Healthy Life Ad
Life Style

စပရိန်နဲ့ တူတဲ့ သွေးတိုးရောဂါ (၅)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

– ယခင်တစ်ပတ်မှအဆက်

တချို့သွေးကျဆေးတွေဟာ သွေးပေါင်ထိန်းဖို့ သက်သက်မဟုတ်ဘဲ တခြားကောင်းကျိုးတွေ ထပ်လောင်းရရှိနိုင်လို့ ပိုပြီး သုံးသင့်တာတွေ ရှိပါတယ်။ ဒီဆေးတွေကတော့ ACEI နဲ့ ARB ဆေးအုပ်စုတွေပါ။ သွေးကြောနံရံ (Endothelium)ရဲ့ လုပ်ငန်းဆောင်တာတွေ ပိုမိုကောင်းစေတာကြောင့် သွေးကြောပိတ်ခြင်းမှ ကာကွယ်နိုင်တယ်၊ သွေးပေါင်ထိန်းသိမ်းရာမှာ ပိုထိရောက်တယ်၊ သွေးကြောကျယ်အောင် လုပ်ပေးနိုင်တယ်၊ ဒါကြောင့် သွေးတိုးလည်းကျပြီး နှလုံးညှစ်အားကိုလည်း ပိုကောင်းစေပါတယ်။ ကျောက်ကပ်တွင်းရှိ သွေးကြောမျှင်လေးတွေမှာ သွေးလည်ပတ်မှု ပိုမိုကောင်းစေခြင်းအားဖြင့် ကျောက်ကပ်မကောင်းလို့ သွေးတိုးတဲ့သူတွေမှာ ပိုသုံးသင့်ပါတယ်။

ACEI ဆေးနာမည်တွေ ပြောရရင် အီနာလာပရီလ်း Enalapril, perindopril, ramipril စတဲ့ ပရီလ်း-pril၊ ကိုဗာဆေးလ် –coversyl၊ အီနမ် –Enam ဆိုတဲ့ စာနဲ့ အဆုံးသတ်လေ့ရှိတဲ့ ဆေးတွေ ဖြစ်ပါတယ်။

ARB ဆေးအုပ်စုကတော့ Losartan, Talmesartan, Candisartan, Irbesartanစတဲ့ ဆာတင်-sartanနဲ့ အဆုံးသတ်တဲ့ ဆေးတွေ ဖြစ်ကြပါတယ်။ ဒီဆေးအုပ်စုနှစ်ခုဟာ အခြေခံလုပ်ဆောင်မှု တူကြပေမယ့် အသေးစိတ်ကွာခြားမှုတွေ ရှိပါတယ်။

ဒီဆေးအုပ်စုနှစ်ခုဟာ အကောင်းဆုံး သွေးကျဆေးအုပ်စုတွေ ဖြစ်ပေမယ့် ဘေးထွက်ဆိုးကျိုးတချို့ ရှိပါတယ်။ ဥပမာ သွေးတွင်း ပိုတက်ဆီယမ်ဓာတ်တွေ အလွန်အမင်းတက်လာတတ်တာ၊ တချို့လူနာ တွေမှာ အထူးသဖြင့် အသက်ကြီးသူတွေ၊ ကျောက်ကပ်အားသိပ်နည်းသူတွေနဲ့ ကျောက်ကပ်သွေးကြော ကျဉ်းသူတွေမှာ Creatinine ခရီရယ်တနင်းလို့ခေါ်တဲ့ ဆီးဆိပ်တွေ မြင့်တက်လာတတ်လို့ ဓာတ်ခွဲခန်းမှာ ဆေးစသောက်ပြီး တစ်လအတွင်း သွေးပြန်စစ်ဖို့ အရေးကြီးပါတယ်။ ဒီနေရာမှာ နားရှုပ်မသွားအောင် ထပ်မံရှင်းပြလိုပါတယ်။ ဒီဆေးအုပ်စုက ကျောက်ကပ်ရောဂါအတွက် သင့်တော်ပေမယ့် တချို့လူတွေမှာ ကျောက်ကပ်အလုပ်မလုပ်တာကို ညွှန်ပြတဲ့ ခရီရယ်တနင်းဆီးဆိပ် ပိုတက်လာနိုင်ပါတယ်။ ဆေး သောက်ခါစမှာ မူလဆေးမသောက်ခင်ရှိတဲ့ ခရီရယ်တနင်း ဆီးဆိပ်ထွက်နှုန်းဟာ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိတက်တတ်ပါတယ်။ နောင်မှာ ပြန်ကျလာပါမယ်။ ဒါပေမဲ့ မူလထက် ၃၀ ရာခိုင်နှုန်း ကျော်တက်လာရင် ဆေးဆက်မသောက်ပါနဲ့။ ဒီဆိုးကျိုးတွေ ဖြစ်လာရင်တော့ ဆေးကိုဆက်မသောက်ဘဲ ရပ်ရပါမယ်။ ACIE အုပ်စုဆေးတွေ သောက်နေစဉ် တချို့သူတွေမှာ ချောင်းခြောက်ဆိုးတတ်ပါတယ်။ အန္တရာယ်မရှိပေမယ့်ညမှာ အိပ်ရေးပျက်တတ်လို့ အနှောင့်အယှက်ဖြစ်ပါတယ်။ ဒီလိုဖြစ်တတ်မှန်း ဆရာဝန်ကပြောပြမထားရင် စိတ်ပူပြီး အဆုတ်အတွက် ဆေးကုခြင်း၊ ဓာတ်မှန်ရိုက်ခြင်းတွေလုပ်ရင်း အလုပ် ရှုပ်ကုန်တတ်ကြပါတယ်။ တချို့လူနာတွေမှာချောင်းဆိုးတာမပျောက်နိုင်တဲ့အဆုံး တီဘီလားလို့ သံသယဖြစ်ပြီး ဆရာဝန်တွေက တီဘီဆေးစမ်းသောက်ကြည့် ခိုင်းတတ်ပါတယ်။ ဒါကြောင့် ချောင်းဆိုးမပျောက်ဘဲ ကြာနေသူတွေ့တိုင်း သွေးကျဆေး-pril စာသားပါတဲ့ ဆေးများသောက်နေသလားဆိုတာ မေးဖို့မမေ့ပါနဲ့။

သွေးတိုးတာက စပရိန်ထောင်တက်နေတာနဲ့တူပါတယ်။ လိုချင်သလောက် ပြားအောင်ဖိထားတဲ့ လက်ကို ဖယ်ရှားလိုက်တာနဲ့ ပြန်ထောင်တက်သွားမှာ ဖြစ်သလို သွေးတိုးကျဆေး ရုတ်တရက်ရပ်လိုက်ရင်လည်း သွေးတွေ ရုတ်တရက် ထိုးတက်ပြီး ဆိုးကျိုးတွေ ဥပမာ- ဦးနှောက်သွေးကြောပြတ်သွားတာမျိုး ဖြစ် တတ်ပါတယ် …

တခြားသွေးကျဆေးတွေကတော့ သိုင်ယာဇိုက် thiazide ဆီးဆေးအုပ်စုတွေပဲ ဖြစ်ပါတယ်။ တခြား သွေးကျဆေးတွေနဲ့တွဲသုံးလေ့ရှိပြီးအငန်စားသူတွေ၊ အပေါ်သွေးသက်သက်များတတ်တဲ့ အသက်ကြီးသူ တွေအတွက် ကောင်းပါတယ်။ အရင်ကလောက် အသုံးမများတော့တဲ့ သွေးကျဆေးတစ်ခုကတော့ ဘီ တာဘလော့ကာ (Beta blocker)တွေ ဥပမာ အတီနလော(Atenolol) ၊ ပရိုပရက်နိုလော (Propanolol) စတာတွေဖြစ်ပါတယ်။ ဆိုးကျိုးတချို့ရှိပေမယ့် စိတ်ချစွာသုံးနိုင်ပါတယ်။ ဒါပေမဲ့ ပန်းနာရင်ကျပ်ရှိရင် သတိထားရပါမယ်။ တချို့မတည့်ပါဘူး။ နှလုံးသွေးကြောပိတ် သွားသူတွေအတွက်တော့ မီတိုပရိုလော (Metoprolol)ဟာ သွေးလည်းကျ၊ နှလုံးလည်း ငြိမ်လို့ အထူးသင့်တော်ပါတယ်။

သွေးတိုးကြမ်းလို့ ဆေးတစ်မျိုးတည်းနဲ့ သွေးတိုးကို မထိန်းနိုင်ပါက သွေးကျဆေးနှစ်မျိုး၊ သုံးမျိုး ရောစပ်ပြီး သုံးရပါတယ်။

သွေးကျဆေး ဘယ်တော့ ရပ်ရမလဲ

သွေးတိုးတာက စပရိန်ထောင်တက်နေတာနဲ့ တူပါတယ်။ လိုချင်သလောက်ပြားအောင် ဖိထားတဲ့ လက်ကို ဖယ်ရှားလိုက်တာနဲ့ ပြန်ထောင်တက်သွားမှာ ဖြစ်သလို သွေးတိုးကျဆေး ရုတ်တရက် ရပ်လိုက်ရင်လည်း သွေးတွေရုတ်တရက်ထိုးတက်ပြီး ဆိုးကျိုးတွေ ဥပမာ- ဦးနှောက်သွေးကြောပြတ်သွားတာမျိုး ဖြစ်တတ်ပါတယ်။
သွေးကျဆေး သောက်နေစဉ် သွေးပေါင်တိုင်း ကြည့်နေတာက သွေးကျဆေး ထိရောက်မှု မရှိသေးရင် ဆေးထပ်တိုးဖို့ အဓိကရည်ရွယ်တာဖြစ်ပြီး ဆေးလျှော့ဖို့၊ ဆေးရပ်ဖို့ ရည်ရွယ်တာ မဟုတ်ကြပါဘူး။ နှစ်ကြိမ်ခန့်ပြန်တိုင်းကြည့်ပြီး သွေးပေါင်တကယ် ကျမှသာ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးလျှော့သင့်ပါတယ်။ သွေးကျလို့ ဆေးရပ်ကြည့်ရင်လည်းပြန်တိုင်း ကြည့်နေပါ။ သွေးတိုးရောဂါမှန်ရင်တော့ ဆေးဘယ် တော့မှမရပ်ပါနဲ့။ မိသားစု ဆရာဝန်(GP) တွေဘက်ကလည်း မိမိလူနာကို အမြဲတမ်းလူနာအဖြစ် တာဝန် ယူပေးစေလိုပါတယ်။ သွေးပေါင်အနည်းအများ အလိုက် သွေးကျဆေးလိုက်ညှိတဲ့ အလုပ်တစ်ခုတည်းသာမက ဒီဆောင်းပါးမှာပါတဲ့အတိုင်း မိမိလူနာကိုစစ်ဆေးပေးပါ။ သွေးတိုးကို အမြဲတမ်းထိန်း ထားပေးစေလိုပါတယ်။ သွေးတိုးလူနာအများစုဟာ GP တွေရဲ့ လက်ထဲမှာရှိလို့ GP တွေက သေချာစွာ ထိန်းပေးနိုင်ရင် အခုအသည်းအသန်လူနာခန်းက လူနာကိုးယောက်လို ဖြစ်မလာအောင် ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။

အနှစ်ချုပ်အနေနဲ့ ပြောရရင်-

(၁) သွေးတိုးရောဂါ တကယ်ဖြစ်နေပြီဆိုရင် ပြန်မပျောက်နိုင်တော့ပါ။

(၂) ပြုပြင်လို့ ကုသလို့ရတဲ့ တခြားအခြေခံ အကြောင်းတစ်ခုခုကြောင့် သွေးတိုးပါက ၄င်းအကြောင်းအရာကို ရှာဖွေကုသနိုင်ရင် သွေးတိုးအမြစ်ပြတ် ပျောက်ကင်းနိုင်ပါတယ်။ လူငယ်တွေမှာ အထူးသဖြင့် အခြေခံအကြောင်းရင်း ရှာရပါမယ်။

(၃) သွေးတိုးကြောင့် နှလုံး၊ ကျောက်ကပ်၊ ဦးနှောက်လေဖြတ်ဖို့ အလားအလာရှိနေပြီလားဆိုတာ သိအောင် စစ်ဆေးပါ။

(၄) သွေးကျဆေးကို လူနာတစ်ဦးချင်းစီရဲ့ လိုအပ်ချက်အလိုက် အသင့်တော်ဆုံး ရွေးချယ်ပါ။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း စောင့်ကြည့်ပါ။ သိအောင် လေ့လာထားပါ။

(၅) သွေးကျဆေးသောက်ရင် ပန်းတိုင်အထိ ရောက်အောင် ဆေးညှိရပါမယ်။

(၆) သွေးပေါင်ထိန်းထားပြီးပြီဆိုရင် ဆေးကို မရပ်ပစ်လိုက်ပါနဲ့၊ ပုံမှန်စွဲသောက်ပါ။ သွေးတိုးက စပရိန်နဲ့ တူတာ မမေ့ပါနဲ့။

See More

စပရိန်နဲ့ တူတဲ့ သွေးတိုးရောဂါ (၁)

စပရိန်နဲ့ တူတဲ့ သွေးတိုးရောဂါ (၂)

စပရိန်နဲ့ တူတဲ့ သွေးတိုးရောဂါ (၃)

စပရိန်နဲ့ တူတဲ့ သွေးတိုးရောဂါ (၄)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top