Healthy Life Ad
Life Style

အူမကြီးကင်ဆာ အဆင့်(၃) ကုပြီးနောက် လူလတ်ပိုင်းအရွယ်လို ပြန်လည်ကျန်းမာသန်စွမ်းလာတဲ့ ဦးဥာဏ်ထွန်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

၂၀၁၅ ခုနှစ်၊ ဧပြီလတွင် အသက် ၆၇နှစ်အရွယ် ဦးဥာဏ်ထွန်းသည် ၀မ်းသွားရသည်ကို အားမရဘဲ မကြာခဏ ၀မ်းသွားနေခဲ့သော်လည်း တဖြည်းဖြည်းသွေးပေါင်ကျလာသည့် စက်တင်ဘာလရောက်မှသာ ကျန်းမာရေးစစ်ဆေးမှုခံယူဖြစ်ခဲ့ကြောင်း သူ၏ ကင်ဆာခရီးလမ်းအစကို ပြန်လည်ပြောပြခဲ့သည်။

“ ၂၀၁၅ ဧပြီလလောက်ကစပြီး ၀မ်းခဏခဏသွားပြီး တဖြည်းဖြည်းနဲ့ သွေးပေါင်တွေက ကျလာတယ်။ ၀မ်းခဏခဏသွားတယ်ဆိုပေမယ့် ၀မ်းလျှောတာမဟုတ်ဘူး။ ၀မ်းသွားတာက စိပ်စိပ်လာပြီး တစ်ရက်ကို ၁၀ ကြိမ်လောက်အထိ ရောက်လာတော့ စစ်ကြည့်လိုက်တယ်။

အစာအိမ်ရောဂါဖြစ်နေတာလားမသိဘူးဆိုပြီး စက်တင်ဘာလဆန်းကျမှ ဆေးသွားစစ်ရင်းရောဂါရှာရတယ်။ နောက်ဆုံး ဦးကသွေး ပေါင်ကျသွားပြီး သတိလစ်သွားတယ်။ အဲဒီအချိန်ကျ မှ အစာအိမ်မှန်ပြောင်းကြည့်လိုက်တဲ့အချိန်မှာ ကင်ဆာလို့ သံသယ၀င်တယ်”
နောက်ပိုင်း အသားစယူစစ်ဆေးခဲ့ရာ အူမကြီးကင်ဆာဟု အဖြေထွက်ခဲ့သဖြင့် တပ်မတော်စစ်ဆေး ရုံသို့တက်ရောက်ပြီး ကင်ဆာပါရဂူပါမောက္ခဦးစိန် လင်းနှင့် ခွဲစိတ်ကုသမှုခံယူခဲ့ကြောင်း ဦးဥာဏ်ထွန်းက ဆိုသည်။

“ ဦးက ကင်ဆာလို့သိပေမယ့် ဘယ်လိုမှမခံ စားရဘူး။ အူမကြီးကင်ဆာ အဆင့် (၃)ဆိုတော့ ဆရာဝန်ကြီးနဲ့တိုက်ရိုက်ဆွေးနွေးလိုက်တယ်။ ဘယ်လို ဖြစ်နိုင်သလဲ၊ ဘယ်လောက်ခံမလဲ၊ ကုရင်ဘယ် လောက်ခံမလဲ၊ မကုရင် ဘယ်လောက်ခံမလဲ စသဖြင့် မေးပါတယ်။ ဆရာကြီးကတော့ မကုဘဲနေရင် တစ်နှစ်-နှစ်နှစ်လောက်ပဲ ခံမယ်၊ ကုလို့အောင်မြင်ရင်တော့ အသက်ရှည်မယ်လို့ ပြောပါတယ်။ ဦးက ဘာလို့ မေးတာလဲဆိုတော့ ကျန်နေတဲ့ ဘ၀လက်ကျန်အချိန်လေးမှာ ဘာလုပ်ရမလဲ စဉ်းစားချင်လို့ပါ။ ဦးလုပ်နိုင်တာက တရားလေး ဘာလေး မှတ်တာမျိုးပေါ့၊ အဲဒီအချိန်မှာ သိပ်လည်း မကြောက်ဘူး၊ စိတ်ဓာတ်မာတာက ရောဂါပျောက်တဲ့ အခြေခံလို့ ဆိုရမှာပါပဲ။ အဲဒီအချိန်ကစပြီး ဘုရားတရားပဲ အဓိက လုပ်တယ်။ တရားထိုင်တာက ထွက်ပေါက်ပဲလို့တွေး လိုက်တယ်”


အူမကြီးကင်ဆာအကျိတ်ကို ခွဲစိတ်မှု အောင်မြင်ပြီးနောက် ကင်ဆာဆေးသွင်းကုသမှုကို ခြောက်ကြိမ်တိတိ ခံယူခဲ့ရပြီး စားဆေးကို ၁၄ ရက်စားပြီး ခုနစ်ရက်နားသည့်ပုံစံဖြင့် စုစုပေါင်း ၁၀ ကြိမ် မှီဝဲခဲ့ရကြောင်း ဦးဥာဏ်ထွန်းက ဆိုသည်။

“ ကင်ဆာဆေးသွင်းတုန်းက ပထမဆုံးအကြိမ်မှာ ရှော့ခ်ဖြစ်ပြီး သတိလစ်သွားတယ်။ ကျန်တာကတော့ ဘာမှ မဖြစ်ဘူး။ သွေးပေါင်ကျပြီး သတိလစ်သွားတာ။ သွေးပေါင်ကျလို့သာ သတိလစ်သွားပေမယ့် တရားမှတ်နိုင်တယ်။ နာတာကျဉ်တာလည်း မဖြစ်တော့ တရားထိုင်နိုင်တယ်။ သုံးကြိမ်မြောက်ရောက်တော့ ဘာမှ မဖြစ်တော့ဘူး။ ကင်ဆာဆေးဒဏ်ကို ခံနိုင်သွားပါတယ်။

ဦးအတွေ့အကြုံအရ အကြံပေးချင်တာက ကိုယ့်ကိုယ်ကိုယ်စိတ်ဓာတ်ကြံ့ခိုင်အောင် လေ့ကျင့်ဖို့က နံပါတ်တစ်လို့ ထင်ပါတယ်။ ကျန်တာကတော့ ဆရာဝန် ညွှန်ကြားတဲ့ အတိုင်းစားသောက်လိုက်နာဖို့ပါပဲ။ တရားထိုင်ထားတဲ့သူ ဖြစ်တော့ ဟိုဟာဖြင့် မစားနိုင်ဘူး၊ ဒီဟာဖြင့် မစားနိုင်ဘူးလို့ မရှိတော့ဘူး။ စားသင့်တာကို စားဖြစ်သွားပါတယ် . . .

ကင်ဆာဆေးသွင်းတုန်းက အစားအသောက် အနေနဲ့ တစ်ရက်မှာ ကြက်ဥပြုတ်ခြောက်လုံး၊ မနက် နှစ်လုံး၊ နေ့လယ် နှစ်လုံး၊ ညနှစ်လုံး စားတယ်။ မန်ကျည်းသီးနဲ့ ချက်တဲ့ ကန်စွန်းရိုးချဉ်ရည် တစ်ပန်းကန်၊ ငါးဟင်းစားတယ်။ ကင်ဆာဆေးသွင်းတဲ့ခြောက်လအထိ ထမင်းပျော့ပျော့စားခဲ့တယ်။ နောက်ပိုင်းတော့ ပုံမှန်ထမင်းကိုပဲစားပါတယ်။ ရဲယိုရွက် ဖျော်ရည်၊ သင်္ဘောရွက်ဖျော်ရည်၊ မုန်လာဥနီဖျော်ရည်၊ ခရမ်းချဉ်သီးဖျော်ရည် စတာတွေကို ပုံမှန်သောက်ခဲ့တော့ဆံပင်မကျွတ်တဲ့အပြင် ဆံပင်ကနက်တောင် နက်လာသေးတယ်”

ဦးဥာဏ်ထွန်း ကင်ဆာကုသနေသည့်တစ်လျှောက်လုံး သမီးဖြစ်သူက ရံဖန်ရံခါလာရောက်ပြုစုခဲ့ပြီး အထက်တန်းပြဆရာအဖြစ်မှ အငြိမ်းစားယူခဲ့ သဖြင့် လာရောက်အားပေးကြသည့် တပည့်တပန်းများသော်လည်း “ ဆရာဝန်က တွေ့ခွင့်မပေးဘူး၊ မလာကြနဲ့” ဟူ၍တားမြစ်ပြီး သူများကိုအားမကိုးဘဲ စိတ်ဓာတ်မာအောင်ကျင့်ကြံခဲ့ကြောင်းသိရသည်။

“ ဆရာဝန်တွေက ဦးကို သတ္တိကောင်းတယ်လို့ ပြောကြတယ်။ တကယ်တော့ သတ္တိကောင်းတာ မဟုတ်ဘူး။ ကိုယ့်ဘာသာ လေ့ကျင့်တာပါ။ ဒါက ဘာ မှဟုတ်ပါဘူး၊ ဒါကို ကြောက်နေလည်း သေမှာက သေမှာပဲ၊ မကြောက်လည်း သေမှာက သေမှာပဲဆိုပြီး တရားမှတ်လိုက်တယ်။ တရားမှတ်လိုက်မှပဲ အဲဒီအာရုံက ပျောက်တာကိုး။ ပဌာန်းတို့ ဘာတို့ ရွတ်လိုက်ရင် ဒီအာရုံက ပျောက်သွားတယ်”
အူမကြီးကင်ဆာဖြစ်ရခြင်း၏ အကြောင်းရင်းကို မေးမြန်းကြည့်ခဲ့ရာ-
“ ဦး ရန်ကုန်ရောက်တာ နှစ် ၂၀ရှိပြီ။ ရန်ကုန်ရောက်ကတည်းက တစ်နေ့ကို ဆေးလိပ် တစ်ဘူးခွဲ လောက်ကုန်တယ်။ ဆေးလိပ်ကြောင့် ဖြစ်တယ်လို့ပဲ ထင်ပါတယ်။ အရက်ကတော့ ရံဖန်ရံခါလောက်ပဲဆိုတော့ မဖြစ်နိုင်ပါဘူး” ဟု ဦးဥာဏ်ထွန်းက သူ၏ ထင်မြင်ချက်ကို ပြောပြခဲ့သည်။
နောက်ဆုံး ကျန်းမာရေးစစ်ဆေးမှုအရ ကင်ဆာဆဲလ်မရှိတော့ဟု သိရချိန်တွင် ဦးဥာဏ်ထွန်းသည် ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်ဖြစ်ကြောင်း ယခုလို ပြောပြခဲ့သည်။

“ ဆေးကုပြီးတဲ့အချိန်မှာ ဆေးလိပ်လည်း မသောက်တော့ဘူး၊ အရက်လည်း လုံးဝမသောက် တော့ဘူးဆိုတဲ့အချိန်ကျတော့ နာလန်ထတာ မြန်ပါတယ်။ အစားအသောက်ကိုလည်း ဂရုတစိုက် စားပါ တယ်။ ဆရာဝန်က မစားနဲ့လို့ ပြောတဲ့ အစားအ သောက်ဆိုရင် လုံးဝမစားပါဘူး။ တရားထိုင်တာကတော့ အခုချိန်ထိ မနက် တစ်နာရီ၊ ညတစ်နာရီ အနည်းဆုံး ပုံမှန်ထိုင်ဖြစ်ပါတယ်။ ပြီးတော့ သင်္ဘောရွက်အစိမ်းအတိုင်း မွှေစက်(Blender)ထဲ ထည့်ပြီး မနက်တစ်ခွက်၊ ညတစ်ခွက် သောက်ဖြစ်တယ်။ ပြီးတော့ မုန်လာဥနီဖျော်ရည်လည်းသောက်တယ်။ ဒီလိုစားသောက်တော့ ကင်ဆာကုပြီးနောက်ပိုင်း နှစ်နှစ်လောက်အတွင်း ခေါင်းခဲဗိုက်နာကို မဖြစ်တော့ပါ ဘူး၊ ၀မ်းလည်း မှန်တယ်။ ဦးကို ကုပေးခဲ့တဲ့ ဒေါက် တာစိန်လင်းကိုယ်တိုင်က သောက်ခိုင်းတယ်။ ဒီတစ်ခါ မန်ကျည်းသီးမှည့်နဲ့ကန်စွန်းရိုးဖျော်ရည် သောက် လို့တောင်ပြောလိုက်သေးတယ်”

အူမကြီးကင်ဆာမဖြစ်မီက ဦးဥာဏ်ထွန်း၏ ကိုယ်အလေးချိန်မှာ ၁၁၂ ပေါင်ရှိခဲ့ပြီး အူမကြီး ကင်ဆာအကျိတ်ခွဲစိတ်ကုသမှု ခံယူပြီးချိန်တွင်ကိုယ် အလေးချိန် ၈၂ ပေါင်အထိ ကျဆင်းသွားခဲ့သည်။ ဆေးကုသမှု ခံယူပြီးနောက် အစားအသောက်ကို ဂရုတစိုက်စားသောက်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်ခြင်းတို့ကို လိုက်နာခဲ့ရာ ယခုအခါ ကိုယ်အလေးချိန် ၁၅၅ ပေါင်အထိ မြင့်တက်လာခဲ့ကြောင်း ဆိုသည်။

ဝိတ်တက်လာသလို နေလို့ထိုင်လို့လည်း ကောင်းတယ်။ အသက် ၅၀ လောက်တုန်းက အနေအထားမျိုး ကျန်းမာသွက် လက်နေတာ။ အခု ရွှေဘို၊ ဆိပ်ကြီးခနောင်တိုမှာ ပရဟိတ အလုပ်တွေ လုပ်နေတာပါ . . .

“ ၀ိတ်တက်လာသလို နေလို့ ထိုင်လို့လည်း ကောင်းတယ်။ အသက် ၅၀ လောက်တုန်းက အနေအထားမျိုး ကျန်းမာသွက်လက်နေတာ။ အခု ရွှေဘို၊ ဆိပ်ကြီးခနောင်တိုမှာ ပရဟိတအလုပ်တွေ လုပ်နေတာပါ။ ဦး MSC ပြီးခါစတုန်းက ဆိပ်ကြီးခနောင်တိုမှာ တွဲဖက်ဆရာအဖြစ် လုပ်ခဲ့ဖူးပါတယ်။ ဒီတော့ ကင်ဆာဖြစ်ပြီးနောက်ပိုင်း အနားယူမယ်ဆိုပြီး ဆုံး ဖြတ်ပြီး အခုလောလောဆယ် ဒီရွာမှာ နေနေပါတယ်။ ရွာက တပည့်ဟောင်းတွေနဲ့အတူ အလှူခံပြီး အစိုးရကျောင်းမှာ လိုအပ်နေတဲ့ စာသင်ဆောင်တွေကို ဆောက်လုပ်လှူဒါန်းပါတယ်။ ဒီကျောင်းဝန်းက ၁၀ဧကခွဲလောက်ရှိတော့ တစ်နေ့ သုံးပတ်၊လေးပတ်လောက်လျှောက်ပြီး ကြီးကြပ်ရပါတယ်။ ပြီးတော့ လေကောင်းလေသန့်ရတော့ ပိုကျန်းမာလာတယ်။

ဒီလိုပရဟိတအလုပ်တွေလုပ်တော့ ရောဂါထဲကို စိတ်က မရောက်တော့ဘူး။ အခုနောက်ပိုင်းမှာလည်း ငါးဟင်းပဲစားတယ်။ အသားတွေ မစားတော့ဘူး။ ကြက်ဥစားပါတယ်။ အသီးအရွက်များများ စားတယ်။ ဆရာဝန်ပေးလိုက်တဲ့ အားဆေးလေးသောက်ပါတယ်” ဟု ဦးဥာဏ်ထွန်းက ဆိုသည်။

ဆရာဝန်က အနီရောင်အသား (အမဲသား၊ ၀က်သား၊ ဆိတ်သား၊ ဆတ်သား)၊ ကြာရှည်ခံအောင် ပြုလုပ်ထားသည့်အမဲခြောက်၊ ငါးခြောက်၊ ဆတ်သား ခြောက်စသော အခြောက်အခြမ်းများ၊ လက်လုပ် ချဉ်များစသည်တို့ကို ရှောင်ကြဉ်ရန်နှင့် ဆေးလိပ်၊ အရက်ရှောင်ကြဉ်ရန်မှာကြားလိုက်ကြောင်း၊ ထိုမှာ ကြားချက်များကိုလည်း ဦးဥာဏ်ထွန်းက တိကျစွာ လိုက်နာဖြစ်ကြောင်းသိရသည်။

ကင်ဆာဖြစ်နေသူများ၊ ကင်ဆာဆေးကုသမှု ခံယူနေသူများအား ဦးဥာဏ်ထွန်းက သူ၏ဆေးကု သမှုအောင်မြင်ရခြင်း အတွေ့အကြုံကိုအခြေခံပြီး အဓိကပြောချင်သည့်စကားမှာ” စိတ်ဓာတ်ကြံ့ကြံ့ခံ နိုင်အောင် တရားထိုင်ပါ” ဟူသည့် စကားပင်။

“ အဓိကကတော့ ကိုယ့်စိတ်ကို ကြံ့ကြံ့ခံနိုင်ဖို့ လိုအပ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်ဖို့က နံပါတ်တစ်ပါပဲ။ ဆရာဝန်ကတော့ ကောင်းမွန်တဲ့နည်းတွေနဲ့ ဆေးကုပေးပါတယ်။ ခံယူတဲ့သူဘက်ကပြောရရင် စိတ်ဓာတ်ကြံ့ခိုင်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုက တရားထိုင်တာကိုလည်းလုပ်သင့်တယ်လို့ အကြံပေး ချင်ပါတယ်။ တရားထိုင်ပြီး စိတ်ဓာတ်မာလာတဲ့အခါ ရောဂါကို တစ်ဝက်လောက် ကျော်လွှားနိုင်ပါတယ်။

ဆေးကုတဲ့အခါမှာလည်း ဆရာဝန်တွေပေးတဲ့ ဆေးတွေကို တိတိကျကျမှီဝဲဖို့လိုပါတယ်။ ရဲယိုရွက် ဖျော်ရည်၊ သင်္ဘောရွက်ဖျော်ရည်၊ မုန်လာဥနီဖျော်ရည်၊ ခရမ်းချဉ်သီးဖျော်ရည်စတာတွေက သောက်စ တုန်းက ခက်တယ်။ ဒါပေမဲ့လည်း မညည်းညူဘဲ သောက်ဖို့ လိုတယ်။ ဒါတွေသောက်ပြီးရင်လည်း အားကရှိလာတယ်။ အစားအသောက်ကို အရသာမခံဘဲ စားသင့်စားထိုက်တယ်ဆိုပြီး ကျိတ်မှိတ်မျိုချပစ် လိုက်ပါတယ်။

အခုဆို ပရဟိတအလုပ်တွေလုပ်တော့ လမ်းက အလိုလိုလျှောက်ပြီးသား၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်သွားတယ်။
ဦးအတွေ့အကြုံအရ အကြံပေးချင်တာက ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်ကြံ့ခိုင်အောင် လေ့ကျင့်ဖို့က နံပါတ်တစ်လို့ ထင်ပါတယ်။ ကျန်တာကတော့ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း စားသောက်လိုက်နာ ဖို့ပါပဲ။ တရားထိုင်ထားတဲ့သူဖြစ်တော့ ဟိုဟာဖြင့် မစားနိုင်ဘူး၊ ဒီဟာဖြင့် မစားနိုင်ဘူးလို့ မရှိတော့ဘူး။ စားသင့်တာကိုစားဖြစ်သွားပါတယ်။ ဒါကြောင့် တရားထိုင်ကြည့်ပါလို့ အကြံပြုချင်ပါတယ်” ဟု ဦးဥာဏ်ထွန်းက အကြံပြုစကားပြော ကြားလိုက်ပါသည်။

(မှတ်ချက်။ ။ ဓာတ်ပုံများကို ဦးဥာဏ်ထွန်း၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top