Healthy Life Ad
Q & A

ဣတ္ထိယမမတို့ ကျန်းမာချမ်းသာ လန်းဖြာစေဖို့ . . .

———၊ ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ၊———

Q. အမျိုးသမီးတွေရဲ့ရာသီလာတဲ့ ဖြစ်စဉ်ကို သိပါရစေ ဆရာ။

A. အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါတွေထဲမှာ သားအိမ်ဆိုတဲ့ အလုံးလေးရှိပါတယ်။ အဲဒီအလုံးလေးက ကြည့်လိုက်ရင် သေးသေးလေးဆိုပေမယ့် အံ့သြစရာကောင်းတာက ကလေးတစ်ယောက် သူ့ထဲမှာ ကြီးထွားနိုင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သားသားမီးမီးလေးတွေနေတဲ့ အိမ်အဖြစ် သားအိမ်လို့ တင်စားခေါ်ဝေါ်တာပါ။ သားအိမ်ရဲ့ဘေးမှာ သားဥအိမ်ရှိတယ်။ သားဥအိမ်က တစ်လတစ်လုံး သားဥလေးကိုကြွေကျပေးတယ်။ ဒီသားဥလေးက တကယ်လို့များ သုက်ကောင်လေးနဲ့ တွေ့ထိသွားခဲ့ရင် လူသားတစ်ယောက်ဖြစ်ဖို့ အစပျိုးလာစေတယ်။ သားဥအိမ်ရဲ့နောက်လုပ်ငန်းတစ်ခုက အမျိုးသမီးတစ်ယောက်အတွက် အလှအပဖွံ့ဖြိုးမှုနဲ့ဆိုင်တဲ့ ဟော်မုန်းတွေကို ထွက်ရှိစေတယ်။ အီစထရိုဂျင်ဆိုတဲ့ မဟော်မုန်းက အပျိုဖော်ဝင်ချိန်ကစပြီး ထွက်လာတဲ့အခါ အသားအရေရဲ့ကောင်းခြင်း၊ ဆံပင်ရဲ့ကောင်းခြင်း အစရှိတဲ့ အမျိုးသမီးတစ်ယောက်အတွက် ကောင်းခြင်းငါးဖြာကို ပိုင်ဆိုင်စေပါတယ်။ သားဥတစ်လုံးကြွေတိုင်းကြွေတိုင်း သားအိမ်အတွင်းမြှေးက ထူထဲလာတယ်။ ဒါက သုက်ကောင်နဲ့ တွေ့ထိပြီး သန္ဓေသားလောင်းဖြစ်လာရင် အဲဒီကလေးက သားဥပြွန်ကနေ သားအိမ်ထဲကို ရောက်လာပြီးနေနိုင်ဖို့ ပြင်ဆင်ထားတဲ့ သဘောဖြစ်ပါတယ်။ တကယ်လို့များ သုက်ကောင်နဲ့ မတွေ့ဘူးဆိုရင် သားဥလေးက သေဆုံးသွားပြီး ပြင်ဆင်ထားတဲ့ ထူထဲနေတဲ့ သားအိမ်အတွင်းမြှေးတွေ ကြွေကျသွားပါတယ်။ အဲဒါကို ရာသီလာတယ်လို့ ခေါ်ကြတာဖြစ်ပါတယ်။

Q. ရာသီလာတာကို သွေးပုပ်ဆင်းတယ်၊ ခေါင်းလျှော်လို့မရဘူး စတဲ့ အယူအဆအမှားတွေ ရှိနေကြပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဆရာ။

A. မိန်းကလေးတစ်ယောက် ရာသီလာပြီဆိုရင် မိခင်လောင်းတစ်ယောက် ဖြစ်ပေါ်လာပြီ၊ အပျိုဖြစ်ရင် ပုံမှန်ရာသီလာတတ်တဲ့အတွက် ဓမ္မတာလာတယ်လို့ ခေါ်ကြတာဖြစ်ပါတယ်။ ရာသီလာတဲ့ကိစ္စက သွေးပုပ်တွေဆင်းတယ်လို့ ထင်ကြတယ်။ မသန့်ဘူး၊ ခေါင်းမလျှော်ရဘူး စတဲ့ အယူအဆတွေ ရှိကြလို့ အမျိုးသမီးအများစုက ကိုယ်လုပ်စရာရှိတဲ့ ကိစ္စတွေကို မလုပ်နိုင်လောက်အောင် စိတ်ဓာတ်ကျနေတတ်ကြတယ်။ တကယ်တော့ ဒီအယူအဆတွေက လုံးဝမှားယွင်းပါတယ်။ ရာသီလာတယ်ဆိုတာ သွေးပုပ်ဆင်းတာ မဟုတ်ဘူး၊ ရွံစရာလည်း မဟုတ်ပါဘူး။ ဒါကြောင့် ခေါင်းလျှော်၊ ရေချိုး အကုန်လုံးလုပ်လို့ ရပါတယ်။ တစ်ခုပဲ ရာသီက မှန်မှန်မလာဘူး၊ ကိုက်ခဲတယ်၊ ရာသီလာတာ အရမ်းများတယ် . . စသဖြင့် ဝေဒနာတွေဖြစ်ရင်တော့ သတိထားဖို့ လိုပါတယ်။

“ အပျိုပေါက်လေးတစ်ယောက် ရာသီလာပြီဆိုရင် မိဘတွေ သတိထားဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအရွယ်ဟာ ကလေးတစ်ယောက် မဟုတ်တော့ဘူး၊ မိခင်လောင်းတစ်ယောက် ဖြစ်လာပြီလို့ ပြောလို့ရပါတယ်။ ပန်းကောင်းအညွန့်ကျိုးလို့ ပြောရမယ့် မပွင့်လန်းခင်မှာ ကြွေနွမ်းသွားနိုင်တဲ့ အလားအလာရှိလို့ သတိထားသင့်ပါတယ်” . . .

Q. သမီးမိန်းကလေး ရာသီလာတဲ့အရွယ်မှာ မိဘတွေအနေနဲ့ ဘာကို သတိထားသင့်ပါသလဲ ဆရာ။

A. အပျိုပေါက်လေးတစ်ယောက် ရာသီလာပြီဆိုရင် မိဘတွေသတိထားဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအရွယ်ဟာ ကလေးတစ်ယောက် မဟုတ်တော့ဘူး၊ မိခင်လောင်းတစ်ယောက်ဖြစ်လာပြီလို့ ပြောလို့ရပါတယ်။ ပန်းကောင်းအညွန့်ကျိုးလို့ ပြောရမယ့် မပွင့်လန်းခင်မှာ ကြွေနွမ်းသွားနိုင်တဲ့ အလားအလာရှိလို့ သတိထားသင့်ပါတယ်။ ဟိုတလောက ဆေးခန်းကို မိခင်တစ်ယောက်က ခုနစ်တန်းကျောင်းသူ ရာသီလာခါစ မိန်းကလေးကို ခေါ်လာတယ်။ ကျူရှင်ပို့ပြီး ကျူရှင်ကအပြန်မှာ ကျောင်းသူလေးက တစ်နာရီလောက် ပျောက်သွားခဲ့တယ်။ အခုခေတ်မှာ တစ်ယောက်နဲ့တစ်ယောက် ဖုန်းတွေနဲ့ မက်ဆေ့ခ်ျတွေပို့၊ အင်တာနက်သုံးနေကြတာ. .အင်တာနက်ထဲက သိကျွမ်းသွားတဲ့ ကောင်လေးနှစ်ယောက်က ကျူရှင်မှာ လာခေါ်သွားတာ . . တစ်နာရီလောက်ပျောက်သွားပြီး မိဘတွေနဲ့ ပြန်တွေ့တဲ့အခါမှာ သူ့ကိုယ်သူ ဘာတွေဖြစ်လို့ဖြစ်မှန်း ဒီကောင်မလေးက မသိဘူး၊ ယောင်ချာချာဖြစ်နေတယ်။ သေချာမေးလိုက်တော့ ကောင်လေးနှစ်ယောက်က တည်းခိုခန်းခေါ်သွားတယ်လို့ သိရပါတယ်။ အဲဒီလိုနဲ့ ရာသီမလာတော့ သေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာ ကိုယ်ဝန်ရှိနေခဲ့တယ်။ မျက်စိအောက်ကနေ တစ်နာရီလောက်ပျောက်သွားတဲ့အချိန်မှာပဲ ဒီကောင်မလေးရဲ့ ဘ၀ကပြောင်းလဲသွားခဲ့တယ်။ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် ဖြစ်သွားခဲ့တယ်၊ ဒီလိုအဖြစ်အပျက်တွေ အများကြီး ရှိတယ်ဆိုတာ မိဘတွေ သိဖို့လိုပါတယ်။

Q. သားသမီးယူဖို့ ဆုံးဖြတ်ပြီးချိန်မှာ ဘာတွေကို ပြင်ဆင်သင့်ပါသလဲ ဆရာ။

A. သားသမီးယူဖို့ ဆုံးဖြတ်ပြီးပြီဆိုရင်တော့ သေချာပြင်ဆင်ရပါတော့မယ်။ ကိုးလတိတိလွယ်ပြီး သားသမီးမွေးဖွားဖို့ စိတ်ကျန်းမာရေးက အကောင်းဆုံးအခြေအနေမှာရှိရပါမယ်။ ခန္ဓာကိုယ်ကလည်း သိပ်ဝနေရင်လည်းမကောင်း၊ သိပ်ပိန်နေရင်လည်း မကောင်းပါဘူး၊ မပိန်မ၀ ကျန်းမာမှ အဆင်ပြေပါတယ်။ ဆေးလိပ်ငွေ့ကိုလည်း ရှောင်ရပါမယ်။ ကလေးယူဖို့ ဆုံးဖြတ်တဲ့နေ့ကစပြီး ဖောလစ်အက်စစ်ကို နေ့တိုင်းသောက်ရမယ်။ ကလေးတစ်ယောက်မွေးလာရင် မိခင်တွေအစိုးရိမ်ဆုံးမေးခွန်းက ‘ဆရာ . . ကျွန်မကလေးလေး ကိုယ်လက်အင်္ဂါစုံရဲ့လား’ဆိုပြီး မေးတာပဲဖြစ်ပါတယ်။ ဒါကြောင့် မိမိကလေးလေး ဦးနှောက်နဲ့ ခန္ဓာကိုယ် ကျန်းမာပြီး ကိုယ်လက်အင်္ဂါမချို့ယွင်းအောင် ဖောလစ်အက်စစ်ကို နေ့စဉ်သောက်သင့်ပါတယ်။ ကိုယ့်မှာ ဘယ်လိုရောဂါတွေရှိသလဲ၊ တချို့မှာ ဆီးချို၊ သွေးတိုး စတဲ့ ရောဂါတွေ ရှိသလို တချို့ကျတော့ တက်တတ်တဲ့ ရောဂါတွေ ရှိပါတယ်။ တချို့ကျတော့ ကိုယ့်မှာ ရောဂါရှိမှန်း မသိကြပါဘူး။ ဖြစ်သင့်တာက ကလေးယူဖို့ စပြီး ပြင်ဆင်ပြီဆိုရင် မိသားစုဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ့်မှာ ဘာရောဂါတွေရှိနေသလဲဆိုတာ စစ်ဆေးသင့်ပါတယ်။ ရောဂါတွေရှိနေရင် ကိုယ်ဝန်ယူဖို့ သင့်တော်ရဲ့လားဆိုတာ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။ ကုသဖို့လိုအပ်ရင် ကုသမှုခံယူပြီး အကောင်းဆုံးအခြေအနေမှာမှ ကလေးယူသင့်ပါတယ်။

မိန်းကလေးတစ်ယောက် အချိန်တန် အရွယ်ရောက်လို့ အိမ်ထောင်ရက်သားကျလာတဲ့အခါမှာ အရေးကြီးဆုံးအချက်က သားသမီးရတနာလေးတွေကို ဘယ်လိုယူမလဲဆိုတာပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သားသမီးဆိုတာ လိုချင်မှ ရတနာပါ။ မလိုချင်ဘဲ ရောက်လာရင် ရတနာမဟုတ်တော့ဘူး။ ဒါကြောင့် မလိုချင်ဘဲ ရလာရင် သားသမီးတွေကို နည်းမျိုးစုံနဲ့ ဖယ်ရှားတတ်ကြပါတယ်။ ဒါကြောင့် ကလေးလေးကို လိုချင်ပြီဆိုမှ ယူသင့်ပါတယ်။ ကလေးမလိုချင်ရင် မရအောင် သားဆက်ခြားနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ကိုယ်နဲ့ အသင့်တော်ဆုံး၊ အကောင်းဆုံး သားဆက်ခြားနည်းတွေကို ရွေးချယ်ပြီး လိုက်နာဖို့လိုပါတယ်။

ကိုယ့်ဝမ်းတောင် ကိုယ်မကျောင်းနိုင်သေးတဲ့ အရွယ်မှာ ကလေးမယူသင့်ပါဘူး။ ကလေးတစ်ယောက်မွေးလာရင် သူ့ကိုဝမ်းဝအောင် ကျွေးရမယ်၊ ခါးလှအောင် ဆင်ပေးရမယ်၊ ပညာတွေသင်ပေးရမယ်၊ ဒီအတွက်က ကိုယ့်ဘ၀က ပြည့်စုံနေမှဖြစ်မှာ။ တစ်ခါတလေ ကျောင်းသူကျောင်းသားအရွယ် ဘာမှအဆင်သင့်မဖြစ်သေးခင်မှာ ကလေးရလာတာတွေကို တွေ့နေရပါတယ်။ ကလေးမယူဘူးဆိုပြီး ဗိုက်ထဲက ကိုယ့်ရင်သွေးလေးကို သတ်နေတဲ့သူတွေလည်း ရှိပါတယ်။ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ သေနေတဲ့ မိခင်တွေရဲ့ တစ်ဝက်ကျော်ကျော်က ကိုယ်ဝန်ဖျက်ချရင်း ရောဂါပိုးတွေဝင်၊ သွေးတွေသွန်ပြီး ဆေးရုံကို မရှုမလှရောက်ရှိကာ သေဆုံးသွားတဲ့ သူတွေပဲဖြစ်ပါတယ်။ ဒါကြောင့် ကလေးကို လိုချင်မှယူသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top