Healthy Life Ad
Life Style

ကျန်းမာသော ကိုယ်နေဟန်ရရှိစေမည့် လေ့ကျင့်ခန်းများ

၊ ကိုထက် ၊

ကျန်းမာတဲ့ ကိုယ်နေဟန်ရှိတဲ့ ခန္ဓာကိုယ်ဟာ ဆွဲဆောင်မှုရှိစေရုံသာမက လှုပ်ရှားသွားလာရာမှာလည်း ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ သွေးလည်ပတ်မှုတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပိုမိုကောင်း မွန်စေနိုင်သလို စိတ်ဖိစီးမှုကိုလည်း လျော့ကျစေနိုင်ပါတယ်။

အသက်ရှူလေ့ကျင့်ခန်း
အလင်းရောင်ကောင်းစွာရတဲ့ နေရာမှာ တင်ပလင်ခွေထိုင်နေရပါမယ်။ ခါးတွေကို ဖြောင့်နေ အောင်ထားထားရပါမယ်။ လက်မောင်းနှစ်ဖက်နဲ့ လက်နှစ်ဖက်ကိုဖြေလျှော့ထားပြီး တင်ပါးနဲ့ခါးတွေ ကိုတင်းထားရပါမယ်။ ၀မ်းဗိုက်ပိုင်းကိုလည်းအတွင်းသို့ အနည်းငယ်ရှပ်ထားပြီး ရင်ခေါင်းကိုတော့ အ သက်ရှူသွင်း၊ ရှူထုတ်ဖို့ အသင့်အနေအထားနဲ့ နေရပါမယ်။ အသက်ရှူသွင်းလိုက်တာနဲ့ ၀မ်းဗိုက်ကို ရှပ်လိုက်ပြီး နံရိုးတွေကို ဘေးကိုချဲ့လိုက်ရပါမယ်။ ပြီးနောက် အသက်ရှူထုတ်လိုက်ပြီး နံရိုးနဲ့ ၀မ်းဗိုက်ကို ပြန်လျှော့ပေးရပါမယ်။ ဖြည်းဖြည်းနဲ့ မှန်မှန် လေ့ကျင့်ပေးရပါမယ်။

လက်ထောက်လေ့ကျင့်ခန်း
ဦးစွာ ခြေနှစ်ဖက်ကို အနည်းငယ်ချဲပြီး ရပ်ပါ။ ပြီးနောက် ခါးကိုင်းပြီး လက်နှစ်ဖက်ကိုရှေ့သို့ထုတ်ကာ ကြမ်းပြင်ကိုထောက်လိုက်ပါ။ လက်နှစ်ဖက်ကို ဆန့်တန်းထားရပါမယ်။ ဦးခေါင်းကိုလည်း ခန္ဓာကိုယ်နဲ့ တစ်တန်းတည်းအနေအထားနဲ့အောက်သို့ ဆိုက်ထားရပါမယ်။ ခါးကိုဖြောင့်တန်းအောင် နေပေးရပါမယ်။ ခြေဖ၀ါးကို ကြမ်းပြင်နဲ့ကပ်ပြီး ဖနောင့်တွေကို ထိနေအောင်နေရပါမယ်။ ဒီလိုအနေအထားနဲ့ အသက်ရှူလေ့ကျင့်ခန်းကို ပြုလုပ်ပေးရပါမယ်။

လက်လွှဲလေ့ကျင့်ခန်း
ခြေနှစ်ဖက်ကိုစုပြီး မတ်မတ်ရပ်နေရပါမယ်။ ခန္ဓာကိုယ်အလေးချိန်ကို ခြေထောက်နှစ်ဖက်လုံးပေါ်ကို မျှတအောင်နေရပါမယ်။ တင်ပါးဆုံကြက်သားတွေကိုတင်းပါ။ ဒီအနေအထားအတိုင်း လက်နှစ်ဖက်ကို နောက်သို့လွှဲလိုက်ပြီး ရင်ဘတ်ကိုဖွင့်ကာ အသက်ရှူလိုက်ပါ။ ဒီလိုလုပ်ချိန်မှာ ခါးကိုင်းသွားတာမျိုးမဖြစ်အောင် ၀မ်းဗိုက်ကို အနည်းငယ် တောင့်ထားဖို့လိုပါတယ်။ အဲဒီနောက် နောက်မှ လက်တွေကို ရှေ့သို့ပြန်လွှဲပြီး လက်ဖ၀ါးနှစ်ဖက်ကို ကပ်လိုက်ပါ။ ပြီးရင် ရင်ဘတ်နားသို့ရောက်အောင်ကပ်ပြီး အသက်ရှူထုတ်ပေးပါ။

ထိုင်လျက်လေ့ကျင့်ခန်း
ကြမ်းပေါ်မှာ ခြေနှစ်ဖက်ကိုစုပြီး ရှေ့သို့တန်းကာ ထိုင်နေရပါမယ်။ ခါးနဲ့ ဦးခေါင်းကို ဖြောင့်တန်း နေရပါမယ်။ လက်နှစ်ဖက်ကို ဘေးတစ်ဖက်ဆီသို့ ထောက်ထားပါ။ ခြေထောက်နဲ့ ခန္ဓာကိုယ်ဟာ ၉၀ ဒီဂရီနီးပါးဖြစ်နေအောင် နေရပါမယ်။ ဒီအနေအထားအတိုင်း အသက်ရှူလေ့ကျင့်ခန်းကို ပြုလုပ်ပေးရပါမယ်။ ခါးတွေဖြောင့်နေအောင် လက်နှစ်ဖက်နဲ့ထောက်ပြီး အားပြုထားနိုင်ပါတယ်။ ခြေသလုံးကြောတွေ အရမ်းတင်းနေတယ်ဆိုရင်တော့ ကြမ်းပေါ်မှာအနည်းငယ်ထူတဲ့အခင်းကိုအသုံးပြုပြီး ထိုင်နိုင်ပါတယ်။

သတိထားထိုင်ရမည့်ပုံစံ
လုပ်ငန်းခွင်မှာဖြစ်ဖြစ် အိပ်မှာဖြစ်ဖြစ် ထိုင်တဲ့ပုံစံမှားယွင်းနေရင်လည်း ကိုယ်နေဟန် ပုံစံမကျ ဖြစ်တတ်ပါတယ်။ ထိုင်တဲ့အခါ ခါးကို မတ်မတ်နေရပါမယ်။ ဒူးနှစ်ဖက်ဟာလည်း ၉၀ ဒီဂရီခန့်ကွေးထားရပါမယ်။ ၀မ်းဗိုက်ကို ရှပ် ထားပြီး ရင်ဘတ်ကိုဖွင့်ကာနေရပါမယ်။ လက်မောင်းတွေကို ဖြေလျှော့ထားပြီး စာရေးတာ၊ ကွန်ပျူတာသုံးတာတွေ ပြုလုပ်ရပါမယ်။ ခါးကိုင်းပြီးထိုင်တာမျိုးကို ရှောင်ကြဉ်ရပါမယ်။ ထိုင်နေချိန်ကြာလာရင် ခဏမတ်တပ်ရပ်တာ၊ လမ်းလျှောက်တာတွေပြုလုပ်ပြီး ပုံစံမှန်မှန်ထိုင်ကာ အလုပ်လုပ်တာကြောင့် ခန္ဓာကိုယ် ညောင်းညာတာတွေ လျော့နည်းလာကာ ကြည့်ကောင်းတဲ့ ကိုယ်နေဟန်ကိုလည်းရရှိနိုင်မှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top