Healthy Life Ad
Life Style

နှလုံးသွေးကြောကျဉ်းခြင်း၊နှလုံးသွေးကြောပိတ်ခြင်းနှင့် အာဟာရ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ ဘယ်လို စားသောက်ရင် နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ဖြစ်နှုန်း လျော့နည်းနိုင်ပါသလဲ ဆရာမ။
ဖြေ။ ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် (Healthy Diet) စားရင် နှလုံးရောဂါ ဖြစ်နိုင်ခြေက နည်းပါတယ်။ လူတစ်ယောက်က သူ့ပင်ကိုအရ အဆီများတဲ့ အစာ ကြိုက်တယ်၊ ဥပမာ ၀က်သားဆိုရင် ၀က်ဆီကိုမှကြိုက်တယ်၊ အရက်သောက်တယ်၊ ဆေးလိပ်သောက်တယ် စသဖြင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို စားနေတယ်ဆိုရင် နှလုံးသွေးကြောကျဉ်းရောဂါပိုပြီး ဖြစ်နိုင်ခြေရှိပါတယ်။ငယ်ငယ်လေးကတည်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ပုံမှန်စားတယ်၊ နေထိုင်တဲ့ပုံစံကလည်း ကျန်းမာရေးနဲ့ ညီညွတ်တယ် ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေမရှိဘူးလို့ ဆေးပညာ ရှင်တွေ လက်ခံထားကြပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါဖြစ်တဲ့ သူတွေကို ကြည့်လိုက်ရင် နဂိုကတည်းက သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောများတယ်၊ သွေးပေါင်များတယ်၊ အ၀လွန်တယ်၊ ဆီးချိုရှိတယ်. . ဒီလိုလူတွေကနောက် ဆက်တွဲအနေနဲ့ နှလုံးသွေးကြောရောဂါဘက်ကို ကူးသွားတတ်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံကိုလိုက်နာတယ်ဆိုရင် ဆီးချိုဖြစ်လာတယ်၊ အရိုးပါးရောဂါ (Osteoporosis) ဖြစ်လာတယ်၊ ကင်ဆာတချို့ကိုတောင် ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါတွေက ကျန်းမာရေးနဲ့ အညီ မစား သောက်ခဲ့လို့ ဖြစ်တာပါ။ ဒီတော့ရောဂါဖြစ်မှ ဒီလိုအစားအသောက်တွေကို ရှောင်ရမှာ မဟုတ်ပါဘူး။ ရောဂါမဖြစ်ခင်ကတည်းကကြိုပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စားခဲ့ရမှာ ဖြစ်ပါတယ်။

မေး။ ။ အမျိုးသမီးတချို့ဆိုရင် အပြင်စာ သိပ်မစားတာတောင် သွေးတွင်းကိုလက်စထရော အဆီများနေတတ် ကြပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ ဆရာမ။
ဖြေ။ ။ အပြင်စာ စားတာများရင် ကိုလက်စထရောအဆီတွေ များတတ်ပါတယ်။ အပြင်စာ သိပ်မစားဘဲနဲ့ကို လက်စထရောများနေတာက အသက်ကြီးလာလို့ ဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါ Aging Process အရ အားလုံးဟာ အလိုအလျောက် ဟော်မုန်းအပြောင်းအလဲက ရှိသွားပြီးသား။ အဲဒီလိုဟော် မုန်းအပြောင်းအလဲကြောင့် သွေးဆုံးခါနီး အသက် ၅၀ ၀န်းကျင် အမျိုးသမီးတွေဆိုရင် အီစထရိုဂျင်တွေက အဆီတွေကို ပိုဆွဲတတ်ပါတယ်။ သွေးဆုံးပြီးရင်တော့ အီစထရိုဂျင်ဟော်မုန်းတွေက ပြန်ကျသွားမှာလေ။ အဲဒီမတိုင်ခင် အသက် ၅၀ ၀န်းကျင်အရွယ်မှာ သွေးတွင်း ကိုလက်စထရောကများကို များနေတတ်ပါတယ်။

နောက်တစ်ချက်က အသက် ၃၀ ကျော်သွားတာနဲ့ လူတွေက ပုံမှန်စားသောက်နေရင်တောင် ကိုယ်အလေးချိန်က ယေဘုယျအားဖြင့် တစ်နှစ်တစ်နှစ်ကို ၂ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။ အဲဒီတော့ အသက်ကြီးလာရင် ပိုဝလာတတ်ပါတယ်။ ပေါင် ၁၀၀ ရှိသူတစ်ဦး အသက်ကြီးလာရင် တစ်နှစ် တစ်နှစ်ကို နှစ်ပေါင်က အလိုအလျောက် တက်တက် လာပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ဇီဝလောင်ကျွမ်းမှုနှုန်း (Metabolic Rate)က နှေးသွားတတ်ပါတယ်။ အသက် ၂၅ နှစ်ကျော်သွားတာနဲ့ Metabolic Rate က တဖြည်းဖြည်းချင်း ပြန်ကျလာပါတယ်။ ငယ်ငယ်တုန်းက ဘယ်လောက်စားစားမ၀ဘူး။ အသက် ၂၅ နှစ်၊ အထူးသဖြင့် ၃၅ နှစ်ကျော်ရော Metabolic Rate ကျသွားတာကို မသိဘဲ ဒီအတိုင်း ဆက်စားနေမယ်၊ ဥပမာ အရင်တုန်းကလည်း တစ်နပ်မှာ ထမင်းတစ်ပန်းကန်၊ အခုလည်း ထမင်းတစ်ပန်းကန် စားနေတယ်ဆိုရင်တောင် ကိုယ်အလေးချိန်က ပိုတက်လာပါတယ်။ ဒါက သဘာဝဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ ဒီတော့ အသက်ကြီးလာလို့ ပြောင်းလဲလာတဲ့ ကိုယ်အလေးချိန်မြင့်တက်မှုကို ရှောင်လွှဲနိုင်ဖို့ အစားအသောက်ကို ရှောင်ရမှာက တစ်ပိုင်း၊ နောက်တစ်ခုက ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဖို့ လည်း လိုအပ်လာပါတယ်။

ကော်ဖီကို ပျမ်းမျှအားဖြင့် တစ်ရက်မှာ နှစ်ခွက်နဲ့လေးခွက်ကြား လောက်ပဲသောက်သင့်ပါတယ်။ အဲဒါကို တချို့က ရှစ်ခွက် လောက်သောက်တတ်ပါတယ်။ အဲဒီလို သောက်တဲ့သူတွေမှာ တန်ပြန်သက်ရောက်မှု (Reverse Reaction) ရသွားပြီး သွေးတိုးတတ်ပါတယ် . . .

မေး။ ။ သွေးတိုးရောဂါမဖြစ်အောင်နဲ့ သွေးတိုးရောဂါရှိသူတွေ နှလုံးသွေးကြောကျဉ်းရောဂါမဖြစ်အောင် ဘယ်လို နေထိုင်စားသောက်သင့်ပါသလဲ ဆရာမ။
ဖြေ။ ။ သွေးမတိုးအောင် လူတိုင်း သိတဲ့ အချက်က ဆားလျှော့စားဖို့ပဲ ဖြစ်ပါတယ်။ ငါးပိ၊ ငါးခြောက်၊ ငါးပိရည် စတာတွေကို သိပ်မစားသင့်ပါဘူး။ နောက်တစ်ချက်က ကဖင်းဓာတ်များတဲ့ အရည်တွေကို သိပ်မသောက်သင့်ပါဘူး။ ကော်ဖီကို ပျမ်းမျှအားဖြင့် တစ်ရက်မှာ နှစ်ခွက်နဲ့ လေးခွက်ကြားလောက်ပဲ သောက်သင့်ပါတယ်။ အဲဒါကို တချို့က ရှစ်ခွက်လောက်သောက်တတ်ပါတယ်။ အဲဒီလိုသောက်တဲ့သူတွေမှာ တန်ပြန်သက်ရောက်မှု (Reverse Reaction)ရသွားပြီး သွေးတိုးတတ်ပါတယ်။နောက်တစ်ခုက မသိမသာနဲ့ သွေးတိုးတာက သနပ်တွေ၊ ဥပမာ သရက်သီးသနပ် စားတာပဲ ဖြစ်ပါတယ်။ သွေးတိုးတတ်တဲ့သူတွေက သနပ်တွေ မစားသင့်ပါဘူး။

တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစာ၊ ဥပမာ ငါးသေတ္တာဘူးတွေ စားရင်တောင် သွေးတိုးတတ်ပါတယ်။ အဲဒီအထဲမှာ ဆိုဒီယမ် ပါဝင်မှုက များလို့ပါ။ ကျပ်ခိုးတိုက်ထားတဲ့ အစာ၊ အသားတွေ၊ ခြောက်အောင် လှန်းထားတဲ့ အစာတွေကို မစားသင့်ပါဘူး။ တချို့က ငါးခြောက်ဆိုရင် ဆားငန်မှန်း သိလို့ မစားကြဘူး၊ ဒါပေမဲ့ ဆိတ်သားခြောက်ဆိုရင် စားကြပါတယ်။ ဆိတ်သားခြောက်ကလည်း ထည့်လှန်းက တည်းကိုက ဆားထည့်ရပါတယ်။ အဲဒါကြောင့် သွေးတိုးတဲ့သူတွေဟာ အသားခြောက်တွေကို မစားသင့်ပါဘူး။ ကြက်အူချောင်း၊ ၀က်အူချောင်း၊ ချိစ်စတဲ့ ပြုပြင်ထားတဲ့အစာတွေကို မစားသင့်ပါဘူး။ ဆိုဒီယမ် ပါဝင်မှုများလို့ပါ။

လူတစ်ယောက်က တစ်နေ့မှာ ဆိုဒီယမ်ကို ၁၅၀၀ /၂၃၀၀ မီလီဂရမ်လောက်ပဲ စားသင့်ပါတယ်။ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်းမှာ ဆိုဒီယမ်က ၆ ဂရမ်(ဆိုဒီယမ် ၂၅၀၀မီလီဂရမ်)လောက် ပါဝင်နေပါတယ်။ အဲဒီတော့ သွေးတိုးရှိသူတွေဆိုရင် ဆိုဒီယမ် ကို ၁၅၀၀ မီလီဂရမ်အထိ လျှော့ချချင်ပါတယ်။ အဲဒီ့အတွက် တစ်ရက်လုံးနေမှ ဆားကို လက်ဖက်ရည်ဇွန်းရဲ့ သုံးပုံတစ်ပုံလောက်ပဲ စားသင့်ပါတယ်။ ဒါပေမဲ့ အဲဒီလိုစားရင် တော်တော်ပေါ့တဲ့အတွက် မစားနိုင်ကြဘူး။ အနည်းဆုံးတော့ လူတစ်ယောက်က တစ်နေ့မှာ ဆားလက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်း စားနေကြပါတယ်။

အိမ်မှာလူငါးယောက်ရှိတယ်ဆိုရင် တစ်နေ့လုံး ချက်သမျှ ဟင်းတွေထဲမှာ ဆားက လက်ဖက်ရည် ဇွန်းငါးဇွန်းပဲ ထည့်သင့်ပါတယ်။ တကယ်တော့ မဟုတ်ဘဲ ဟင်းတစ်ခွက်-နှစ်ခွက်ထဲမှာပဲ ဖြစ်နေတယ်၊ အဲဒီအခါ ဟင်းသုံးလေးခွက် စားလေလေ၊ ဆားစားသုံးမှု ပမာဏကလည်း များလာလေလေဖြစ်ပါတယ်။ ဒါကြောင့် မြန်မာလူမျိုးတွေ သွေးတိုးကြတာ ဖြစ်ပါတယ်။ သွေးတိုးသမားတွေ ဆားလျှော့တာအပြင် ကော်ဖီလျှော့သောက်ရပါမယ်၊ လှုပ်ရှားမှုကို များများ ပြုလုပ်ရပါမယ်။ တစ်ရက် တစ်နာရီလမ်းလျှောက်ရင် သွေးတိုးက သိသိသာသာကျစေပါတယ်။

မေး။ ။ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်စေတဲ့ သွေးတွင်း ကိုလက်စထရောများတဲ့ ပြဿနာကိုလည်း ဘယ်လို ထိန်းသိမ်းသင့်ပါသလဲ ဆရာမ။
ဖြေ။ ။ ကိုလက်စထရောများတဲ့ အဓိက အကြောင်းရင်းက အပြင်စာ စားတာများလို့ပါ။ အပြင်စာမစားဘဲ ကိုလက်စထရောတက်တာက သွေးဆုံးခါနီးအရွယ်မှာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေ အသက် ၆၀ ကျော်သွားတဲ့အခါ ကိုလက်စထရောက ပြန်ကျသွားပါတယ်။ အီစထရိုဂျင်ဟော်မုန်းနည်းသွားလို့ပါ။

အမျိုးသားတွေဆိုရင် ဘီယာသောက်လို့ ကိုလက်စထရောများတတ်ပါတယ်။ အကြော်တွေ စားတာများရင်လည်း ကိုလက်စထရောများတတ်ပါတယ်။ ဟင်းအနှစ်တွေ၊ အာလူးကြော် စတာတွေကလည်း ကိုလက်စထရောများစေပါတယ်။

ကြက်ဥအနှစ်၊ ဘဲဥအနှစ်နဲ့ပတ်သက်ပြီး စားသင့်တယ်လို့ ပြောတဲ့သူ ရှိသလို တချို့က မစားသင့်ကြောင်း ပြောပါတယ်။ လူတစ်ယောက်က ကိုလက်စထရော တစ်နေ့ ၃၀၀ မီလီဂရမ် စားလို့ရပါတယ်။ ကြက်ဥအ၀ါနှစ်တစ်လုံးမှာ ကိုလက်စထရော ၈၀ မီလီဂရမ် ရှိပါတယ်။ နှစ်လုံးစားရင် ၁၆၀ မီလီဂရမ်ရှိ ပါတယ်။တကယ်လို့ တခြား ဆီကြော်စာတွေမစားဘူး ဆိုရင် ကြက်ဥနှစ်လုံးစားလို့ရပါတယ်။ဝက်သား၊ ကလီစာ၊ ဆီကြော်စာ စတာတွေ စားမယ်ဆိုရင်တော့ ကြက်ဥနှစ်လုံး မစားသင့်ပါဘူး။ တစ်နေ့လုံးစားတဲ့ အစာက ကိုလက်စထရော ၃၀၀ မကျော်ဘူးဆိုရင် စားလို့ ရပါတယ်။ အထူးသဖြင့် ကြက်ဥအနှစ်ထက် ကြက်အသည်းအမြစ်၊ ၀က်ဦးနှောက်၊ ကြက်ဦးနှောက် စတဲ့ တိရစ္ဆာန်ကလီစာတွေထဲမှာ ကိုလက်စထရော ပိုပြီး ပါဝင်ပါတယ်။

တချို့လူနာတွေကို ခရမ်းချဉ်သီး နည်းနည်းထည့်ပြီး မန်ကျည်းသီးနဲ့ ငါးဒန်ဗိုက်သားဟင်းကို ဆီနည်းနည်းနဲ့ ချက်ကျွေးခိုင်း လိုက်တဲ့အခါ တစ်လအတွင်း ကောင်းတဲ့ ကိုလက်စထရော (HDL)တွေ မြင့်တက်လာပြီး မကောင်းတဲ့ ကိုလက်စထရော (LDL) ကျသွားတာကို တွေ့ရ ပါတယ် . . .

နွားနို့ဆိုရင် အဆီထုတ်ထားတဲ့ နွားနို့သောက်မယ်ဆိုရင် ကိုလက်စထရော မတက်ပါဘူး။ကိုလက်စထရောမှာ ကောင်းတဲ့ ကိုလက်စထရော (HDL)နဲ့ မကောင်းတဲ့ ကိုလက်စထရော (LDL)ဆိုပြီး နှစ်မျိုးရှိပါတယ်။ ကောင်းတဲ့ ကိုလက်စထရောရဖို့အတွက် ငါးများများစားသင့်တယ်။ အထူးသဖြင့် မြန်မာပြည်မှာရနိုင်တဲ့ ဆယ်လ်မွန်ငါး၊ ငါးမြင်းဗိုက်သား၊ ငါးဒန်ဗိုက်သားစတာတွေ စားပေးသင့်ပါတယ်။ တချို့လူနာတွေကို ခရမ်းချဉ်သီးနည်း နည်းထည့်ပြီး မန်ကျည်းသီးနဲ့ ငါးဒန်ဗိုက်သားဟင်းကို ဆီနည်းနည်းနဲ့ ချက်ကျွေးခိုင်းလိုက်တဲ့အခါ တစ်လအတွင်း ကောင်းတဲ့ ကိုလက်စထရော (HDL)တွေ မြင့်တက်လာပြီး မကောင်းတဲ့ ကိုလက်စထရော(LDL) ကျသွားတာကို တွေ့ရပါတယ်။ ငါးဒန်က ဈေးသက် သာတဲ့အတွက် ငါးဒန်ဗိုက်သား စားပေးသင့်ပါတယ်။

နောက်တစ်ခုက ထောပတ်သီး စားလို့ရပါတယ်။ လူတွေက ထောပတ်သီးစားရင်ဝတယ်လို့ ထင်နေကြတယ်။ မဟုတ်ပါဘူး။ ထောပတ်သီးကို နို့၊ နို့ဆီ၊ သကြားမထည့်ဘဲ ထောပတ်သီးအ၀ါရောင် ခပ်ပျော့ပျော့လေးကို ဒီအတိုင်း စားပေးရင် ကောင်းတဲ့ ကိုလက်စထရောကို တက်စေပါတယ်။ တိုဟူးစားရင်၊ ပဲနို့သောက်ရင် ကောင်းတဲ့ ကိုလက်စထရောကို တက်စေပါတယ်။ အဆီနည်းတဲ့ မာဂျရင်းကို စားလို့ ရပါတယ်။

ဆီစားမယ်ဆိုရင် လူတစ်ယောက်က တစ်နေ့ကို ထမင်းစားဇွန်းကြီးနဲ့ တစ်ဇွန်းဆို လုံလောက်ပါပြီ။ ၂ ကျပ်သား-၃ ကျပ်သားလောက်ပဲ စားသင့်ပေမယ့် မြန်မာလူမျိုးတွေ စားတဲ့ ဆီကများပါတယ်။ မနက် ထမင်းကြော်စားရင်ကို ထမင်းစားဇွန်း တစ်ဇွန်းလောက် ပါသွားပါပြီ။ ဆီက မစားလို့လည်း မဖြစ်ပါဘူး။ ဆီစားမှ စိုစိုပြည်ပြည်ရှိတာ မှန်ပေမယ့် အလွန့်အလွန် စားသင့်တာက ထမင်းစားဇွန်းကြီး နှစ်ဇွန်းပဲ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေက ဆီပြန်ဟင်းမှ ချက်စားကြတယ်၊ ဒါပေမဲ့ အသားတုံးကိုပဲ ယူစားသင့်ပါတယ်၊ ဟင်းအနှစ်ကို မစားသင့်ပါဘူး။ ခဲနေတဲ့ စားအုန်းဆီ ကို အတတ်နိုင်ဆုံးရှောင်ပြီး ပဲဆီ ဒါမှမဟုတ် နေကြာဆီကို သုံးသင့်ပါတယ်။ ဒါမှမဟုတ် ပဲပုပ်စေ့ဆီကိုပဲ သုံးစေချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top