Healthy Life Ad
Life Style

မကြာခဏ ဇက်ကြောနာပြီး လည်ပင်းတောင့်တင်းနေသလား

ပါမောက္ခဦးနေ၀င်း (အရိုးခွဲစိတ်အထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ လူတွေမှာ အဖြစ်များတဲ့ ဇက်နာတာနဲ့ လည်ပင်းတောင့်တင်းတဲ့ဝေဒနာအကြောင်း သိပါရစေဆရာ။
ဖြေ ။ အများအားဖြင့် လည်ပင်းတောင့်တင်းပြီး ဇက်နာရတဲ့အကြောင်းရင်းက အလုပ်အကိုင်နဲ့ အနေအ ထိုင်ပုံမမှန်တာကြောင့် ဖြစ်တာများပါတယ်။ ဥပမာ ဒီခေတ်ဆိုရင် ကွန်ပျူတာရှေ့မှာထိုင်ပြီး အကြာကြီး အလုပ်   လုပ်ရတာ၊ အကြာကြီး စာဖတ်ရတာ၊ အလုပ်အကိုင်အရ လည်ပင်းအနေအထား ပုံမမှန်တာ၊ လည်ပင်းလိမ်   ပြီး အလုပ်လုပ်ရတာ၊ လည်ပင်းစောင်းပြီး အလုပ်လုပ်ရတာ စတဲ့အချက်တွေက ဇက်ကြော နာတာနဲ့ လည်   ပင်းတောင့်တင်းတာကို ဖြစ်စေနိုင်ပါတယ်။ လည်ပင်းအနေအထားပုံမမှန်မှုကြောင့် ကြွက် သားတွေနဲ့အ     ရွတ်တွေ တောင့်တာတင်းတာ ဖြစ်တတ်ပါတယ်။

မေး ။ လည်ပင်းတောင့်တင်းတာနဲ့ ဇက်ကြောနာတာက ရောဂါတွေကြောင့်ရော ဖြစ်တတ်ပါသလားဆရာ။
ဖြေ ။ လည်ပင်းတောင့်တာ၊ တင်းတာ၊ ဇက်ကြောနာတာတွေက တခြားရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ လည်ပင်းအာရုံကြောညပ်တာ (Cer-vical Spondylosis)၊ လည်ပင်းမှာ ပိုးဝင်တာ၊ လည်ပင်းအရိုးတီဘီဖြစ်တာစတဲ့ ရောဂါတွေကြောင့်လည်း လက္ခဏာတစ်ရပ်အနေနဲ့ လည်ပင်းတောင့် တင်းတာဖြစ်တတ်ပါ   တယ်။ လည်ပင်းတောင့်တင်းတာ သက်သက်ပဲခံစားနေရတယ်၊ ဖြစ်တာလည်းကြာနေပြီ၊ တခြားလက္ခဏာ ခံစားရတာတွေလည်း မရှိဘူးဆိုရင်တော့ ဆိုးဆိုးရွားရွား ခံစားရတာမဟုတ်ရင် ကိုယ်ရဲ့နေထိုင်တဲ့ပုံစံကို ပြန်   ပြီးစဉ်းစားဖို့လိုပါတယ်။

မေး ။ တချို့လူတွေက နံနက် အိပ်ရာထချိန်မှာ လည်ပင်းကြီး တောင့်တင်းနေတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒါ ဘာကြောင့်ပါလဲဆရာ။
ဖြေ ။ နံနက်အိပ်ရာထချိန် လည်ပင်းတောင့်တင်းနေတယ်၊ ဇက်နာနေတယ်ဆိုရင် ဒါက အိပ်တဲ့ အနေအ ထားပုံမမှန်တာကြောင့် ဖြစ်နိုင်သလို ခေါင်းအုံးကြီးကို နှစ်လုံးဆင့်အိပ်တာကြောင့် ဖြစ်နိုင်ပါတယ်။ ခေါင်းအုံးသေးသေးပါးပါးလေးတွေနဲ့ အိပ်တာကလည်း သင့်တော်မှုမရှိပါဘူး။ ဆရာတို့အနေနဲ့ကတော့ ပုံမှန်အနေအထား ခေါင်းအုံးတစ်လုံးနဲ့ပဲ အိပ်စေချင်ပါတယ်။ ခေါင်းအုံးတစ်လုံးတည်းသုံးပြီး အိပ်ရင် လည်ပင်းက မော့နေတဲ့ ပုံစံလည်း မဟုတ်ဘူး၊ ငုံ့နေတဲ့ ပုံစံလည်း မကျဘူး၊ လိမ်နေတဲ့ အနေအထားလည်း မကျဘူး၊ လည်ပင်းကို အနေအထားမှန်အောင် ထိန်းထားပေးပါတယ်။ ခေါင်းအုံး နှစ်လုံးဆင့်ပြီးအိပ်ရင် ခေါင်းက ရှေ့ကို ငိုက်ကျသွားပါတယ်။ သိပ်ပါးလွန်းတဲ့ ခေါင်းအုံးဆိုရင်လည်း ခေါင်းက မော့နေတတ်ပါတယ်။

မေး ။ လည်ပင်းတောင့်တင်းတာနဲ့ ဇက်ကြောနာတာ မဖြစ်အောင် ဘယ်လိုကာကွယ်လို့ ရပါသလဲ ဆရာ။
ဖြေ ။ လည်ပင်းတောင့်တင်းတာ၊ ဇက်ကြောနာတာ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ မှန်ထဲမှာကြည့်ပြီး လည်ပင်းအနေအထားမှန်မှန် တည့်တည့်လေးဖြစ်နေအောင် လေ့ကျင့်ခန်းလုပ်ပေးနိုင်ပါတယ်။

မေး ။ လည်ပင်းတောင့်တင်းတာ၊ ဇက်ကြော နာတာက ပိုဆိုးလာရင် ဘယ်လို လုပ်သင့်ပါသလဲ ဆရာ။
ဖြေ ။ လည်ပင်းတောင့်တင်းတာ၊ ဇက်နာတာက ပိုဆိုးလာပြီး အလုပ်အကိုင်ကို အနှောင့်အယှက်ဖြစ်စေ တယ်ဆိုရင်၊ ညအိပ်ရတာ အနှောင့်အယှက် ဖြစ်လာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း X-ray ဓာတ်မှန်ရိုက်ရပါမယ်။ ဒီလိုစစ်ဆေးလိုက်ရင် စိတ်ချရတဲ့ သဘောမျိုးဖြစ်သွားပါတယ်။ လည်ပင်းတင်းတောင့်တာ၊ ဇက်ကြောနာတာက တစ်ခါတလေကျရင် ရော ဂါရှိနေတာမျိုးလည်းဖြစ်တတ်ပါတယ်။ ဝေဒနာမဆိုးတဲ့သူတွေကျတော့ ဒီလိုပဲ ပျောက်သွားတတ်ပေမယ့် တစ်ခါတလေရောဂါရှိနေတဲ့အခါ လွတ်မသွားအောင် စစ်ဆေးလိုက်တာ ကောင်းပါတယ်။

အထူးသဖြင့် လက်တွေ ထိုးကိုက်တာ၊ လက်မောင်းနဲ့ ပခုံးတွေထိုးကိုက်တာ၊ နာတာ၊ ကျင်တာ အစရှိတဲ့     လက္ခဏာတွေနဲ့ အာရုံကြောထိတဲ့ လက္ခဏာတွေရှိရင် ပိုပြီး ဂရုစိုက်ရပါမယ်။ တကယ်လို့ ရောဂါအကြီးအကျယ် ဘာမှမရှိဘူးဆိုရင် ကိုယ်ရဲ့ အနေအထိုင်နဲ့ အလုပ်အကိုင်ကိုပြန်ကြည့်ရပါမယ်။ တချို့အလုပ်တွေက အလုပ်ပေါ်မူတည်ပြီး ခေါင်းကစောင်းနေတယ်၊ လည်ပင်းက လိမ်နေတယ် စသဖြင့်ဖြစ်တတ်ပါတယ်။ တစ်ခါတလေ ကွန်ပျူတာ အကြာကြီးကြည့်နေရတယ်၊ စာကို အကြာကြီးဖတ် နေရတယ်ဆိုရင် ဆရာတို့က ဘယ်လိုအကြံပေးသလဲဆိုတော့ အလုပ်ကိုဆက်တိုက်ကြီး မလုပ်ပါနဲ့။ ကြားထဲမှာအနားပေးပြီး အလုပ်ကို လုပ်ပါလို့ ပြောရပါတယ်။ နောက်ပြီးတော့ လည်ပင်းက တောင့်တင်းနေရင် လည်ပင်းလေ့ကျင့်ခန်းလုပ်ပေးဖို့ အကြံ    ပြုရပါတယ်။

မေး ။ လည်ပင်းလေ့ကျင့်ခန်းက ဘယ်လိုလုပ်ရတာ ပါလဲ ဆရာ။
ဖြေ ။ လည်ပင်း ကြွက်သားလေ့ကျင့်ခန်းနှစ်မျိုးရှိပါတယ်။

(၁) Dynamic Exercise -လည်ပင်းကို လှုပ်ရှားပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းနဲ့ (၂) Static Knight Exercise- လည်ပင်းကို မလှုပ်ရှားဘဲ လုပ်ရတဲ့ လေ့ကျင့်ခန်းဆိုပြီးနှစ်မျိုးရှိပါတယ်။ လည် ပင်းကိုငြိမ်ပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းက ပိုပြီးစိတ်ချရပါတယ်။လည်ပင်းကို တည့်တည့်ထားပြီး လက်နှစ်ဖက်နောက်ပစ်ပြီး လည်ပင်းကို ဆုပ်ဆွဲခိုင်းပါတယ်။ တင်းလာပြီး ပူခနဲဆင်းသွားပြီဆိုရင် ဒါအညောင်းပြေသွားပါတယ်။ ဒါကို ရှေ့၊ နောက်၊ ၀ဲ၊ ယာ အနေအထားလေးမျိုးနဲ့ လုပ်ခိုင်းပါတယ်။ တစ်ခါလုပ်ရင်  ၁-၂-၃-၄ဆိုပြီး ၁၀လောက်အထိ ရေခိုင်းလိုက်တယ်။ ဒါဆိုရင် နှစ်စက္ကန့်-သုံးစက္ကန့် လောက်အထိ ကြွက်သားတွေကို ပြေလျော့သွားစေတယ်။ တော်ရုံတန်ရုံ  ကြွက်သားတောင့်တင်းတာ လောက်တော့ ဒီလေ့ကျင့်ခန်းတွေက သက်သာစေပါတယ်။

မေး ။  လည်ပင်းတောင့်တင်းတာ၊ ဇက်ကြောနာတာ မဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။
ဖြေ ။ အကြမ်းအားဖြင့် လည်ပင်းမှာဖြစ်ပေါ်နေတဲ့ တောင့်တာ၊ တင်းတာ၊ နာတာ၊ အာရုံကြောညပ်တာ တွေသက်သာဖို့ရာအတွက် လိုက်နာရမယ့် နည်းတွေ ရှိပါတယ်။

– ဘာပဲလုပ်လုပ်ကြားမှာ ဖြတ်ဖြတ်ပြီး နားပေးရပါမယ်။ ကားမောင်းရာမှာပဲ ဖြစ်ဖြစ်၊ တီဗီကြည့်ရာမှာပဲဖြစ်ဖြစ်၊ ကွန်ပျူတာသုံးရာမှာပဲ ဖြစ်ဖြစ်ကြားမှာ နားချိန်ပေးရပါမယ်။

– လည်ပင်းကို ထိမိ၊ ခိုက်မိရင် ဒဏ်ဖြစ်ပြီးနောက် ဆက်တွဲရောဂါတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် လည်ပင်းထိခိုက်မှု မဖြစ်အောင် ကားမောင်းရင် ခါးပတ် (Seat Belt) တပ်ပေးရပါမယ်။

– ခေါင်းနဲ့ လည်ပင်းကို ကာကွယ်ရပါမယ်။

– သိပ်ပြင်းပြင်းထန်ထန်လုပ်ရတဲ့ အလုပ်တွေ၊ အားကစားတွေ (High Impact Activities)ကိုရှောင်ရပါမယ်။

– စောစောကပြောတဲ့ လည်ပင်းလေ့ကျင့်ခန်းလုပ် ပေးရပါမယ်။ လည်ပင်းကြွက်သားတွေ အားရှိနေရင် လည်ပင်းမှာ ရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

– လည်ပင်းကို ဖြစ်နိုင်ရင်အကြာကြီး မမော့ပါနဲ့။ တိုက်အမြင့်ကြီးတွေကို မော့ကြည့်တာမျိုး မလုပ်ပါနဲ့။

– လေ့ကျင့်ခန်းလုပ်ရင် ကိုယ်နဲ့အဆင်မပြေတာကို မလုပ်ပါနဲ့။ တစ်ခါမှ မလုပ်ဖူးတဲ့ လေ့ကျင့်ခန်းတွေကို ခပ်ကြမ်းကြမ်းသွားလုပ်တာမျိုး ရှောင်ရပါမယ်။

– ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်က ရောဂါ အများစုနဲ့ဆိုင်နေပါတယ်။

မေး ။ တချို့က လည်ပင်းတောင့်တင်းတာ၊  ဇက်ကြောနာတာမဖြစ်အောင် လည်ပင်းကော်လာတပ်ကြပါတယ်။ အဲဒါကရော သက်သာပါသလားဆရာ။
ဖြေ ။ လည်ပင်းကော်လာက လည်ပင်းအာရုံကြောညပ်တဲ့ Cervical Spondylosis မှာတပ်ရပါတယ်။ သောက်ဆေးနဲ့မသက်သာရင် အထောက်အကူဖြစ် အောင် လည်ပင်းကော်လာကို ပေးပါတယ်။

ဇက်တင်းတာတောင့်တာက သာမန်ထက်ပိုဆိုးလာရင်၊ အိပ်တဲ့အခါ အနှောင့်အယှက်ဖြစ်နေရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top