သိုလှောင်ထားပြီးသား မှတ်ဥာဏ်တွေ ယိုယွင်းပျက်စီးသွားပါတယ်။ ဒါက “နောက်ဆုတ်မှတ်ဥာဏ်ပျက်ပြားရောဂါ”ပါ။ အဲဒါအပြင် အသစ်ရရှိလာတဲ့ မှတ်ဥာဏ်ကိုလည်း ကြာကြာသို လှောင်မထားနိုင်တော့ဘူး။ ဦးနှောက်ရောဂါရရှိပြီး နောက်ပိုင်းမှာ ဖြစ်ပွားတဲ့ အတွေ့အကြုံအသစ်တွေ ကို မှတ်မိဖို့ ခဲယဉ်းလာတယ်။ အဲဒီလို မှတ်ဥာဏ်ပျက်ပြားခြင်းကို “ရှေ့ဖြစ် မှတ်ဥာဏ်ပျက်ပြားရောဂါ” (Anterograde Amnesia)လို့ ခေါ်ပါတယ်။
ဒါကြောင့် ခင်ဗျားရဲ့ လူနာပီတာမှာ “ရှေ့ဖြစ်မှတ်ဥာဏ်ပျက်ပြားရောဂါ”ရှိ၊ မရှိကိုလည်း စစ်ဆေးရမယ်”

ဒေါက်တာတွမ်က ဘောပင်ကို စာရွက်ပေါ်မှာ တဒေါက်ဒေါက်ခေါက်ပြီး မ၀ံ့မရဲဆင်ခြေတက်ပါတယ်။
“ရေအိုးနဲ့ရေကို တင်စားပြီး နမူနာပြောပြတာ ကျွန်တော်သဘောကျပါတယ်။ တစ်ခုကျန်နေသေးတယ်လို့တော့ ကျွန်တော် တွေးမိပါတယ်”
“ပြောပါ တွမ်”
“ရေအိုးထဲမှာ ရေအပြည့်လည်း ရှိတယ်။ ရေအိုးထဲက ရေကို ခပ်ယူသုံးစွဲနိုင်တဲ့ အာရုံစိုက်နိုင်မှုလည်း ရှိတယ်။ ဒါပေမဲ့ ရေအိုးထဲက ရေကို ခပ်မယူနိုင်အောင် ရေအိုးဖုံးကို ပိတ်ထားတဲ့ အခြေအနေ တစ်မျိုးလည်း ရှိသေးတယ် ဆရာ။ စိတ်စွမ်းအင်နဲ့ မှတ်ဥာဏ်ကို ဖုံးဖိထားလို့ ဖြစ်ပွားလာတဲ့ မှတ်ဥာဏ် ပျက်ပြားရောဂါကို ပြောတာပါ ဆရာ”
ဘွဲ့လွန်သင်တန်းသား ဆရာဝန်တွေက တစ်ခါတရံ “အဖေထက်သားတစ်လကြီး”နေတတ်ပါတယ်။
“တွမ်ပြောတာ မှန်ပါတယ်။ စိတ်ဖိစီးမှုဒဏ်ကို မခံနိုင်လို့ ဖြစ်ပေါ်လာတဲ့ မှတ်ဥာဏ်ပျက်ပြားခြင်း ကို “စိတ်ကြောင့် ဖြစ်ပွား မှတ်ဥာဏ်ပျက်ပြားရောဂါ”( Psychogenic Amnesia)လို့ ခေါ်ပါတယ်။ ဒီတော့ တွမ်ရဲ့ လူနာပီတာမှာ ဦးနှောက်ဒဏ်ရာရလို့ ဖြစ်ပေါ်လာတဲ့ “ရုပ်ကြောင့် ဖြစ်ပွားမှတ်ဥာဏ်ပျက်ပြားရောဂါ”( Organic Amnesia) လား၊ ဒါမှမဟုတ် “စိတ်ကြောင့်ဖြစ်ပွား မှတ်ဥာဏ်ပျက်ပြား ရောဂါရရှိသလား ဆိုတာကို ခွဲခြားလေ့လာဆွေးနွေးဖို့ လိုအပ်ပါတယ်။

See More

ရှင်းပြပါဆရာ . . .(၁)

ရှင်းပြပါဆရာ . . . (၂)

ရှင်းပြပါဆရာ . . . (၃) ‘မီးနေသည် စိတ်ကျရောဂါနှင့် မီးနေသည် စိတ္တဇရောဂါ’

ရှင်းပြပါဆရာ . . . (၄) “ဆေးရပ်ချင်ပြီ”

ရှင်းပြပါဆရာ . . . (၅) “ အိပ်ဆေးစွဲခြင်းအကြောင်း”

ရှင်းပြပါဆရာ . . . (၆) စိတ်ရောဂါက ကူးစက်တတ်သလား”

ရှင်းပြပါဆရာ . . . (၇) ဘေလုံးလား၊ စိတ်ကျရောဂါလား”

ရှင်းပြပါဆရာ . . . (၈) ဆိုးသွမ်းလူငယ် အပိုင်း(၁)”

ရှင်းပြပါဆရာ . . . (၈) ဆိုးသွမ်းလူငယ် အပိုင်း(၂)”

ရှင်းပြပါဆရာ . . . (၁၀) မှတ်ဥာဏ်ပျက်ပြားခြင်းအကြောင်း အပိုင်း(၂)”

ရှင်းပြပါဆရာ . . . (၁၁) မှတ်ဥာဏ်ပျက်ပြားခြင်းအကြောင်း (၃)”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top