———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———
မိဘဆိုတာ ကိုယ့်ကလေးကို အကောင်းဆုံးဆိုတဲ့ အရာတွေနဲ့သာ ထိတွေ့စေချင်၊ အကောင်းဆုံးဆိုတာပဲ ဖြစ်စေချင်ကြသူတွေပါ။ ကိုယ့်ကလေးအနာဂတ်ကောင်းဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကလေးပြုစုလေ့ရှိပေမယ့် အကောင်းဆုံး ကလေးပြုစုနည်းအကြံတွေက တော်ပြီးထက်မြက်တဲ့ ကလေးတွေအဖြစ် ကြီးပြင်းလာစေပါတယ်။
အမေရိကန်သမ္မတဟောင်း အိုဘားမား၏ ကလေးပြုစုရေးနည်းလမ်း
“ကလေးတွေကို အကြွင်းမဲ့ ချစ်မေတ္တာပေးသလို စည်းမျဉ်းစည်းကမ်းတချို့ နဲ့ ပုံသွင်းပြုပြင်မှုတချို့ လည်း လုပ်ဆောင်သင့်ပါတယ်။ ကလေးတွေ ပြောစကားတွေကို နားလည်လာတာနဲ့အမျှ တချို့ အိမ်မှုကိစ္စတွေကို စတင်လုပ်ဆောင်ခိုင်းသင့်ပါတယ်။ ကျွန်တော်နဲ့ မီရှဲလ်က သမီးနှစ်ယောက်ကို အရွယ်အလိုက် တောက်တိုမယ်ရ အလုပ်တွေခိုင်းခဲ့ပါတယ်။ ရေချိုးပါ၊ ပဲစေ့တွေကိုစားပါ။ ကစားစရာအရုပ်တွေကို ကြမ်းပြင်ပေါ်ကကောက်ယူပါ။ အဲဒီလိုတင်းကျပ်ခဲ့တာကြောင့် သူတို့အသက် ၁၆ နှစ်ဝန်းကျင်အရွယ်မှာ သူတို့အတော်လေး စွမ်းဆောင်နိုင်စွမ်းရှိလာကြပါတယ်။
အင်ဂျလီနာဂျိုလီ၏ ကလေးပြုစုရေးနည်းလမ်း
“ကလေးတွေကို ဝေဖန်ပြစ်တင်မှု မလုပ်ခင် သူတို့ကိုယ်သူတို့ ဘာဖြစ်တယ်ဆိုတာ ဖော်ပြနိုင်ဖို့ ကြိုးစားခွင့်ပြုသင့်ပါတယ်။ ဒါက သူတို့ကြီးပြင်းလာမှုမှာ အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ဖြစ်လို့ပါပဲ။
ဟီလာရီကလင်တန်၏ ကလေးပြုစုရေးနည်းလမ်း
“ကျွန်မသမီး ငယ်ငယ်တုန်းက ကျွန်မပြောခဲ့ဖူးပါတယ်။ “ချဲလ်ဆီးရေ အရင်တုန်းက သမီးကလည်း ကလေးတစ်ယောက် မဟုတ်ခဲ့ဘူး။ မေမေကလည်း မိခင်တစ်ယောက် မဟုတ်ခဲ့ဘူး။ အခုတော့ သမီးနဲ့ မေမေက သားအမိဆိုတဲ့ ချည်နှောင်မှုခိုင်မြဲဖို့ အတူတူကူညီအားပေးသွားရအောင်” လို့ ပြောပြီး အဲဒီအတိုင်း ဖြတ်သန်းခဲ့ကြတာပါ”
ဂျုလီယာရောဘတ်၏ ကလေးပြုစုရေးနည်းလမ်း
“ကျွန်မ ကလေးမွေးစဉ်က ကျွန်မမိခင်ကို မကြာခဏ ဖုန်းဆက်ပြီး အကြံဥာဏ်တောင်းခဲ့မိပါတယ်။ အမေရဲ့ အကြံဥာဏ်က ကလေးပြုစုတဲ့အခါ ချစ်မေတ္တာပုံအောဖို့ အသုံးဝင်ခဲ့ပါတယ်”
မိုက်ကယ်ဂျေဖောက်စ်၏ ကလေးပြုစုရေးနည်းလမ်း
“ကလေးတွေကို အချိန်ပေးပါ။ လူတွေကပြောလေ့ရှိကြတယ်။ ငါ့ကို ငါးမိနစ်ပဲ အချိန်ပေးပါ၊ ၁၀ မိနစ်ပဲ အချိန်ပေးပါဆိုပြီး တောင်းဆိုတတ်ပေမယ့် ကလေးတွေကို အချိန်ပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။ ကလေးတွေကို အချိန်ပေးတာက ကလေးကြီးပြင်းလာရေးမှာ အရေးပါမှုတစ်ခုပါပဲ”
ဆယ်လ်မာဟေးရက်ခ်၏ ကလေးပြုစုရေးနည်းလမ်း
“သမီးတစ်လသား အရွယ်လောက်တုန်းက ကျွန်မအဒေါ်က ပြောခဲ့ဖူးပါတယ်။ “ကလေးကို ညတိုင်း ကိုယ့်ဘာသာသိပ်ပါ၊ သီချင်းဆိုပြပါ၊ ပွေ့ ဖက်ပြီး သူ့ဘေးမှာထိုင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆိုရင် မင်းလုပ်နိုင်မှာ မဟုတ်တော့ဘူး”တဲ့။ တကယ်ပါပဲ။ အချိန်တွေ အကုန်မြန်လွန်းခဲ့ပါတယ်”