Healthy Life Ad
Health Tips

သဘာဝအလင်းရောင်၏ အနာကျက်စေသောအစွမ်း

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

နေ့လယ်စာစားဖို့ အပြင်ထွက်ပေးတာက သင့်ကျန်းမာရေးအတွက်ကောင်းပါတယ်။ သင့်အိမ်မှ ရုံးကို သွားချိန်မှာ ရရှိနိုင်တဲ့ သဘာဝအလင်းရောင်ကလည်း သင့်စိတ်ကိုလန်းဆန်းစေပါတယ်။

သဘာဝအလင်းရောင်က ဘာကြောင့်အရေးကြီးတာလဲ
ကျွန်မတို့ရဲ့ခန္ဓာကိုယ်ဟာ သဘာဝအလင်းရောင်ကို တစ်နေ့တာရဲ့ သင့်တော်တဲ့ အချိန်မှာမှန်ကန်တဲ့ ပြင်းအားနဲ့ လိုအပ်နေပါတယ်။ အကြောင်းကတော့ အလင်းစွမ်းအင်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝနရီကို ပြောင်းလဲပေးမှာ ဖြစ်လို့ပါပဲ။

နံနက်ခင်းအလင်းရောင်က ကျွန်မတို့ကို နိုးထလန်းဆန်းလာအောင် ကူညီပေးပြီး စိတ် တက်ကြွလန်းဆန်းစေပါတယ်။ မှိန်ဖျော့တဲ့ သဘာဝအလင်းရောင်ကတော့ အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေပြီး အိပ်မောကျစေပါတယ်။

“သဘာဝအလင်းရောင်က ကျန်းမာရေးနဲ့ စိတ်ရွှင်လန်းမှုအတွက် အရေးပါပါတယ်။ လုံလောက်တဲ့ အလင်းရောင်ကိုရရှိတာက စိတ်လန်းဆန်းမှု၊ စိတ်ခံစားမှု၊ အလုပ်လုပ်နိုင်စွမ်း စတာတွေအပေါ် သက်ရောက်မှုရှိစေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မအပေါ်များစွာ သက်ရောက်စေပါတယ်”လို့ ဆာရေးတက္ကသိုလ်မှ ဒေါက်တာ ဗစ်တိုးရီးယားက ဆိုပါတယ်။

သဘာဝအလင်းရောင် ဘယ်လောက်များများ လိုအပ်ပါသလဲ
နေ့ခင်းအချိန်မှာ ကျောင်းနဲ့ အလုပ်တွေမှာ တက်တက်ကြွကြွ လုပ်ဆောင်နိုင်ဖို့အတွက် သဘာဝအလင်းရောင်များများ လိုအပ်နေပါတယ်။ ညနေခင်းနဲ့ ညပိုင်းအချိန်တွေမှာတော့ အပန်းဖြေဖို့နဲ့ အိပ်ရာဝင်ဖို့လောက်ပဲ ရှိတော့တာကြောင့် အလင်းရောင်ကို သိပ်မလိုအပ်တော့ပါဘူး။

“နေ့ခင်းဘက်မှာ သင်က မလန်းဆန်းဘဲ နုံးနေရင်သဘာဝအလင်းရောင် အလုံအလောက် မရလို့ပါပဲ။ အပြင်ကို တစ်နာရီလောက် ထွက်ပြီး လမ်းလျှောက်သင့်ပါတယ်။ အကောင်းဆုံးက အပြင်ထွက်လမ်းလျှောက်ပြီး နေ့လယ်စာစားပေးတာက သင့်ကျန်းမာရေးအတွက် ကောင်းပါတယ်” လို့ အကြံပေးသူ စူးပါဗ်လိုဗစ်ခ်ျက ဆိုပါတယ်။

သဘာဝအလင်းရောင်က နေ့ဘက်မှာ လိုအပ်ပေမယ့် အိပ်ချိန်မှာ အလင်းရောင်ကို တတ်နိုင်သမျှ ခပ်မှိန်မှိန်ပဲ ထွန်းထားသင့်ပါတယ်။ အိပ်ရာမ၀င်ခင် တစ်နာရီအလိုမှာ တီဗီ ပိတ်ထားပါ။ မှောင်နေတဲ့အချိန်မှာ အိပ်စက် အနားယူတာက လင်းတဲ့အချိန်မှာ အိပ်စက်အနားယူတာထက် အိပ်စက်မှုအရည်အသွေးကို ပိုမိုကောင်းမွန်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top