Q. ကျွန်တော် အသက် ၆၀ ကျော် သက်ကြီးအရွယ်ဖြစ်လို့ ပါးစပ်ထဲက သွားတွေယိုင်နဲ့တာ၊ သွားဖုံးတွေ အခြေအနေ မကောင်းတာ၊ သွားဖုံးရိုးတွေ တောင့်တင်းမှု မရှိတော့တာတွေ တွေ့ကြုံမှာ စိုးကြောက်နေပါတယ်။ အဲဒီလို ဖြစ်လာတာကို ဘယ်လိုသိနိုင်ပါသလဲ၊ မဖြစ် အောင် ဘယ်လိုဆင်ခြင်နေထိုင်ရမလဲ။
ဦးသန့်ဇင်၊ ကျောက်တံတား။
ပါမောက္ခဦးကိုကိုမောင် မေးရိုးနှင့် ခံတွင်း ခွဲစိတ်ကု ဆရာဝန်ကြီးဖြေကြားပေးပါသည်။
A. မြန်မာလူမျိုးအများစုက ဘယ်လိုယူဆထားသလဲဆို တော့ အသက်ကြီးလာရင် မျက်စိက မှုန်ရမယ်၊ ခါးက ကိုင်းရမယ်၊ သွားက ယိုင်ရမယ်၊ နဲ့ရမယ်ဆိုပြီး ယူဆထားကြတယ်။ တကယ်တော့ သဘာဝတရားအရ ပြောရရင် သွားဆိုတာ နှစ်စုံပေးထားပါတယ်၊ လူ့ခန္ဓာကိုယ်ထဲမှာ နှစ်စုံရတာ မရှိပါဘူး။ သွားဆိုတာ ကလေးအ ရွယ်မှာ ကလေးသွားဆိုပြီး ရတယ်၊ ကလေးအရွယ် နောက်ပိုင်းမှာ လူကြီးသွားဆိုပြီး ရပါတယ်၊ ဒီလို နှစ်စုံရတယ်ဆိုတာ တန်ဖိုးအရမ်းရှိလို့ သဘာဝတရားက လုပ်ပေးတာပါ။
သွားတစ်ချောင်းက အသက် ၆ နှစ်က စထွက်လာတယ်၊ အသက် ၁၈ နှစ်အရွယ်မှာ အံဆုံးတွေပါ စုံလာပြီး ပါးစပ်ထဲမှာ သွား ၃၂ ချောင်းရလာပြီဆိုရင် အဲဒီသွားတွေက သေတဲ့အထိ ကြိတ်ဝါးဖို့အတွက် သဘာဝတရားက ပေးထားတာပါ။ ဒီသွားတွေက အသက်ကြီးလာလို့ ယိုင်နဲ့ပြီး ထွက်သွားမယ်ဆိုတာ သဘာဝတရားက လက်ခံထားတာ မဟုတ်ပါဘူး၊ လူအများစုက လက်ခံထားတာ ဖြစ်ပါတယ်။
ဒီတော့ သွားတွေယိုင်နဲ့တာ၊ သွားဖုံးမကောင်းတာတွေ မဖြစ်အောင် ဘယ်လိုစောင့်ရှောက်သင့်သလဲဆိုရင် သွားပိုးမစားအောင်နဲ့ သွားဖုံးတွေ ကောင်းမွန်နေအောင် ခံတွင်းသန့်ရှင်းရေးကို ကောင်းစွာ ထိန်းသိမ်းစောင့် ရှောက်ဖို့ လိုပါတယ်။ သွားဖုံးတွေ မကောင်းရင်သွားဖုံးတွေက ရောင်လာပြီးတော့ အရိုးတွေပါ ထိခိုက်လာတဲ့အခါ သွားတွေ ယိုင်နဲ့လာမယ်၊ သွားတွေ ကျွတ် ထွက်လာမယ်။ ခံတွင်း သန့်ရှင်းရေး မကောင်းဘူးဆိုရင် ကျန်တဲ့ ရောဂါဝေဒနာတွေကိုလည်း ဖိတ်ခေါ်သလိုဖြစ် နေပါမယ်။ ဆီးချိုရောဂါ၊ တခြားနေရာမှာ ကင်ဆာဖြစ်တာ (ပန်ကရိယကင်ဆာ၊ ကျောက်ကပ်ကင်ဆာ)၊ သားသမီးယူတဲ့အခါ အချိန်မတိုင်မီ မီးဖွားတာ၊ ပေါင် မပြည့်ဘဲ မွေးဖွားတာ စတာတွေက ခံတွင်း ကျန်းမာ ရေး မကောင်းတာနဲ့ ဆက်စပ်နေတယ်ဆိုတာ အခု နောက်ပိုင်းမှာ လေ့လာမှုတွေအရ သိလာကြပါတယ်။ သွားခံတွင်း ကျန်းမာရေးကောင်းတာနဲ့အမျှ တခြားရောဂါဝေဒနာတွေ ဖြစ်နိုင်ခြေကလည်း နည်းသွားပါတယ်။ အဲဒါ ကြောင့် ငယ်ငယ်ကတည်းက သွားနဲ့ ခံတွင်း ကျန်းမာသန့်ရှင်းရေးကို စောင့်ရှောက်ခဲ့ရပါမယ်။ ဒါဆိုရင် သွားပိုးစားမှာ မဟုတ်ပါဘူး၊ ပိုးမစားရင် သွားအကြောထုတ်ဖို့လည်း မလိုပါဘူး၊ သွားတွေက ကောင်းမြဲ ကောင်းနေမှာပါ။ သွားကို နည်းစနစ်မှန်မှန် တိုက်ပေးတယ်ဆိုရင် သွားဖုံးတွေကလည်း ကောင်းနေမှာ ဖြစ်ပါတယ်။ ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ၊ အရက် သောက်တာတွေကိုလည်း ရှောင်ရပါမယ်။