———၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊———
မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းအတိုင်းအတာ
ကမ္ဘာတ၀န်းလုံး သေဆုံးသူတွေထဲမှာ ၁ ဒဿမ ၄ ရာခိုင်နှုန်းက မိမိကိုယ်မိမိသတ်သေမှုကြောင့်ဖြစ်တယ်။ လူဦးရေတစ်သိန်းမှာ တစ်နှစ်အတွင်း မိမိကိုယ်မိမိသတ်သေသွားသူ (၁၁ ဒဿမ ၄) ယောက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ လူဦးရေတစ်သိန်းမှာ တစ်နှစ်အတွင်း မိမိကိုယ်မိမိအဆုံးစီရင်သူ ၂၀၀၅ ခုနှစ်က ၃ ဒဿမ ၅ ယောက်ရှိပြီး ၂၀၁၆ ခုနှစ်မှာ ၉ ဒဿမ ၅ ယောက်ရှိတယ်လို့ သိရပါတယ်။( Statista 2020)။ ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း မိမိကိုယ်မိမိသတ်သေသွားသူစုစုပေါင်း ၄၀၀၀ ကျော်ရှိတယ်လို့လည်း ဖတ်လိုက်ရတယ်။ မိမိကိုယ်မိမိသတ်သေသူတစ်ယောက်ရှိရင် မိမိကိုယ်မိမိသတ်သေဖို့ ကြိုးစားသူက ၂၀ ယောက်ရှိပါတယ်။
မိမိကိုယ်မိမိသတ်သေနိုင်ခြေများပြားစေသော အကြောင်းရင်းအချက်အလက်များ
ခန္ဓာကိုယ်ကျန်းမာရေး- ကုသရခက်တဲ့နာတာရှည်ရောဂါ၊ နာတာရှည်နာကျင်ကိုက်ခဲရောဂါနဲ့ မသန်စွမ်းဖြစ်စေတဲရောဂါခံစားရသူတွေထဲမှာ မိမိဘ၀ကို အရှုံးပေးချင်စိတ်ရှိသူများပြားတယ်။ ဥပမာ-ကျောက်ကပ်တုစက်နဲ့ ကုသဖို့ လိုအပ်တဲ့ နာတာရှည်ကျောက်ကပ်ရောဂါ၊ နာတာရှည်အဆုတ်ရောင်အဆုတ်ပွ (COPD)ရောဂါ၊ ကင်ဆာရောဂါ၊ HIV/AIDS ခုခံအားကျဆင်းရောဂါ၊ လေးဘက်နာရောဂါ (Quadriplegia)၊ အထွေထွေကြွက်သားသေရောဂါ (Multiple Sclerosis) ၊ နာတာရှည် နှလုံးအားနည်းရောဂါ၊ ဦးနှောက် လေဖြတ်ရောဂါ၊ ဆီးချိုရောဂါနဲ့ လူငယ်တွေထဲမှာပန်းနာရောဂါ စသည်တို့ဖြစ်တယ်။
စိတ်ကျန်းမာရေး- မိမိကိုယ်မိမိသတ်သေသူတွေထဲမှာ၊ ၉၀ ရာခိုင်နှုန်းလောက်က စိတ်ရောဂါတစ်ခုခု ခံစားနေရတာတွေ့ရှိရတယ်။ စိတ်ကျရောဂါ၊စိတ်ကျစိတ်ကြွရောဂါ၊ အရက်စွဲရောဂါ၊ မူးယစ်ဆေးစွဲရောဂါနဲ့ စိတ်ကစဥ့်ကလျားရောဂါများ ဖြစ်တယ်။ အဲ့လိုရောဂါရှိသူတွေထဲမှာ၊ ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းက မိမိကိုယ်မိမိ အဆုံးစီရင်သွားတတ်ပါတယ်။ စိတ်လှုပ်ရှားလွယ်ခြင်း၊ ဒေါသကြီးခြင်း၊ တဇွတ်ထိုးလုပ်တတ်ခြင်း၊ အဆိုးမြင်စိတ်များခြင်းစတဲ့ ကိုယ်ရည်ကိုယ်သွေး ချို့ ယွင်းလက္ခဏာလွန်ကဲရင်လည်း မိမိကိုယ်မိမိ အန္တရာယ် ပြုနိုင်ခြေများတယ်။ အစားရှောင်လွန်းရောဂါ (Anorexia Nervosa)၊အစားကြူးရောဂါ (Bulimia)နဲ့ ဘေးအန္တရာယ်ကြုံတွေပြီး ဖြစ်ပွားစိတ်ဖိစီးမှုရောဂါ (PTSD) ရှိသူများထဲမှာ မိမိကိုယ်မိမိသတ်သေနှုန်းများတယ်။
လူမှုရေးပြဿနာအခက်အခဲ – မျှော်လင့်ချက်ကုန်ဆုံးခြင်း၊ နစ်နာဆုံးရှုံးမှု ခံစားရခြင်း၊ အရှက်တကွဲဖြစ်ရခြင်း၊ သိက္ခာချတာခံရခြင်း၊ ဒါမှမဟုတ်၊ ထွက်ပေါက်မရှိလှောင်ပိတ်မိနေသလိုခံစားရခြင်းစတဲ့ဖိစီးမှုမျိုးကို ဖြစ်စေတဲ့ လူမှုရေးပြဿနာနဲ့ ကြုံတွေ့ရရင် မိမိကိုယ်မိမိသတ်သေချင်စိတ် ဖြစ်ပေါ်တတ်ပါတယ်။ ဥပမာ- အလုပ်ပြုတ်ခြင်း၊ စီးပွားရေးပျက်စီးခြင်း၊ မြန်မာနိုင်ငံမှာစီးပွားရေးပျက်စီးခြင်းနဲ့ အကြွေးထူလာခြင်းက မိမိကိုယ်မိမိသတ်သေမှု ဖြစ်စေတဲ့ အဓိကလူမှုရေးပြဿနာ ဖြစ်တယ်လို့ဆိုပါတယ်။ (Myanmar Times 6 July 2018)။
လူငယ်လူရွယ်တွေထဲမှာ စာမေးပွဲကျခြင်း၊ ချစ်သူကပစ်ပယ်တာခံရခြင်း၊ ကျောင်းမှာအနိုင်ကျင့်တာခံရခြင်း၊ လူမှု့ကွန်ရက်ထဲမှာ အနိုင်ကျင့်တာ၊ လိုက်လံနှောင့်ယှက်တာ၊ အရှက်ခွဲတာ၊ အပုပ်ချတာခံရခြင်းစတဲ့ အတွေ့အကြုံရှိရင် သတိထားရမယ်။ အရွယ်ရောက်သူတွေထဲမှာ၊ အိမ်ထောင်ပျက်ခြင်း၊ မိသားစုဝင်တဦးဦး သေဆုံးခြင်း၊ အကြမ်းဖက်နှိပ်စက်တာခံရခြင်းရှိရင်၊ ဒဏ်ခံရသူက ချောင်ပိတ်မိနေသလို ရုန်းထွက်နိုင်စွမ်း မရှိသလိုခံစားရမယ်။ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးတွေက၊ အရှက်ကွဲရတဲ့ဒဏ်ကိုမခံနိုင်လို့ သေချင်စိတ် ပေါက်လာနိုင်ပါတယ်။
နောက်ကြောင်းရာဇ၀င်- မိသားစုဝင်ထဲမှာ မိမိကိုယ်မိမိ သတ်သေတဲ့ရာဇ၀င်နဲ့ ယခင်ကမိမိကိုယ်မိမိ သတ်သေဖို့ကြိုးစားဖူးတဲ့ အဖြစ်အပျက်ရှိရင်၊ ပိုပြီးသတိထားရမယ်။ အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက် တွေရှိရင် ဘယ်အသက်အရွယ်မှာမဆိုမိမိကိုယ်မိမိ အန္တရယ်ပြုဖို့ အလားအလာများပါတယ်။ ဒါပေမဲ့ လူငယ်ပိုင်းနဲ့ အသက်အိုမင်းသူများထဲမှာမိမိကိုယ်မိမိသတ်သေနှုန်းများပြားတာတွေ့ရတယ်။ မြန်မာနိုင်ငံမှာမိမိကိုယ်မိမိသတ်သေသူများထဲမှာ ၂၂ ရာခိုင်နှုန်းကအသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းဖြစ်တယ်။ ၃၆ ရာခိုင်နှုန်းကတော့ အသက် ၂၅ နှစ်မှ ၄၀ အတွင်းဖြစ်တယ်လို့ ဖတ်လိုက်ရတယ်။
မကြာမီ မိမိကိုယ်မိမိ သတ်သေရန်ကြိုးစားမည့် မီးနီပြအရိပ်လက္ခဏာများ
မိမိကိုယ်မိမိ အန္တရာယ်ပြုနိုင်တဲ့ အကြောင်းရင်းတွေရှိသူတိုင်း မိမိကိုယ်မိမိအဆုံးစီရင်သွားတာမဟုတ်ပါဘူး။ ဒါပေမဲ့ မကြာမီမိမိကိုယ်မိမိသတ်သေနိုင်ခြေများပြားလာတဲ့ မီးနီပြလက္ခဏာ (Imminent Risk) တွေကို အထူးဂရုစိုက်ရပါတယ်။
♦ မိမိကိုယ်မိမိသတ်သေချင်တယ်။ သေတာပဲကောင်းပါတယ် စသဖြင့် ဖွင့်ဟပြောဆိုခြင်း၊ မှတ်တမ်းရေးခြင်း၊ အရိပ်အခြည်ပြခြင်း။
♦ ကိုယ်ပိုင်ပစ္စည်းတွေကို ပေးဝေခြင်း၊ ရှင်းလင်းပစ်ခြင်း၊ မိတ်ဆွေသူငယ်ချင်းများကို နောက်ဆုံး နှုတ်ဆက် စကားလိုက်ပြောခြင်း။
♦ မိမိကိုယ်မိမိအသက်အန္တရာယ် ပြုရန်လိုအပ်တဲ့ ပစ္စည်းများကိုစုဆောင်းခြင်း၊ သိုဝှက်ထားခြင်း။ (ဥပမာ- အိပ်ဆေးစုဆောင်းခြင်း၊ ကြိုးခွေကို ရှာဖွေဝှက်ထားခြင်း)
♦ အထီးကျန်နေခြင်း၊ စကားပြောနည်းလာခြင်း၊ မျှော်လင့်ချက်ကုန်ဆုံးစိတ်ရှိခြင်း၊ ထွက်ပေါက်မရှိ ချောင်ပိတ်မိ နေသလိုခံစားလာရခြင်း။
♦ အန္တရာယ်မကင်းတဲ့ အပြုအမူများ ပြုလုပ်လာခြင်းဥပမာ- အရက်မူးအောင်သောက်ခြင်း၊ မူးယစ်ဆေးမူးခြင်း။
♦ စိတ်အပြောင်းအလဲ မြန်လာခြင်း။
♦ တစ်ညလုံးအိပ်မပျော်ခြင်း။ အိမ်မျက်နှာကြက်ကိုသာစိုက်ကြည့်နေခြင်း။ အိပ်ရာမှ ထိုင်လိုက်ထလိုက်လုပ်ခြင်း။
♦ အတွေးရှုပ်ထွေးခြင်း။ အကြောင်းအရာတစ်ခုခုကိုသာထပ်တလဲစဉ်းစားနေခြင်း၊ အတွေးဘောင် ကျဉ်းမြောင်း လာခြင်း (Tunnel Vision)
♦ အလွန်အမင်းစိုးရိမ်သောကပွားများနေခြင်း၊ အလွန်အမင်းဂနာမငြိမ်ဖြစ်ခြင်း စသည်တို့ဖြစ်ပါတယ်။
မိသားစုထဲမှာမိမိကိုယ်မိမိသတ်သေဖို့ အန္တရာယ်များသူရှိရင် ဘာလုပ်သင့်သလဲ . . .
♦ မိမိကိုယ်မိမိအသက်အန္တရာယ်ပြုနိုင်သူကိုတစ်ယောက်တည်းမထားသင့်ဘူး။
♦ အသက်အန္တရာယ်ပြုဖို့ အသုံပြုနိုင်တဲ့ ပစ္စည်းတွေကို သိုဝှက်ထားရမယ်။ ဥပမာ- ဓားလက်နက်၊ ပိုးသတ်ဆေး၊ အရက်ပြန်၊ ဆေးအမျိုးမျိုး။
♦ မိမိကိုယ်မိမိသတ်သေချင်စိတ်နဲ့ပတ်သက်ပြီးဖွင့်ဟပြောဖို့ အားပေးတိုက်တွန်းပါ။ ဝေဖန်တာ အပြစ်တင်တာမျိုးမပြောရဘူး။ စာနာပေးရမယ်။ နားလည်ပေးရမယ်။
♦ သေခြင်းတရားဆိုတာ ထာဝရပြောင်းလဲချင်လို့မရတော့ဘူး။ အခုကြုံတွေ့နေရတဲ့ ပြဿနာတွေက တဒင်္ဂ။ ပြောင်းလဲလို့ရတယ်။ ပြောင်းလဲသွားမှာသေချာတယ်ဆိုတာကိုသတိပေးနိုင်တယ်။
♦ သေချင်တဲ့စိတ် ဖြစ်ပေါ်လာတဲ့ အကြောင်းအရင်းတွေကိုမေးကြည့်။ ဆက်လက်ပြီးအသက်ရှင်နေသင့်တဲ့ အကြောင့်ရင်းတွေကိုစဉ်းစားခိုင်း။ ဆွေးနွေးခိုင်း။ ဘာဘာရေးနဲ့ တရားပြဖျောင်းဖျ။
♦ မိမိကိုယ်မိမိသတ်သေခြင်းအကြောင်းကိုပြောဆိုဆွေးနွေးလို့ ကာယကံရှင်ကသတ်သေချင်စိတ်ပိုပြီး ပြင်းပြလာမှာမဟုတ်ပါဘူး။ စိတ်သက်သာမှု ရရှိစေပါတယ်။
♦ ကာယကံရှင်ကစိတ်ရောဂါကုသဆေးသောက်သုံးနေရတယ်ဆိုရင်၊ ဆေးမှန်မှန်သောက်ဖြစ်အောင် ကြည့်ရှုကြပ်မပေးရမယ်။ ကုသပေးနေတဲ့ ဆေးရုံ၊ ဆေးခန်းနဲ့ ဆရာဝန်ကို ဆက်သွယ်ဆွေးနွေးသင့်တယ်။
♦ ကိုဗစ် ၁၉ ကာလ၊ လော့ဒေါင်းခံနေရတဲ့ အချိန်မှာအရေးကြီးရင် ဆက်သွယ်အကူအညီတောင်းနိုင်တဲ့ Hotline တစ်ခုတွေ့ရှိရတယ်။ Callme Today လို့ ခေါ်တယ်။ ဖုန်းနံပါတ် + ၉၅၉ ၆၉၃ ၅၅၇ ၇၄၈ လို့ သိရပါတယ်။