Healthy Life Ad
Health Tips

အနာရောဂါကင်းဝေးပြီး သွားလာလှုပ်ရှားနိုင်ဆဲ ၉၂ အရွယ် အဘွားဒေါ်သောင်း၏ ကျန်းမာသက်ရှည်ခြင်း လျှို့ဝှက်ချက်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အဘွားဒေါ်သောင်းကို မြန်မာသက္ကရာဇ် ၁၂၉၀၊ ၀ါဆိုလဆန်း ၃ ရက်နေ့၌ ရန်ကုန်၊ စမ်းချောင်းမြို့တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၁၂ ယောက်အနက် အငယ်ဆုံးသမီးဖြစ်ကြောင်း သိရသည်။

“ အဘွားရဲ့ တခြားမောင်နှမတွေကတော့ ဆုံးသွားပါပြီ၊ အဘွားတစ်ယောက်ပဲ ကျန်ပါတော့တယ်။ မောင်နှမတွေကလည်း အသက် ၇၀၊ ၈၀၊ ၉၀ အရွယ်တွေကျမှ ကွယ်လွန်တာပါ။ မောင်နှမတွေထဲမှာ အစ်ကိုတွေက အရင်ဆုံးပါးပြီး အစ်မတွေက အသက်ပိုရှည်တယ်။ အဘွားအမေကတော့ အသက် ၉၀ နားနီးမှ ဆုံးသွားတာလေ” ဟု အဘွားဒေါ်သောင်းက သွက်လက်စွာ ပြောပြခဲ့သည်။

အဘွားဒေါ်သောင်းသည် အသက် ၂၅ နှစ်အရွယ်တွင် ခင်ပွန်းဖြစ်သူ ဦးအုန်းရွှေနှင့် အိမ်ထောင်ကျကာ သားသမီး ၅ ယောက် ထွန်းကားခဲ့ကြောင်း သိရသည်။

“ အဘွားခင်ပွန်းကတော့ ၁၉၉၀ ပြည့်နှစ်မှာ ဆုံးပါးသွားတာပါ။ အခုဆိုရင် အဘွားရဲ့ အကြီးဆုံးသမီးက အသက် ၆၇ နှစ်ရှိပါပြီ။ မြေး ၉ ယောက်၊ မြစ် ၁၁ ယောက်ရှိပါတယ်။ ငယ်ငယ်က စီးပွားရေးလုပ်ငန်းအနေနဲ့ အိမ်မှာ အိမ်ဆိုင်ဖွင့်ပါတယ်။ အမျိုးသားက ကားလုပ်ငန်းလုပ်တာလေ။ အဲဒီတုန်းက ဘတ်စ်ကားခေတ်ဆိုတော့ ကားထောင်ပြီး လိုင်းဆွဲတာပေါ့။ ကားတွေဆို တစ်လတစ်ကြိမ် တစ်စီးလုံးစစ်ခဲ့တာ၊ မထသကပေးတဲ့ ဆုတွေလည်း ရခဲ့တယ်။ ခင်ပွန်းဆုံးသွားတော့ သားတွေနဲ့အတူ အဘွားပဲ ဦးစီးပြီးလုပ်ခဲ့တယ်” ဟု အဘွားဒေါ်သောင်းက မိသားစုအခြေအနေနှင့် စီးပွားရေးလုပ်ငန်းအကြောင်းကို ပြောပြခဲ့သည်။

အသက်ရှည် ကျန်းမာရခြင်း အကြောင်းတရားထဲတွင် နေ့စဉ် စားသောက်နေသည့် အစားအသောက်များကလည်း အရေးပါလျက်ရှိရာ ၉၂ နှစ်အထိ ကျန်းမာနေသူ အဘွားဒေါ်သောင်းက သူ၏ နေ့စဉ် စားသောက်မှုပုံစံကို ယခုလို ပြောပြခဲ့သည်။

“ အဘွားက ငယ်ငယ်ကနေ ဒီအသက်အရွယ်အထိ မနက်စာ ကောင်းကောင်းစားတယ်။ မုန့်ဟင်းခါး၊ အသုပ်၊ အုန်းနို့ခေါက်ဆွဲ အကုန်စားတယ်။ ဘာပဲစားစား ထမင်းလေးနဲ့ တွဲစားတယ်။ ပြီးရင် အိုဗာတင်းသောက်တယ်။ တစ်ခါတလေ လက်ဖက်ရည်သောက်တယ်။ မနက်မိုးလင်း အိပ်ရာနိုးတာနဲ့ မျက်နှာသစ်ပြီး ခြေဆုံးခေါင်းဆုံး သနပ်ခါးလိမ်းတယ်။ ဘုရားသောက်တော်ရေလဲ၊ ဘုရားရှိခိုးပြီးတာနဲ့ ဈေးသွားတယ်။ အခုတော့ သမီးငယ်ဈေးသွားတယ်။ သူပြန်လာရင် ထမင်းတစ်လုံး ကျက်ပြီးသားပဲ။ အဘွားက ကိုယ်တိုင်ချက်ရမှ စိတ်တိုင်းကျတာ။ သား၊ သမီးတွေ အိမ်လာလည်ရင် သူတို့ကြိုက်တာလေးတွေ အဘွားက ကိုယ်တိုင်ချက်ကျွေးချင်တာ။ မြေးတွေ၊ မြစ်တွေကအစ သူတို့ဘာကြိုက်တတ်လဲ မှတ်ထားပြီး အကုန်လုပ်ကျွေးတာ။ မနက် ၁၁ နာရီဆို အဘွားရေချိုးပြီ။ ဆောင်းတွင်းဆိုရင် ရေနွေးလေးနဲ့ စပ်ချိုးတယ်။ နေ့လယ် ၁၂ နာရီဆို နေ့လယ်စာထမင်းစားတယ်။

“ အဘွားခင်ပွန်းက မြိတ်သားဆိုတော့ အရင်က မြိတ်ကနေ ရန်ကုန်ကို ဆေးလာကုတဲ့ လူနာမိသားစုတွေ အကုန်လုံး အဘွားအိမ်မှာတည်းကြတယ်၊ အဘွားက တည်းသမျှ ဒိုင်ခံချက်ပြုတ်ကျွေးတာပဲ။ ဘယ်ဆရာဝန်နဲ့ကုရင် သင့်တော်လဲ စုံစမ်းပြီး အဘွားကိုယ်တိုင် လိုက်ပြပေးတယ်။ တစ်ခါတလေ ဆေးကုရင်း ပိုက်ဆံမလောက်ရင် အဘွားကချေးပေးလိုက်သေးတယ်” . . .

ညနေစာကိုတော့ ၆ နာရီခွဲလောက် ပုံမှန်စားပါတယ်။ အဘွားက အပြင်စာမစားဖြစ်တာ များတယ်။ အပြင်ထွက်ရင် အိမ်ကနေ ရေဘူး၊ မုန့်၊ ငှက်ပျောသီး ထည့်ပြီးယူသွားတာ။ ခရီးသွားရင်လည်း တခြားဟင်းတွေ မစားဘဲ ထမင်းနဲ့ ကြက်ဥကြော်လိုမျိုးပဲ မှာစားတတ်တယ်။ အဘွားက အဆီအများကြီး မစားဘူး။ အရင်ကတော့ ချဉ်၊ ငံ၊ စပ်ကြိုက်ပြီး စားဖြစ်တယ်။ အခုတော့ အသက်ကြီးလာလို့ အဲဒီလို သိပ်မစားဖြစ်တော့ဘူး။ အဘွားက အချိုတော့ကြိုက်တယ်။ ထမင်းစားပြီး ထန်းလျက်ထောင်းထားတာလေး စားတယ်။ သွားမရှိတော့ မ၀ါးနိုင်တာနဲ့ သမီးက ထန်းလျက်ထောင်းထားပေးတယ်။ ခရီးသွားရင်တောင် ထန်းလျက်ထောင်းထားတဲ့ဘူးလေး ဆောင်သွားတာ။ အဘွားက အသီးအနှံအကုန်ကြိုက်တယ်။ သရက်သီးပေါ်ချိန်ဆိုရင် ထမင်းစားပြီး နေ့တိုင်း သရက်သီးစားတယ်။ ဒူးရင်းသီး၊ ငှက်ပျောသီးကြိုက်တယ်”

alignnone size-medium wp-image-56984

ယနေ့ခေတ်တွင် လူအများစု ကျန်းမာရေးဝေဒနာများ ခံစားရခြင်း၏ အဓိကအကြောင်းရင်းထဲ၌ စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်းတို့သည်လည်း တစ်စိတ်တစ်ပိုင်းပါဝင်လျက်ရှိရာ အဘွားဒေါ်သောင်း၏ ဘ၀တလျှောက် ကြုံတွေ့ခဲ့ရသော လောကဓံအလှည့်အပြောင်းကို မည်သို့မည်ပုံ စိတ်အင်အားဖြင့် ကျော်လွှားနိုင်ခဲ့သည်ကို စပ်စုကြည့်ခဲ့မိပါသည်။

“ အဘွားမှာလည်း စိတ်ဖိစီးမှု ရှိခဲ့တာပေါ့။ ခင်ပွန်းဆုံးပြီး သားသမီး ၅ ယောက်နဲ့ ရုန်းကန်ခဲ့ရတာလေ။ ဒါပေမဲ့ အဘွားက စိတ်ဓာတ်မာတယ်၊ စိတ်မြန်တယ်၊ ခေါင်းမာတယ်ပြောရမှာပေါ့။ စိတ်ညစ်စရာဆို သိပ်မတွေးဘူး၊ ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတာ တစ်ခုချင်းစီ တွေးတယ်။ အဲဒီတွေးတဲ့အတိုင်း တစ်ခုချင်းစီ လိုက်လုပ်တယ်။ ဘာသာရေးအနေနဲ့ အတန်းပညာ နှစ်တန်းအထိပဲ သင်ခဲ့ရတာဆိုတော့ စာသိပ်မဖတ်နိုင်ဘူး။ ဘုရားစာ သိပ်မဖတ်တတ်ဘူး။ အဲဒီတော့ ဘုရားဝေယျာဝစ္စလုပ်တယ်။ တတ်သလောက် မှတ်သလောက် ဘုရားရှိခိုးတယ်။ မေတ္တာပို့တယ်။ သားသမီးတစ်ယောက်ချင်းစီကို နာမည်ခေါ်ပြီး မေတ္တာပို့၊ အမျှဝေတယ်။ အားတဲ့အချိန်ဆို အိမ်မှာ တရားမှတ်နေတယ်။

တီဗီကတော့ မကြိုက်လို့ မကြည့်ဖြစ်ဘူး။ အဘွားတို့အရွယ်က သေရမယ့်ရက် နီးလာပြီလေ။ အ ဆင်သင့်ဖြစ်အောင် စိတ်ကို အားလုံးပြင်ဆင်ထားတယ်။ ဘ၀က အိုမယ် . . နာမယ် . . သေမယ် . . ဒါပဲလေ။ အခုထိတော့ ဘာရောဂါမှ မရှိသေးပါဘူး။ ဆီးချို၊ သွေးတိုး၊ နှလုံး ဘာမှမရှိပါဘူး။ ထန်းလျက်စားတာများလို့ ချောင်းဆိုးတာလောက်ပဲ ရှိတယ်။ သမီးငယ်က အဘွားချောင်းဆိုးသံကြားတာနဲ့ ဆေးခန်းခေါ်တာပဲ။ အဘွားကလည်း ဆေးရုံ၊ ဆေးခန်းဆို သူများနေမကောင်းရင်သာ လိုက်ပြုစုပေးချင်တာ၊ ကိုယ်တိုင်ကျသွားမပြချင်ဘူး” ဟု ကျန်းမာရေးကောင်းမွန်သော အဘွားဒေါ်သောင်းက သူ့အကြောင်းကို ပြောပြခဲ့သည်။

“ အဘွားမှာလည်း စိတ်ဖိစီးမှုရှိခဲ့တာပေါ့။ ခင်ပွန်းဆုံးပြီး သားသမီး ၅ ယောက်နဲ့ ရုန်းကန်ခဲ့ရတာလေ။ ဒါပေမဲ့ အဘွားက စိတ်ဓာတ်မာတယ်၊ စိတ်မြန်တယ်၊ ခေါင်းမာတယ်ပြောရမှာပေါ့။ စိတ်ညစ်စရာဆို သိပ်မတွေးဘူး၊ ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတာ တစ်ခုချင်းစီတွေးတယ်။ အဲဒီတွေးတဲ့အတိုင်း” . . .

လက်ရှိအချိန်တွင် အဘွားဒေါ်သောင်းသည် အငယ်ဆုံးသမီး မိသားစုနှင့်အတူ နေထိုင်လျက်ရှိကြောင်း သိရသည်။

“ အဘွားက သမီးငယ်ရယ်၊ သမက်ရယ်၊ မြေးမလေးရယ်နဲ့ အတူနေတယ်။ ကျန်တဲ့သားသမီးတွေက အဘွားဆီလာလည်ကြတာပေါ့။ ခင်ပွန်းနှစ်ပတ်လည်နေ့တို့၊ အလှူလုပ်တာတို့ဆို အဘွားကိုယ်တိုင် ချက်ရမှ၊ အခုအသက်ကြီးပြီဆိုတော့ ကိုယ်က ပါးစပ်နဲ့ပဲ ပြောတော့တယ်၊ သားသမီးတွေပဲ ပြင်ဆင်ချက်ပြုတ်ကြတာပေါ့။ အဘွားကတော့လေ အခုထိ ထမင်းဟင်းချက်ပြီး သားသမီးတွေကို ကိုယ်တိုင်ကျွေးချင်တုန်းပါပဲ” ဟု အဘွားဒေါ်သောင်းက စိတ်အားတက်ကြွစွာ ပြောပြခဲ့သည်။

ငယ်ရွယ်ချိန်မှာပင် ကူးစက်ရောဂါများ၊ မကူးစက်နိုင်သော နာတာရှည်ရောဂါများ အဖြစ်များနေသည့် ယနေ့ခေတ်တွင် အနာရောဂါ ကင်းရှင်းစွာဖြင့် အသက်ရှည်နေရခြင်း အကြောင်းကို အဘွားဒေါ်သောင်းက-

“ အဘွားဘာလို့ အသက်ရှည်သလဲဆိုတော့ ကုသိုလ်ကြောင့်လို့ ပြောရမယ်။ အဘွားခင်ပွန်းက မြိတ်သားဆိုတော့ အရင်က မြိတ်ကနေ ရန်ကုန်ကို ဆေးလာကုတဲ့ လူနာမိသားစုတွေအကုန်လုံး အဘွားအိမ်မှာ တည်းကြတယ်၊ အဘွားက တည်းသမျှ ဒိုင်ခံချက်ပြုတ်ကျွေးတာပဲ။ ဘယ်ဆရာဝန်နဲ့ကုရင် သင့်တော်လဲ စုံစမ်းပြီး အဘွားကိုယ်တိုင် လိုက်ပြပေးတယ်။ တစ်ခါတလေ ဆေးကုရင်း ပိုက်ဆံမလောက်ရင် အဘွားက ချေးပေးလိုက်သေးတယ်။ အဘွားက မချမ်းသာတော့ လှူတော့မလှူနိုင်ဘူး၊ ပြန်ဆပ်ရင်တော့ ယူတာပေါ့။ အဲဒီကုသိုလ်အကျိုးထင်တာပါပဲ” ဟု ပြောပြခဲ့ပြီး ယနေ့ခေတ် လူငယ်လူရွယ်များကို အဘွားဒေါ်သောင်းက သူ၏သက်ရှည်ကျန်းမာခြင်း အတွေ့အကြုံမှတဆင့် ကျန်းမာရေးအကြံပြုချက်များကို ယခုလို မျှဝေပေးလိုက်ပါသည်။

“ အပြင်စာမစားပါနဲ့။ စားဖြစ်ခဲ့ရင်တောင် သင့်တင့်ရုံပဲ စားကြပါ။ နေပူထဲသွားရင် ထီး၊ ဦးထုပ် ဆောင်းပါ။ အပြင်က ပြန်လာလာချင်း ရေသောက်တာ၊ ခြေလက်ဆေးတာတွေကို ချက်ချင်းမလုပ်ပါနဲ့။ အစားအသောက်ကိုလည်း ကြိုက်တိုင်း အများကြီးမစားပါနဲ့။ ကုသိုလ်ကောင်းမှုတွေကို ရရင်ရသလို များများလုပ်ကြပါ၊ ဘုန်းကြီးကျောင်းသွားမှ ကုသိုလ်ရတာ မဟုတ်ပါဘူး။ သွားရင်းလာရင်း ကုသိုလ်လုပ်ရင်လည်း နောင်ဘ၀အတွက် အထောက်အပံ့ကောင်း ရတာပါပဲလို့ အဘွားက ပြောချင်ပါတယ်”

အယ်ဒီတာအဖွဲ့
(မှတ်ချက်။ ။ ဓာတ်ပုံများကို အဘွားဒေါ်သောင်း၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Most Popular

Healthy Life Ad
To Top