Healthy Life Ad
Life Style

ငှက်ဖျားရောဂါ

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ငှက်ဖျားရောဂါက ဘယ်လိုကူးစက်ဖြစ်ပွားတတ်ပါသလဲ ဆရာ။

ဖြေ. ငှက်ဖျားရောဂါက ခြင်ကိုက်ရာကတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်ပါတယ်။ အထူးသဖြင့် အနောဖလိစ်ဆိုတဲ့ ခြင်အမျိုးအစား၊ ပလာစမိုးဒီးယမ်းပါရာ ဆိုက်ကောင်ကိုက်ရာကနေ ငှက်ဖျားရောဂါဖြစ်တတ်ပါတယ်။ အထူးသဖြင့် ည ၉ နာရီကနေ အာရုံတက် မနက် ၅ နာရီအတွင်း ကိုက်တဲ့ခြင်ကြောင့် ငှက်ဖျားရောဂါဖြစ်နိုင်တဲ့အတွက် အထူးသတိထားရပါမယ်။

မေး. ငှက်ဖျားရောဂါဖြစ်ရင် ဘယ်လိုလက္ခဏာတွေပြတတ်ပါသလဲ ဆရာ။

ဖြေ. ငှက်ဖျားရောဂါဖြစ်ရင် ဖျားတယ်။ ကိုယ်အပူချိန် က ၁၀၂ -၁၀၃-၁၀၄-၁၀၅ ဒီဂရီဖာရင်ဟိုက်လောက်အထိ မြင့်တက်တတ်တယ်။ ပြီးရင် လူက ချမ်းပြီးတုန်တယ်။ ချမ်းရုံတင်မကဘဲ တုန်တဲ့အတွက် တချို့လူနာတွေဆိုရင် တက်ပြီးဖိထားပေးရပါတယ်။ ဒါကို ကုသမှုမခံယူဘူးဆိုရင် ငှက်ဖျားပိုး ဦးနှောက်ထဲရောက်သွားတာတို့၊ ကျောက်ကပ်ထဲရောက်တာတို့ဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ကျောက်ကပ်ထိခိုက်တာ အသည်းထိခိုက်တာလည်း ဖြစ်တတ်ပါတယ်။

ဖျားတယ်ဆိုရင် ငှက်ဖျားရောဂါကို ခေါင်းထဲမှာ အမြဲထည့်ထားရပါတယ်။ အထူးသဖြင့် ငှက်ဖျားရှိတဲ့ဒေသကို သွားဖူးသလားဆိုတာကို မေးရပါတယ်။ မသွားဖူးရင်တောင် ငှက်ဖျားရောဂါကို သံသယတစ်ခုအနေနဲ့ အမြဲတမ်းစစ်ဆေးပေးရပါတယ်။ မစစ်မိလိုက်လို့ ငှက်ဖျားလွတ်သွားရင် . . .

မေး. ဖျားတဲ့အခါ ငှက်ဖျား ဟုတ်၊ မဟုတ် စစ်ဆေးသင့်ပါသလား ဆရာ။

ဖြေ. ဖျားတယ်ဆိုရင် ငှက်ဖျားရောဂါကို ခေါင်းထဲမှာ အမြဲထည့်ထားရပါတယ်။ အထူးသဖြင့် ငှက်ဖျားရှိတဲ့ဒေသကို သွားဖူးသလားဆိုတာကို မေးရပါတယ်။ မသွားဖူးရင်တောင် ငှက်ဖျားရောဂါကို သံသယတစ်ခုအနေနဲ့ အမြဲတမ်း စစ်ဆေးပေးရပါတယ်။ မစစ်မိလိုက်လို့ ငှက်ဖျားလွတ်သွားရင် လူနာအတွက် နစ်နာမှုဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူနာတွေအနေနဲ့ကလည်းဖျားလို့ ဆရာဝန်က ငှက်ဖျားစစ်ခိုင်းရင် စစ်စေချင်ပါတယ်။

မေး. ငှက်ဖျားရောဂါရဲ့ ထူးခြားချက်ကို ပြောပြပေးပါ ဆရာ။

ဖြေ. တစ်ခါတလေမှာ ငှက်ဖျားရောဂါဖြစ်သူက ညဘက်ဆိုရင် အဖျားအရမ်းတက်တတ်ပါတယ်။ ဒီတစ်ခုကိုတော့ အထူးသတိထားရပါတယ်။ အဲဒီလို အဖျားတက်တဲ့အချိန် သွေးဖောက်စစ်မှ ငှက်ဖျားရောဂါဆိုတာ အဖြေထွက်တတ်တဲ့အတွက် တစ်ခါတစ်ရံ သွေးစစ်ရာမှာ အခက်အခဲလေးတွေရှိပါတယ်။ ငှက်ဖျားဒေသလည်း သွားဖူးတယ်၊ ချမ်းတုန်တယ်၊ အဖျားကြီးတယ်၊ အရင်လည်း ငှက်ဖျားဖြစ်ဖူးတယ်ဆိုရင် ငှက်ဖျားဆေးပေးပြီး ကုသရပါတယ်။

မေး. ငှက်ဖျားရောဂါမဖြစ်အောင် ကာကွယ်ဖို့ ဘယ်လိုနည်းလမ်းတွေကို လိုက်နာရမလဲ ဆရာ။

ဖြေ. ငှက်ဖျားရောဂါ ကာကွယ်ဖို့အတွက် ခြင်ထောင်နဲ့အိပ်ဖို့ အမြဲတမ်းအရေးကြီးပါတယ်။ ခြင်ထောင်နဲ့ အိပ်ရတာ အိုက်တယ်၊ မွန်းတယ် စသဖြင့် တချို့လူတွေက ခြင်ထောင်နဲ့ မအိပ်ချင်ကြဘူး။ ခြင်ထောင် ထောင်မအိပ်လို့ ခြင်ကိုက်ရာကဖြစ်တဲ့ ငှက်ဖျားရောဂါဆိုးကျိုးက ဒီ့ထက်အများကြီး ခံရတာကြောင့် ခြင်ထောင်ထောင်အိပ်ပါလို့ အကြံပြုရတာ ဖြစ်ပါတယ်။ ခြင်မကိုက်စေတဲ့ လိမ်းဆေးတွေ လိမ်းလို့ရပါတယ်။ လက်ရှည်အင်္ကျီဝတ်ပြီး အိပ်သင့်ပါတယ်။

မေး. ငှက်ဖျားရောဂါကာကွယ်ဆေးရှိပါသလား ဆရာ။

ဖြေ. ကာကွယ်ဆေး (Vaccine)တော့ မရှိပါ။ ငှက်ဖျားရောဂါအဖြစ်များတဲ့ ဒေသတွေကို သွားတဲ့သူတွေက မသွားခင်မှာ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ပါ။ ဆရာဝန်က ခရီးမသွားခင်၊ သွားနေစဉ်နဲ့သွားပြီး ပြန်လာချိန်မှာ သောက်ရမယ့် ငှက်ဖျားကာကွယ်ဆေး ပေးလိုက်မှာဖြစ်ပါတယ်။ ငှက်ဖျားအဖြစ်များတဲ့ ဒေသတွေကိုမသွားခင်မှာ မဖြစ်မနေပြုလုပ်သင့်တဲ့ ကာကွယ်နည်းပဲ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top