Healthy Life Ad
Q & A

ရန်ကုန်မြို့ကို ၀င်ရောက်လာသော ၀ူဟန်ခရီးသည်များနှင့် ပတ်သက်ပြီး ပြည်သူလူထု သိရှိထားရမည့် ကာကွယ်နည်းများ

Q. ၀ူဟန်အဆုတ်ရောင်ရောဂါဖြစ်စေတဲ့ ကော်ရိုနာဗိုင်းရပ်စ်က လင်းနို့စွပ်ပြုတ်ကနေ စဖြစ်တယ်ဆိုတာ ဖြစ်နိုင်ပါသလား ဆရာ။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း၊

A. ၀ူဟန်အဆုတ်ရောင်ရောဂါဖြစ်စေတဲ့ ကော်ရိုနားဗိုင်းရပ်စ်နဲ့ ဗိုင်းရပ်စ်အုပ်စုတူတဲ့ ဗိုင်းရပ်စ်တွေရှိပါတယ်။ ကမ္ဘာအနှံ့ပျံ့သွားတဲ့ ဆားစ်ရောဂါနဲ့ မားစ်ရောဂါတွေကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကလည်း ကော်ရိုးနားဗိုင်းရပ်စ်ပါပဲ။ အခု ၀ူဟန်အဆုတ်ရောင်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ကလည်း ကော်ရိုးနားဗိုင်းရပ်စ်ပါပဲ။ ဆားစ်ရောဂါဆိုရင် သူရဲ့မူလအစက တိရစ္ဆာန်တွေမှာဖြစ်တယ်၊ လင်းနို့နဲ့ ကြောင်ကတိုးမှာ ဖြစ်တယ်၊ သူနဲ့ဆက်စပ်တဲ့ လူတွေကိုကူးတယ်၊ ပြီးတော့မှ အဲဒီကတစ်ဆင့် လူလူချင်းကူးတယ်ဆိုပြီး ဆရာတို့ တွေ့ရှိထားပါတယ်။ ဒါက ၂၀၀၃ တုန်းကပါ။ ၂၀၀၅မှာ မားစ်ရောဂါဖြစ်ပြီး ကုလားအုတ်မှာဖြစ်တဲ့ ဗိုင်းရပ်စ်အမျိုးအစား၊ သူနဲ့နီးစပ်တဲ့သူတွေမှာ စဖြစ်ပြီး လူလူချင်း ဆက်ကူးတယ်။ ၀ူဟန်ဗိုင်းရပ်စ်ကလည်း လင်းနို့စွပ်ပြုတ်သောက်ရာက ကူးတယ်ဆိုပြီး ပြောနေကြတယ်၊ ပိုးဝင်နေတဲ့လင်းနို့ကို လူကစားမိပြီး စားမိတဲ့လူမှာ စဖြစ်တယ်၊ အဲဒီလူကနေ လူလူချင်း ဆက်ကူးသွားလို့ အခုဆိုရင် တစ်ကမ္ဘာလုံးကို ပျံ့နိုင်တဲ့အနေအထားမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်ကြတာ။ ဒါကြောင့် ၀ူဟန်ဗိုင်းရပ်စ်ရဲ့ အစပထမသည် လင်းနို့မှာရှိတယ်ဆိုတာ ဖြစ်နိုင်တယ်လို့ ဆရာကတော့ သုံးသပ်ပါတယ်။

Q. မြန်မာနိုင်ငံကို ၀ူဟန်လေယာဉ်ဆိုက်တယ်၊ ဒါကို ခရီးသည်တွေမှာ ပိုးမပါဘူးဆိုပြီး ပြောကြတာလည်း တွေ့ရတယ်။ အဲဒီလို ပိုးပါတယ်၊ ပိုးမပါဘူးဆိုတာ ချက်ချင်းစစ်ပြီး ချက်ချင်းသိနိုင်ပါသလား ဆရာ။

A. တခြားနိုင်ငံတွေမှာ ဖြစ်နေတဲ့ ၀ူဟန်အဆုတ်ရောင်ဗိုင်းရပ်စ်က ကိုယ့်အနီးတ၀ိုက်ကို ရောက်နေပြီလားဆိုတာ အားလုံးစိုးရိမ်ကြတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်းအဝေးမတိုင်ခင် ၀ူဟန်ကိုလည်း အ၀င်အထွက်တွေ ပိတ်လိုက်ပါတယ်။ ဒီသဘောက ပိုးမရှိသေးပေမယ့် ပိုးရှိနိုင်တဲ့ အနေအထားမှာရှိတဲ့ သူတွေကတဆင့် တခြားသူတွေကို ကူးနိုင်တဲ့အတွက် Quarantine (မဖျားသေးပေမယ့် ရောဂါပိုးရှိသူနဲ့ အတူနေသူ၊ ရောဂါပိုးရှိနိုင်တဲ့ သံသယရှိသူကို သီးသန့်ခွဲထားခြင်း) လုပ်လိုက်တဲ့သဘောပါ။ အဲဒီက ခရီးသည်တွေပါတဲ့ လေယာဉ်က ရန်ကုန်လေဆိပ်မှာ ဆိုက်ရောက်တယ်လို့ တွေ့ရတော့ သူတို့ဆီမှာပါလာတဲ့ လူနာတွေမှာ သံသယဖြစ်ဖွယ်မရှိဘူးဆိုပြီး သတင်းထုတ်ပြန်ထားတယ်။သံသယဖြစ်ဖွယ်လူနာဆိုတာက ဒီဗိုင်းရပ်စ်က ၀င်ပြီးသွားရင် နှာစေး၊ ချောင်းဆိုး၊ ဖျားတာပါ။ လေဆိပ်က ၀င်လာတဲ့နေရာမှာ Thermal Scannerနဲ့ စမ်းပြီး ကိုယ်ပူတဲ့သူ၊ ဖျားတဲ့သူ ပါလာရင် ၀ူဟန်နမိုးနီးယားဝင်ပြီး အဖျားရှိတဲ့ လူနာဖြစ်သွားတာပေါ့။ အဲဒီ လူနာမျိုး မပါဘူးလို့ပဲ အကြမ်းဖျင်းအားဖြင့် သိရပါတယ်။

ဒါပေမဲ့ လူတစ်ယောက်က ၀ူဟန်ဗိုင်းရပ်စ်စ၀င်ပြီး ငါးရက်-တစ်ပတ်အထိကြာမှ ဖျားနိုင်ပါတယ်။ ပိုးစ၀င်ဝင်ချင်း မဖျားပါဘူး။ လေယာဉ်ထဲပါလာတဲ့ ခရီးသည်တွေထဲမှာ ပိုးနဲ့ထိတွေလာတယ်၊ ဒါပေမဲ့ မဖျားသေးဘူး . .အဲဒီလို ခရီးသည်တွေ ပါလာနိုင်ပါတယ်။ သူတို့ကို လေဆိပ်မှာ Thermal Scanner စက်နဲ့စစ်ဆေးလို့ မရပါဘူး။ ၀ူဟန်မြို့မှာတောင် တခြားသူတွေနဲ့ မထိတွေအောင် Quarantine လုပ်ထားရင် ဆရာတို့အနေနဲ့ကော ပါလာတဲ့ခရီးသည်တွေကို Quarantine လို့ခေါ်တဲ့ ကျန်တဲ့သူတွေနဲ့ မထိတွေအောင် ထားသင့်ပါတယ်။ သူတို့ ဖျား၊ မဖျား တစ်ပတ်လောက် စောင့်ကြည့်ဖို့ လိုပါတယ်။ တကယ်လို့ နှာစေး၊ ချောင်းဆိုး၊ ဖျားတာဖြစ်ခဲ့ရင် သူ့ကို ဆေးရုံတင်ပြီး ကျန်တဲ့သူတွေနဲ့ မထိတွေအောင်ထားပြီး ကုသမှု ပေးရပါမယ်။ Quarantine လုပ်မထားလို့ သူက ဈေးဝယ်စင်တာနဲ့ တခြားလူထုထပ်တဲ့ နေရာတွေဆီသွားမယ်ဆိုရင် သူ့ဆီက နှာစေးချောင်းဆိုးရာကထွက်လာတဲ့ အမှုန်အမွှားတွေက ဘေးပတ်ဝန်းကျင်က လူတွေကို ကူးနိုင်ပါတယ်။ ဒါက ကြောက်တာမဟုတ်ပါဘူး၊ ကြိုတင်ကာကွယ်ဖို့ ပြောတာပါ။ အဲဒီကနေ တောက်လျှောက်ပြန့်သွားရင် တစ်ဦးကနေနှစ်ဦး စသဖြင့် ဒီခရီးသည်တွေ ၀င်လာတဲ့အတွက် ရန်ကုန်မြို့ကလူတွေ ပိုအသိရှိဖို့ လိုအပ်နေပါပြီ။

Q. ၀ူဟန်ဗိုင်းရပ်စ်ပိုးက လေထဲကနေ ဘယ်လောက် အကွာမှာဆိုရင် ကူးစက်နိုင်ပါသလဲ ဆရာ။

A. ၀ူဟန်အဆုတ်ရောင်ရောဂါ ဖြစ်စေတဲ့ ကော်ရိုနားဗိုင်းရပ်စ်က နှာစေး၊ ချောင်းဆိုးကထွက်တဲ့ အမှုန်အမွှားတွေကနေတစ်ဆင့် ကူးစက်နိုင်တယ်။ စကားပြောရင် အာပေါင်အာရင်းသန်သန်ပြောရင် ၃ ပေလောက်အထိ အမှုန်အမွှားကထွက်နိုင်တယ်။ နှာချေ၊ ချောင်း ဆိုးရာကထွက်ရင် ခြောက်ပေလောက်အထိ ရောက်နိုင်တယ်။ ဒါကြောင့် ရောဂါပိုးရှိသူနဲ့ သုံးပေအကွာလောက်မှာနေပြီး စကားပြောဆိုရင်တော့ ကူးစက်မှုနှုန်း လျော့ကျနိုင်တယ်လို့ သိရှိထားပါတယ်။

Q. ၀ူဟန်အဆုတ်ရောင်ရောဂါ မကူးစက်အောင် ဘယ်လိုကာကွယ်လို့ရပါသလဲ ဆရာ။

A. ရောဂါပိုးရယ်လို့ ရှိမှန်းမသိကြတဲ့အတွက် မည်သူမဆို နှာစေးချောင်းဆိုးဖြစ်လာရင် ကိုယ့်ခန္ဓာကိုယ်က အမှုန်အမွှားတွေ အပြင်မထွက်အောင် စောင့်စည်းသင့်ပါတယ်။ နှာစေး၊ ချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို လက်ကိုင်ပ၀ါ၊ တစ်ရှူးနဲ့အုပ်ပါ၊ အဆင်သင့်မရှိရင် လက်တံတောင်နဲ့ အုပ်လိုက်ပါ။ သာမန်လူတွေအနေနဲ့ လူထူထပ်တဲ့နေရာကိုသွားရင် သတိထားရမယ်။ နှာစေးချောင်းဆိုးနေသူတွေနဲ့ ခပ်ဝေးဝေးမှာနေရမယ်။ လက်ကို အသုံးအဆောင်တွေ ကိုင်တွယ်ပြီးတိုင်း၊ မျက်နှာ၊ နှာခေါင်း၊ ပါးစပ်ဆီ လက်နဲ့မထိတွေခင် ဆပ်ပြာ၊ရေနဲ့ ဆေးကြောသင့်ပါတယ်။ ဒါမှမဟုတ် ရေမလိုတဲ့ အယ်လ်ကိုဟောအခြေခံ လက်ဆေးဆပ်ပြာရည်နဲ့ ဆေးသင့်ပါတယ်။ လက်ဆေးတာက အသက်ရှူလမ်းကြောင်းပိုးဝင်တာကို မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ လူတောထဲသွား တဲ့အခါ Maskအုပ်ပြီး သွားလာသင့်ပါတယ်။

Q. ၀ူဟန်အဆုတ်ရောင်ရောဂါဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။

A. လက္ခဏာတွေကတော့ နှာစေး၊ ချောင်းဆိုး၊ မော၊ ဖျား၊ ရင်ဘတ်အောင့် . .စတဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် စစချင်း ခွဲခြားလို့မလွယ်ဘူး။ သူလာတဲ့နေရာကနေ ခွဲလို့ပဲ ရပါတယ်။ အခုချိန်မှာ နမိုးနီးယားအဆုတ်ရောင်ဖြစ်တယ်၊ ဘယ်ကပြန်လာသလဲဆို တရုတ်ပြည်က ပြန်လာတယ်၊ ၀ူဟန်ကပြန်လာတဲ့လူနဲ့ အတူတူ အလုပ်လုပ်တယ်ဆိုရင်တော့ ၀ူဟန်အဆုတ်ရောင်ရောဂါလို့ သံသယ၀င်ပြီး ဆေးရုံမှာ သီးသန့်စစ်ဆေးကုသမှု လုပ်ရပါမယ်။

Q. ၀ူဟန်အဆုတ်ရောင်ရောဂါနဲ့ ပတ်သက်ပြီး ထပ်မံဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါဦး ဆရာ။

A. ကူးစက်တဲ့လူတိုင်း မသေပါဘူး။ အသက်ကြီးသူတွေ၊ ကလေးတွေ၊ ကိုယ်ခံအားစနစ်နည်းတဲ့သူတွေ၊ ဆီးချိုရောဂါသည်တွေ၊ ကင်ဆာရောဂါသည်တွေကတော့ ဒီပိုးတွေဝင်ရင် အသက်အန္တရာယ်ရှိလို့ သတိထားရပါမယ်။ အသီးအရွက်၊ အသီးအနှံ များများစားပြီး ကိုယ်ခံအားစနစ်ကောင်းအောင် နေရပါမယ်၊ အရက်၊ ကွမ်း၊ ဆေးလိပ်ရှောင်ပြီး အိပ်ရေး ၀၀ အိပ်စက်အနားယူရပါမယ်။ အခုချိန်ကနေ နောက်တစ်ပတ်အတွင်းမှာ အထူးဂရုပြုကြပါ၊ အထူးသဖြင့် ၀ူဟန်ကလာတဲ့ ခရီးသည်တွေနဲ့ အတူအလုပ်လုပ်တဲ့သူတွေ၊ အတူနေတဲ့သူတွေ ဂရုတစိုက်နဲ့ စောင့်ကြည့်ဖို့ လိုပါတယ်။ နှာစေး၊ ချောင်းဆိုး၊ ဖျားနာရင် ဆေးရုံကြီးတွေကို တိုက်ရိုက်သတင်းပို့ပြီး ကုသမှု ခံယူရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top