Healthy Life Ad
Life Style

ကင်ဆာကြောင့် အားငယ်ရန် မလိုပါ . . .

အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်တွင် ကင်ဆာကုသအောင်မြင်ထားသူများအကြောင်း လေးစားဂုဏ်ယူစွာဖော်ပြခဲ့သည်မှာ ယခုဆိုလျှင် ၁၉ ဦးရှိခဲ့ပါပြီ။ မြန်မာလူမျိုးများ၏စိတ်ထဲတွင် “ ကင်ဆာဆိုတာ သေမိန့်” ၊” ကင်ဆာဖြစ်ရင် ဆေးမရှိ” ၊ “ ကင်ဆာဖြစ်ရင် ဘ၀နိဂုံးအချိန်ရောက်ပြီ” စသဖြင့် ယုံကြည် လက်ခံခဲ့ကြသည့်အတွက် ကင်ဆာအကြောင်း မသိလို၊ ကင်ဆာနှင့် မဆုံလို၊ ကုန်ကုန်ပြောရလျှင် ကင်ဆာဆိုသော စကားကိုပင် မကြားလိုကြပေ။ ကင်ဆာဖြစ်မှာကို စိုးကြောက်သူ၊ ကင်ဆာဖြစ်လျှင် ရင်မဆိုင်ရဲသူ၊ ကင်ဆာကုထုံးကို မှန်မှန်ကန်ကန် မခံယူသူ စသဖြင့် မြောက်မြားလှစွာသော ကင်ဆာလူနာအမျိုးမျိုး ရှိကြရာ ကင်ဆာကြောင့် အားငယ်စရာမလိုကြောင်း သတိပြုမိစေလိုသော ရည်ရွယ်ချက်ဖြင့် ကင်ဆာကုသအောင်မြင်ပြီး ၁၀ နှစ်ကျော်ကြာသည်အထိ အသက်ရှင်ကျန်းမာနေသူ လေးဦးအကြောင်းအနှစ်ချုပ်ကို ပြန်လည် မျှဝေပေးလိုက်ပါသည်။

– အယ်ဒီတာ

(၁) ဒေါ်ယဉ်မွန်သန်း
ဖြစ်သည့် ကင်ဆာ . . . သားအိမ်ကင်ဆာ၊ ဆီးအိမ်နှင့် အစာဟောင်းအိမ်ကင်ဆာကင်ဆာစဖြစ်သည့်အရွယ် . . . အသက် ၃၀ နှစ် ယခုအသက်အရွယ် . . . အသက် ၄၉ နှစ်မျိုးရိုးရှိသလား . . . ကင်ဆာမျိုးရိုးမရှိပါ။

ဘာကြောင့်ဖြစ်တယ်လို့ ထင်သလဲ . . .
ခေါက်ဆွဲခြောက်ထုပ်၊ အားဖြည့်အချိုရည်၊ အကင်စာ စတာတွေကို များများစားဖြစ်ခဲ့တယ်။

ကင်ဆာကုသပျောက်ကင်းပြီးနောက်ပိုင်း နေထိုင်မှုပုံစံ
အချိုမှုန့်၊ ကြက်သားမှုန့်၊ ဓာတုပစ္စည်းပါတဲ့ အစာ၊ ခြေလေးချောင်းသား၊ သားကြီး၊ ငါးကြီးတွေ မစားတော့ဘဲ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတို့ ကိုသာ များမျာစားဖြစ်တယ်။ အဓိက ၀ိပဿနာတရားအားထုတ်တယ်။

ယခုထက်ထိ ကျန်းမာနေရသည့်အပေါ် ယူဆချက်
“ အကောင်းမြင်ဝါဒရှိရင် ကင်ဆာဝေဒနာ သက်သာတယ်၊ ကင်ဆာဖြစ်တဲ့သူက များသောအားဖြင့် စိတ်အရမ်းတိုတတ်တယ်၊ အဲဒီစိတ်ကို မနည်းထိန်းရတယ်၊ တရားဓမ္မနဲ့အရာရာကို ကျော်လွှားနိုင်ခဲ့ပါတယ်၊ လူဆိုတာ မွေးကတည်းက သေမှာပဲ၊ ဝေဒနာဖြစ်လာရင် ဝေဒနာကိုခံနိုင်ရည်ရှိ အောင်လုပ်ရမယ်၊ ရုပ်ရှိရင်ရောဂါရှိမှာပဲ၊ ရောဂါရှိ ရင် ခံစားချက်ဆိုတာရှိလာမှာပဲ၊ အဲဒါကိုရှူမှတ်နိုင်ဖို့ တရားပဲလိုပါတယ်”

(၂) ဒေါ်ခင်ခင်ဝေ
ဖြစ်သည့် ကင်ဆာ . . . ရင်သားကင်ဆာကင်ဆာစဖြစ်သည့်အရွယ် . . . အသက် ၃၈ နှစ် ယခုအသက်အရွယ် . . . အသက် ၅၈ နှစ် မျိုးရိုးရှိသလား . . . ကင်ဆာမျိုးရိုးမရှိပါ။

ဘာကြောင့်ဖြစ်တယ်လို့ ထင်သလဲ . . .

ဆီကြော်စာတွေ အရမ်းစားတယ်။ ပြီးတော့ လှုပ်ရှားမှု လုံးဝမရှိဘူး၊ အရမ်းငြိမ်တယ်။ကင်ဆာကုသပျောက်ကင်းပြီးနောက်ပိုင်း နေထိုင်မှုပုံစံ
တတ်နိုင်သမျှ သက်သတ်လွတ်စားတာ၊ ညနေစာမစားတာ၊ လမ်းလျှောက်တာတို့ကို ကြိုးစား ပြီးလုပ်ပါတယ်။

ယခုထက်ထိ ကျန်းမာနေရသည့်အပေါ် ယူဆချက်
“ ဘုရား၊ တရား ဂုဏ်ကျေးဇူးနဲ့ကံလေး ရှိနေလို့ လူ့ဘ၀မှာ အသက်ရှင်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်တဲ့ သူတွေလည်း ရောဂါဖြစ်နေ ပြီလို့ သိလိုက်တာနဲ့ စိတ်ဓာတ်မကျပါနဲ့၊ ဘုရား တရားကို များများလုပ်ပါ၊ စိတ်ကို တတ်နိုင်သမျှ ကြည်ကြည်လင်လင်ထား . . စိတ်ကို ကြည်ကြည် လင်လင်ထားနိုင်ရင် ကင်ဆာကို အောင်နိုင်မှာ ဖြစ်ပါတယ်”

မအလိမ္မာ (မြန်မာစာ)
ဖြစ်သည့် ကင်ဆာ . . . သားဥအိမ်ကင်ဆာ၊ အူကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ကင်ဆာစဖြစ်သည့်အရွယ် . . . အသက် ၃၉ နှစ် ယခုအသက်အရွယ် . . . အသက် ၅၆ နှစ်မျိုးရိုးရှိသလား . . . ကင်ဆာမျိုးရိုးမရှိပါ။

ဘာကြောင့်ဖြစ်တယ်လို့ ထင်သလဲ . . .
အာဟာရချို့ တဲ့လို့ဖြစ်ရတယ်လို့ ထင်ပါတယ်။ ကားမောင်းတဲ့အခါ ဆီမဖြည့်ဘဲ မောင်းလို့ မရသလိုပဲ ငယ်တုန်းမှာ မစားမသောက်ဘဲ ဇောနဲ့ အလုပ်တွေကိုပဲ သည်းသည်းမည်းမည်းလုပ်တော့ ကြီးတဲ့အခါမှာ ကျန်းမာရေး ထိခိုက်တယ်လို့ ထင်ပါတယ်။

ကင်ဆာကုသပျောက်ကင်းပြီးနောက်ပိုင်း နေထိုင်မှုပုံစံ
သစ်သီးတွေ စားရင် အဆင်ပြေတယ်၊ အသား၊ ငါးက အနံ့တောင်ခံလို့ မရဘူး၊ သက်သတ်လွတ်ပဲ စားဖြစ်တယ်၊ အစပ်လည်း မစားဘူး။

ယခုထက်ထိ ကျန်းမာနေရသည့်အပေါ် ယူဆချက်
“ ကင်ဆာကျော်လွှားခဲ့ရတဲ့ သုံးကြိမ်စလုံးမှာ ခြေကန်ပြီးတော့ မကြောက်ဘူး၊ အဲဒီမကြောက်တဲ့ စိတ်ကပဲ ကျော်လွှားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကြောက်နေလို့လည်း ပြီးသွားမှာမှ မဟုတ်တာ။

ဒီတော့ ကင်ဆာဖြစ်နေသူတွေကို ပြောချင်တာက အားမလျှော့ပါနဲ့။ ဒီရောဂါဖြစ်လို့ သေကို သေရမယ်လို့ မဟုတ်ပါဘူး။ ခေတ်ပြောင်းသွားပြီ၊ ခေတ်မီကင်ဆာကုထုံးတွေလည်းရှိနေပြီဖြစ်တဲ့ အတွက် ဘ၀သက်တမ်းကို ဆွဲဆန့်နိုင်ပါတယ်”

(၄)ကိုစိုးမိုးလှိုင်
ဖြစ်သည့် ကင်ဆာ . . . သွေးကင်ဆာ၊ ကင်ဆာစဖြစ်သည့် အရွယ် . . . အသက် ၃၆ နှစ် ယခုအသက်အရွယ် . . . အသက် ၄၉ နှစ်မျိုးရိုးရှိသလား . . . ကင်ဆာမျိုးရိုးမရှိပါ။

ဘာကြောင့်ဖြစ်တယ်လို့ ထင်သလဲ . . .
ဖြစ်ချိန်တန်လို့ ဖြစ်တယ်လို့ပဲ ထင်ပါတယ်။ကင်ဆာကုသပျောက်ကင်းပြီးနောက်ပိုင်း နေထိုင်မှုပုံစံ အစားအသောက်မမှားအောင် သန့်ရှင်းတဲ့ အစားအသောက်တွေကို သေချာစားတယ်။ အရက်၊ ဆေးလိပ်သောက်တာ၊ မူးယစ်ဆေးဝါး သုံးတာ၊ အပျော်အပါး လိုက်စားတာတွေကို ရှောင်တယ်။ သွေးကင်ဆာလူနာတွေကို ကူညီအားပေးတယ်။

ယခုထက်ထိ ကျန်းမာနေရသည့်အပေါ် ယူဆချက်
“ အရေးကြီးဆုံးက ဆရာဝန်တွေရဲ့ ညွှန်ကြားချက်ကို တိတိကျကျလိုက်နာရမယ်၊ ဆရာဝန်နဲ့ ဆေးဝါးအပေါ် စိတ်ပိုင်းဆိုင်ရာယုံကြည်မှုက အနည်းဆုံး ၁၀၀ ရာခိုင်နှုန်း ရှိရမယ်၊ ငါပျောက်ရမယ် ဆိုတဲ့ကိုယ့်ကံကြမ္မာအပေါ်မှာလည်း ယုံကြည်ရမယ်၊ အဲဒီသုံးမျိုးဟန်ချက်ညီရင် ကုသလို့ အောင်မြင်မှာပဲ။တစ်ခုတော့ရှိပါတယ်။ အရေးကြီးဆုံးက ငွေကြေးပံ့ပိုးမှုလည်း လိုပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top