Healthy Life Ad
Q & A

ဆီးကျိတ်ကြီးခြင်းနဲ့ ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာ

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. ဆီးကျိတ်ကြီးတာရဲ့ လက္ခဏာတွေနဲ့ ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာတွေက ဘာတွေပါလဲ။

A. ဆီးကျိတ်ကြီးတာရဲ့ လက္ခဏာတွေကတော့ ဆီးသွားပြီး ဆီးတစ်စက်စက်ကျနေတာ၊ ဆီးမသွားနိုင်တာ၊ ဆီးမထိန်းနိုင်တာ၊ ညဘက်မှာ နှစ်ကြိမ်နဲ့အထက် ဆီးသွားဖို့လိုနေတာ၊ ဆီးသွားစဉ် နာကျင်တာ၊ သွေးပါတာ၊ ဆီးသွားချိန်ကြာတာ၊ ဆီးသွားရင် ဒဏ်ပိနေသလို ခံစားရတာ၊ ဆီးသွားချင်စိတ် မကြာခဏ ပြင်းပြနေတာနဲ့ ဆီးသွားရင် အားနည်းတာတွေပဲ ဖြစ်ကြပါတယ်။ အသက် ၄၀ ကျော် အမျိုးသားအနည်းငယ်မှာ ဆီးကျိတ်ကြီးတာကို တွေ့ရပေမယ့် အသက် ၈၀ ကျော်လာသူ ၉၀ ရာခိုင်နှုန်းကျော်မှာ ဆီးကျိတ်ကြီးတာကို တွေ့ရပါတယ်။ ဆီးကျိတ်ကင်ဆာဟာ အစပိုင်းမှာ လက္ခဏာမပြတတ်ပါဘူး။ တချို့လူတွေမှာ နှစ်အတော်ကြာအထိ လက္ခဏာမပြပါဘူး။

ဒါကြောင့် ကြိုတင်စစ်ဆေးတာက အကျိုးရှိပါတယ်။ ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာတွေကတော့ ဆီးသွားရခက်ခဲတာ၊ ဆီးလုံးသေးသွားတာ၊ ဆီးပူတာ၊ ဆီးကျဉ်တာ၊ ဆီးအတွင်းသွေးပါတာ၊ ဆီးလမ်းကြောင်းပိတ်ဆို့မှုကြောင့် ဆီးမသွားနိုင်တာတို့ ဖြစ်ပါတယ်။ ဆီးကျိတ်မှ ကင်ဆာဆဲလ်တွေ တခြားနေရာတွေကို ပျံ့နှံ့တာကြောင့် နုံးချည့်တာ၊ အားအင်ကုန်ခမ်းတာ၊ ကိုယ်အလေးချိန်လျော့ကျတာ၊ ခါးနာတာ၊ ဗိုက်နာတာ၊ ချောင်းဆိုးတာနဲ့ အသားဝါတာတို့ ခံစားရနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top