Healthy Life Ad
Q & A

သွေးတိုး ရှိ၊ မရှိ ၂၄ နာရီ လက်မှာပတ်ပြီး တိုင်းရတဲ့အရာ . . .

မေး. သွေးတိုး ရှိ၊ မရှိ ၂၄ နာရီ လက်မှာပတ်ပြီး တိုင်းရတယ်လို့ သိရပါတယ်။ အဲဒါက ဘယ်လိုဟာမျိုးလဲ ဆရာ။
Zaw Moe Hlaing (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. တချို့တွေက အိမ်မှာ သွေးပေါင်တိုင်းရင် ပုံမှန်ပဲ။ ဆရာဝန်ဆီလာပြလို့ တိုင်းလိုက်ရင် သွေးတိုးနေတတ်တယ်။ အဲဒါကို White Coat Hypertension လို့ခေါ်ပါတယ်။ သူက စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်နဲ့ ထိတ်လန့်စိတ်က အတွင်းခံရှိနေတဲ့အခါ သွေးတိုးနေတတ်ပါတယ်။ ဒါပေမဲ့ သူက “အိမ်မှာဆိုရင်တော့ သွေးမတိုးဘူး၊ ဆရာနဲ့တွေ့ရင်၊ ဒီမှာတိုင်းရင် သွေးတိုးနေပါတယ် ဆရာ”လို့ ပြောတတ်တယ်။ ဒီလို လူတွေကိုကျတော့ သွေးတိုးရောဂါ သတ်မှတ်မလား၊ မသတ်မှတ်ဘူးလားဆိုတာ စဉ်းစားရတယ်။ ယာယီသွေးတိုးခြင်းဆိုတာရှိတယ်။ ဥပမာ လူတစ်ယောက်က ခေါင်းမူးရင်၊ ခန္ဓာကိုယ်တစ်နေရာက နာရင်၊ ကြောက်ရင် သွေးတိုးတတ်တယ်။ အဲဒါတွေ မရှိတော့ရင် ပြန်ကျသွားတတ်တယ်။

ဒါက သွေးတိုးရောဂါမဟုတ်ဘူး၊ ယာယီသွေးတိုးတာပါ။ ဒါကြောင့် လူတစ်ယောက် သွေးတိုးရောဂါ ရှိ၊ မရှိခွဲခြားသိရှိနိုင်ဖို့ အပြင်ကလာပြီး ဆေးခန်းထဲမှာ ၁၅ မိနစ်-နာရီဝက် ထိုင်ခိုင်းလိုက်တယ်။ ပြီးမှ သွေးပေါင်ချိန်လေ့ ရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲချိန်ချိန် ဆေးရုံ၊ ဆေးခန်းမှာတိုင်းရင် သွေးပေါင်များတယ်၊ အိမ်မှာတိုင်းရင် သွေးပေါင်ပုံမှန်ပဲဆိုတဲ့ လူတွေအတွက်ကျတော့ သွေးတိုးရောဂါ ရှိ၊ မရှိ ဖော်ထုတ်ဖို့ ၂၄ နာရီ Ambulatory Blood Pressure နဲ့ တိုင်းရပါတယ်။ ၁၅ မိနစ်တစ်ခါ၊ နာရီဝက်တစ်ခါ စက်က တိုင်းတိုင်းပြီး မှတ်ထားပေးတယ်။ ၂၄ နာရီမှတ်တမ်းကို ပြန်ကြည့်ပြီး ဘယ်အချိန်မှာ သွေးတိုးသလဲ၊ နားနေတဲ့အချိန်မှာ လျော့သလား၊ လှုပ်ရှားတဲ့အချိန်မှာ လျော့သလား၊ သတ်မှတ်ထားတဲ့ သွေးပေါင်ထက် များတဲ့အချိန်က များနေသလား စသဖြင့် ဆန်းစစ်ပြီး သွေးတိုးရောဂါ ရှိ၊ မရှိ ဖော်ထုတ်တာပါ။

သွေးတိုးရောဂါရှိတယ်လို့ သိသွားရင် နံပါတ်တစ်လုပ်ရမှာက ဘ၀နေထိုင်စားသောက်မှုပုံစံ (Lifestyle)ကို ကျန်းမာရေးနဲ့ညီအောင် ပြောင်းလဲရတာပဲ ဖြစ်ပါတယ်။ အဲဒါတွေက အဆီအအိမ့်ရှောင်ခိုင်းတယ်၊ လေ့ကျင့်ခန်းလုပ်ခိုင်းတယ်၊ စိတ်ဖိစီးမှုလျှော့ချခိုင်းပါတယ်။ ဒါတွေလုပ်လို့မှ တစ်လအတွင်း သွေးပေါင်က ကျသင့်တဲ့ အတိုင်းအတာအထိ ကျမလာဘူးဆိုရင် ဆေးဝါးကုထုံး ပေးရပါတယ်။ ဒါကြောင့် လူတစ်ယောက် သွေးတိုးရောဂါ ရှိ၊ မရှိဆိုတာ သတ်မှတ်ဖို့ အရေးကြီးတဲ့အတွက် ၂၄ နာရီ သွေးပေါင်ချိန်တာကို လုပ်တတ်ပါတယ်။ ဒါပေမဲ့ ဆေးရုံက အထူးကြပ်မတ်ကုသဆောင်ထဲထားတဲ့သူတွေနဲ့ ရောဂါတစ်ခု ရှိ၊ မရှိ ရှာရာမှာ သုံးလေ့ရှိပါတယ်။ တစ်ချက်တစ်ချက်မှ သွေးတိုးတဲ့အခါ ခေါင်းကိုက်ပြီး ကတုန်ကယင်ဖြစ်စေတဲ့ ရောဂါမျိုးရှိတယ်။ အဲဒါကို ရှာလေ့ရှိတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top