Healthy Life Ad
Q & A

ဆီးချိုသွေးချိုရောဂါရှိသူ သွေးပေါင်ကျခြင်း

——-၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊——–

Q. ဆီးချိုရောဂါရှိသူဟာ အကြောင်းအမျိုးမျိုးကြောင့် သွေးပေါင်ကျတဲ့အခါ ဘာလုပ်သင့်ပါသလဲ ဆရာ။

A. အပေါ်သွေးဖိအား ၉၀၊ အောက်သွေးဖိအား ၆၀ အောက်ကို သွေးပေါင်ကျတယ်လို့ ခေါ်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် သွေးပေါင်ကျသွားရင် ရှော့ခ် (Shock) ရတယ်လို့ ခေါ်ပါတယ်။ ရှော့ခ်ရတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ်။

(၁) သွေးထဲ Volume နည်းသွားရင် ရှော့ခ်ရတတ်ပါတယ်။ ဥပမာ ဆီးချိုသမား ၀မ်းပျက်ဝမ်းလျှောဖြစ်ရင် Volume နည်းသွားတတ်ပါတယ်။ ဆီးချိုသမားက အစာအိမ်သွေးကြောပေါက်တယ်၊ သွေးတွေအန်တယ်ဆိုရင်လည်း သွေးပေါင်ကျသွားပါတယ်။ ဒီလိုအခြေအနေဆိုရင် Volume ပြန်ဖြည့်တဲ့အနေနဲ့ ၀မ်းသွားရင် ဓာတ်ဆားရည်သောက်ပေးရတယ်။ Drip ပြန်ချိတ်ပေးရတယ်။ သွေးထွက်များရင် သွေးပြန်သွင်းပေးရတယ်။ အဲဒါကို Hypo-volumic Shock လို့ ခေါ်ပါတယ်။

(၂) ဆီးချိုသမား သွေးပေါင်ကျရင် ကြောက်ဖို့ကောင်းတဲ့အချက်က နှလုံးကြောင့်ဖြစ်တာပါ။ နှလုံးက ကောင်းကောင်းညှစ်ထုတ်နိုင်စွမ်းမရှိလို့ ဖြစ်ရတာပါ။ ဒါကို Cardiogenic Shock လို့ ခေါ်ပါတယ်။ များသောအားဖြင့် ဆီးချိုသမားတွေက နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်တတ်တယ်။ အဲဒီတော့ နှလုံးကထိတာများလို့ နှလုံးရဲ့ ညှစ်ထုတ်တဲ့ Pump Action က မကောင်းတော့ပါဘူး။ ဒီလိုလူမျိုးတွေ သွေးပေါင်ကျရင် ချက်ချင်း ECG ရိုက်ကြည့်သင့်ပါတယ်။ နှလုံးကြောင့် ဖြစ်မှန်းသေချာရင် သွေးပေါင်ပြန်တက်တဲ့ ဆေးတွေ(ဥပမာ-ဒိုပါမင်း)ကို ပေးရပါတယ်။ လက္ခဏာအနေနဲ့ လူနာက ရင်ဘတ်အောင့်တယ်၊ မောတယ်လို့ပြောပြီး သွေးပေါင်ထိုးကျသွားတတ်ပါတယ်။

နောက်တစ်မျိုးက Septicaemic Shock လို့ခေါ်ပါတယ်။ ဆီးချိုသမားတစ်ယောက် ဖျားလိုက်တယ်။ အဖျားကိုသေချာမကုရင် သွေးအဆိပ်တက်တဲ့ရောဂါ(Septicaemia) ဖြစ်တတ်ပါတယ်။ အဲဒီအခါ ရှော့ခ်ရသွားတတ်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေး ပေးရပါတယ်။ ပြီးတော့ ပိုးဝင်တဲ့နေရာကို ဖယ်ထုတ်ရပါတယ်။ ခြေထောက်မှာအနာရှိရင် အနာကို ခွဲထုတ်၊ ပြည်တွေထုတ် . . အဲဒီလို လုပ်ပေးရပါတယ်။

“တချို့သွေးပေါင်ချိန်က ၁၆၀-၁၀၀ ဖြစ်ပြီး သွေးတိုးနေတယ်။ သူ့မှာ သွေးအားနည်းရောဂါရပြီး သွေးအားကလည်း နည်းနေတယ်။ အဲဒီတော့ သွေးပေါင်တွေကောင်းပြီး ဘာလို့သွေးအားနည်းရောဂါ ရနေတာလဲဆိုပြီး မေးလာတော့ ရှင်းပြရခက်ပါတယ်။ ဒီနှစ်ခုကို ဆက်စပ်တယ်လို့ ထင်နေတာလည်း မဟုတ်ပါဘူး။ သွေးအားနည်းနေတာကိုတော့ အမဲသားလို အသားတွေစားရင် သွေးအားကောင်းလာနိုင်ပါတယ်” . . .

အထက်ကအချက်တွေက ဆီးချိုသမား သွေးပေါင်ကျရတဲ့ အပြင်းစားအချက်တွေပါ။ ဆီးချိုသမား သွေးပေါင်ကျတာချင်း တူပေမယ့် ကုသပုံက မတူပါဘူး။ ဆီးချိုသမား သွေးပေါင်ကျတဲ့အခါ ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ကုသမှုပေးရပါတယ်။ ဒီလိုအချက်တွေဖြစ်ရင် ဆေးရုံ/ဆေးခန်းကို သွားပြီး ကုသသင့်ပါတယ်။ တချို့ကျတော့ အဲဒီလိုမဟုတ်ဘူး။ အရင် ပုံမှန်သွေးပေါင်က ၁၂၀/၈၀ လောက်ရှိခဲ့ပေမယ့် အခု ၁၀၀/၆၀ လောက်ရှိသွားတယ်။ နေကအရမ်းပူလို့ ချွေးအထွက်များတယ်၊ အဲဒီအခါ ဓာတ်ဆားရည် သောက်လို့ရပါတယ်။ ဓာတ်ဆားရည်ထဲမှာ ဂလူးကို့စ်ပါပေမယ့် လောလောဆယ်မှာ ရေနဲ့ဓာတ်ဆားဆုံးရှုံးမှုကို ပြန်ဖြည့်တင်းနိုင်ဖို့က ပိုအရေးကြီးတာကြောင့် ဓာတ်ဆားရည်ကို သောက်ပေးသင့်တာ ဖြစ်ပါတယ်။ အထူးသဖြင့် ဆီးချိုထိန်းချုပ်မှု ကောင်းတဲ့သူတွေက ဓာတ်ဆားရည်ကို သောက်ပေးလို့ရပါတယ်။

Q. ဆီးချိုရောဂါရှိသူတွေက သွေးပေါင်ကို ပုံမှန်တိုင်းတာနေဖို့ လိုပါသလား ဆရာ။

A. လိုပါတယ်။ ဆီးချိုသမားတွေ သွေးပေါင်ကျတာ နှစ်နည်းရှိပါတယ်။ တစ်နည်းက Autonomic Nervo-us System (ကိုယ်တွင်းအင်္ဂါတွေကိုထိန်းတဲ့ နာ့ဗ်ကြော) ထိရင်၊ နှလုံးကိုသွားတဲ့ နာ့ဗ်ကြောတွေထိရင် နှလုံးက ပြဿနာဖြစ်တတ်တယ်။ ဒီလိုလူနာတွေမှာ ပက်လက်တိုင်းလို့ရတဲ့ သွေးပေါင်နဲ့ မတ်တပ်ရပ်တိုင်းလို့ရတဲ့ သွေးပေါင်မတူဘူး။ ပက်လက်တိုင်းရင် ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားမရှိတော့ ပုံမှန်သွေးပေါင် ရနိုင်ပါတယ်။ မတ်တပ်ရပ်ပြီးတိုင်းလိုက်ရင် ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကြောင့် သွေးပေါင်နည်းနည်း ကျသွားတတ်ပါတယ်။ ပုံမှန်လူတွေမှာ အပေါ်သွေးပေါင်ခြားနားချက်က ၁၀လောက် ဖြစ်တတ်ပါတယ်။ အများအားဖြင့် ၂၀ မကျော်ပါဘူး။ နှလုံးနဲ့ နှလုံးသွားတဲ့ နာဗ့်ကြောကို ထိလို့ရှိရင်တော့ ၃၀ ကျော်တယ်။ ၂၀ ကနေ ၃၀ ကျော်သွားရင် အနေအထားကိုလိုက်ပြီးဖြစ်တဲ့ သွေးပေါင်ကျခြင်း (Postural Hypoten-sion) လို့ ခေါ်ပါတယ်။ ဆိုပါတော့ အိပ်နေတဲ့အချိန်မှာ ၁၁၀/၇၀၊ ထလိုက်တာနဲ့ ၉၀/၆၀ ဖြစ်သွားတတ်တဲ့ သူတွေရှိပါတယ်။ အဲဒီလိုလူတွေက မိုက်ခနဲ မူးလဲတတ်ပါတယ်။ အဲဒီလို ဆီးချိုရောဂါသည်တွေကို အိပ်ရင်းနဲ့တစ်ခါတိုင်းပါတယ်။ ခုတင်ခြေရင်းမှာ တစ်မိနစ်လောက် မတ်တပ်ရပ်ပြီး တစ်ခါတိုင်းပါတယ်။ တိုင်းတဲ့အခါ အတိုင်းအတာနှစ်ခုရဲ့ ခြားနားချက်က အပေါ်သွေးဖိအားဟာ ၂၀ နဲ့ ၃၀ ကျော် မကွာရပါဘူး။ ၂၀ အောက်မှာပဲရှိနေမှ ပုံမှန်ပါ။ ၂၀ ကျော်- ၃၀ ကျော်တဲ့အထိ ကွာနေပြီဆိုရင် Postural Hypotension လို့ခေါ်ပါတယ်။ အဲဒီလိုလူမျိုးတွေက အထိုင်အထတွေမှာ မိုက်ခနဲ မူးလဲတတ်တဲ့အတွက် ရုတ်တရက် ချက်ချင်းထလိုက်တာမျိုး မလုပ်သင့်ပါဘူး။ ဖြည်းဖြည်းချင်း အချိန်ယူပြီးထပါ။ သိပ်ဆိုးလာရင်တော့ ဆေးတွေပေးရပါတယ်။

Q. ဆီးချိုရောဂါရှိသူ ချွေးထွက်များပြီး သွေးပေါင်ကျရင် သက်သာအောင် ဘာစားသောက်သင့်ပါသလဲ ဆရာ။

A. အစားအသောက်ကတော့ အများအားဖြင့် ဓာတ်ဆားရည်ပဲ ဖြစ်ပါတယ်။ တခြားသီးသန့် သွေးပေါင်တက်စေတဲ့ အစာလို့ရယ် မရှိပါဘူး။ တချို့က အမဲသားစားရင် သွေးတိုးတယ်လို့ ထင်နေကြပါတယ်။ အမဲသားစားရင် သွေးအားကောင်းတာပါ။ သွေးဖိအားကောင်းတာမဟုတ်ပါဘူး။ လူအတော်များများက သွေးအားနည်းတာနဲ့ သွေးပေါင်ကျတာကို မကွဲပါဘူး။ အတူတူလို့ ထင်နေတတ်ကြပါတယ်။ သွေးအားနည်းတာက သွေးထဲမှာ ဟေမိုဂလိုဘင်ဓာတ် နည်းနေတာပါ။ သွေးပေါင်ကျတယ်ဆိုတာက သွေးဖိအားနည်းနေတာကို ပြောတာပါ။

တချို့သွေးပေါင်ချိန်က ၁၆၀-၁၀၀ ဖြစ်ပြီး သွေးတိုးနေတယ်။ သူ့မှာ သွေးအားနည်းရောဂါရပြီး သွေးအားကလည်းနည်းနေတယ်။ အဲဒီတော့ သွေးပေါင်တွေကောင်းပြီး ဘာလို့သွေးအားနည်းရောဂါ ရနေတာလဲဆိုပြီး မေးလာတော့ ရှင်းပြရခက်ပါတယ်။ ဒီနှစ်ခုကိုဆက်စပ်တယ်လို့ ထင်နေတာလည်း မဟုတ်ပါဘူး။ သွေးအားနည်းနေတာကိုတော့ အမဲသားလို အသားတွေစားရင် သွေးအားကောင်းလာနိုင်ပါတယ်။ သွေးပေါင်ကျနေတာကိုတော့ တက်စေတဲ့အစားအသောက်ရယ်လို့ မရှိပါဘူး။ အဓိကကတော့ ဆားပါတာကို စားပေးရမှာပါပဲ။

Q. ဆီးချိုရောဂါရှိတဲ့သူ သွေးပေါင်ကျရင် ဘယ်လိုနေထိုင်သင့်ပါသလဲ ဆရာ။

A. သွေးပေါင်ကျနေတဲ့ လူတစ်ယောက်ဟာ လှုပ်လှုပ်ရှားရှား မနေသင့်ပါဘူး။ ဖြစ်နိုင်ရင် လှဲအိပ်နေပေးသင့်ပါတယ်။ မတ်တပ်ထရင် မိုက်ခနဲလဲတတ်တဲ့ အတွက်ကြောင့် သွေးပေါင်ကျနေတဲ့အချိန် လှုပ်ရှားနေရင် အဆင်မပြေပါဘူး။ ငြိမ်ငြိမ်လေးနေပြီး လှဲအိပ်နေသင့်ပါတယ်။

Q. ဆီးချိုရောဂါရှိသူက ချာလပတ်လည်တဲ့အထိမူးရင် ဘာကြောင့်ဖြစ်နိုင်ပါသလဲ ဆရာ။

A. အိမ်ကြီး ချာလပတ်လည်အောင် မူးတယ်ဆိုရင်တော့ များသောအားဖြင့် အရိုးကျီးပေါင်းတက်တာကြောင့် ဖြစ်တတ်ပါတယ်။ ဇက်ကြောတွေတက်၊ ခေါင်းတွေလည်းနောက်ပြီး မူးနေတယ်ဆိုရင် မျက်စိမှာ ဆလင်ဒါပါဝါရှိတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ နားထဲက လေထွက်ပြီး မူးတယ်ဆိုရင် နားရောဂါကြောင့်မူးတာ ဖြစ်နိုင်ပါတယ်။

Q. ဆီးချိုရောဂါရှိသူ သွေးပေါင်ကျတဲ့အခါ ဘယ်အခြေအနေမှာ ဆေးရုံ၊ ဆေးခန်းကို သွားပြသင့်ပါသလဲ ဆရာ။

A. သွေးပေါင်ကျလာပြီဆိုရင် ဘာကြောင့်ဖြစ်လဲဆိုတာကိုကြည့်ပြီး ဆေးရုံ သွားသင့်၊ မသွားသင့် စဉ်းစားပါတယ်။ ဥပမာ- ချွေးတွေအရမ်းထွက်လို့ သွေးပေါင်ကျတာဆိုရင် ဓာတ်ဆားရည်သောက်လိုက်တာနဲ့ ပြန်ကောင်းသွားနိုင်ပါတယ်။ ဖျားပြီးတော့ သွေးထဲမှာ အဆိပ်တက်တာလား၊ နှလုံးကြောင့်ဖြစ်တာလား မသိရတဲ့အတွက် ၉၀-၆၀ အောက်ရောက်သွားရင်တော့ ဆေးရုံ၊ ဆေးခန်းကို အမြန်သွားဖို့ လိုပါတယ်။

Q. ဆီးချိုရောဂါရှိသူ ဖျားတာကြောင့် သွေးပေါင်ကျနိုင်ပါသလား ဆရာ။

A. သွေးပေါင်ကျတတ်သူတစ်ယောက်ဖျားရင် ချွေးတွေအရမ်းပြန်ပြီး သွေးပေါင်ကျတတ်ပါတယ်။ အဲဒီလိုမျိုးဆိုရင် ရေသောက်ရမယ်၊ ဓာတ်ဆားရေသောက်ပေးလိုက်လို့ရပါတယ်။ ဓာတ်ဆားရေသောက်လို့မှ သွေးပေါင်ကျတုန်းဆိုရင် Drip ချိတ်ပေးရပါမယ်။ နောက်တစ်မျိုးကတော့ အဖျားတွေအရမ်းတက်ပြီး သွေးထဲကို အဆိပ်ဝင်သွားတာလည်း ဖြစ်တတ်ပါတယ်။ အဲဒါဆိုရင် Drip လည်း ထည့်ပေးရမယ်၊ နောက်ပြီး ပဋိဇီဝပိုးသတ်ဆေးတွေ ပေးရပါတယ်။ ဒါက ဆီးချိုရောဂါရှိတဲ့သူ သွေးပေါင်ကျတဲ့အတွက် ကုသတဲ့နည်းပါ။

ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါရှိသူတွေ မူးတာလည်းရှိပါသေးတယ်။ ဆီးချိုရောဂါလည်းရှိတယ်၊ သွေးတိုးရောဂါလည်းရှိတယ်၊ မူးလည်းမူးတယ်ဆိုရင် မူးမူးချင်းသွေးပေါင်တိုင်းပါတယ်။ သွေးပေါင်က ၁၄၀/၉၀ ဖြစ်နေရင် သွေးတိုးနေတာ ဖြစ်ပါတယ်။ အဲဒါဆိုရင် လက်ရှိသွေးပေါင်ကျဆေးတွေအပြင် ထပ်တိုးပေးရပါတယ်။ သွေးပေါင် ၉၀-၆၀ အောက်အထိ ကျသွားရင် လက်ရှိသောက်နေတဲ့ သွေးပေါင်ကျဆေးတွေကို ခဏရပ်လိုက်ပြီး ဓာတ်ဆားရေလိုမျိုး သောက်ပေးထားပါ။ ပြီးရင် ဆရာဝန်နဲ့ပြပါ။ သွေးပေါင်ကကျလည်း မူးနိုင်တယ်၊ သွေးတိုးလည်းမူးနိုင်ပါတယ်။ အဲဒီလို မူးနေတုန်းမှာ သွေးတွင်းသကြားဓာတ်ကိုလည်း တိုင်းကြပါတယ်။ ဆီးချိုကလည်းကျနေရင်၊ ရင်တွေတုန်လာရင် အချိုရည်ဖြစ်ဖြစ် သောက်ခိုင်းပါတယ်။ တကယ်လို့ ဆီးချိုတက်နေရင်တော့ အချိုတွေရှောင်မယ်၊ အစားအသောက်ကို သတိထားပြီး သောက်နေတဲ့ဆေးတွေကို လိုအပ်ရင်တိုးပြီး သောက်ရပါမယ်။

Most Popular

Healthy Life Ad
To Top