Healthy Life Ad
Life Style

မှဲ့ကင်ဆာ (Malignant Melanoma)

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. မှဲ့ကင်ဆာ (Malignant Melanoma) အကြောင်း သိပါရစေ ဆရာမ။

ဖြေ. မှဲ့ကင်ဆာဆိုတာ အတွေ့နည်းပေမယ့် အရေပြားမှာဖြစ်တဲ့ အန္တရာယ်များလွန်းတဲ့ အရေပြားကင်ဆာ တစ်မျိုးပါ။ ရောင်ခြယ်မှုန်ထုတ်ပေးတဲ့ အရေပြားဆဲလ်တွေမှာစဖြစ်တဲ့ ကင်ဆာရောဂါပါ။ ဖြစ်ရင်ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပြန့်သွားတတ်ပါတယ်။ (ရောင်ခြယ်မှုန်က အရေပြားကို နေရောင်ခြည်ကနေ ကာကွယ်ပေးနိုင်ပါတယ်။)

မှဲ့ကင်ဆာကို စောစောသိရင် စောစောကုသနိုင်ပါတယ်။ ကုသမှုမခံယူမိရင် ပြန့်နှံ့လွယ်ပါတယ်။ မှဲ့ကင်ဆာ ပျံ့နှံ့တဲ့နေရာတွေ အများကြီးရှိပါတယ်။ အရေပြားအောက်၊ ပြန်ရည်ကျိတ်၊ အသည်း၊ အဆုတ်၊ အရိုး၊ အူလမ်းကြောင်း၊ နှလုံး၊ ပန်ကရိယ၊ ကျောက်ကပ်၊ သိုင်းရွိုက်ဂလင်းနဲ့ ဦးနှောက်အထိ ပြန့်နှံ့နိုင်ပါတယ်။

မေး. မှဲ့ကင်ဆာက ဘယ်အရေပြားနေရာတွေမှာ ဖြစ်တတ်ပါသလဲ ဆရာမ။

ဖြေ. အရေပြားတစ်ခုတည်းမှာတင် မှဲ့ကင်ဆာဖြစ်တတ်တာ မဟုတ်ပါဘူး။ လက်သည်း၊ ခြေသည်း၊ မျက်လုံး၊ ပါးစပ်၊ လိင်အင်္ဂါနဲ့ စအိုပေါက်တွေမှာလည်း ဖြစ်တတ်ပါတယ်။

မေး. မှဲ့ကင်ဆာဖြစ်ရင် ဘယ်လိုလက္ခဏာတွေ တွေ့ရတတ်ပါသလဲ ဆရာမ။

ဖြေ. အညိုရောင်၊ အမည်းရောင် အရေပြားအဖု ဒါမှမဟုတ် အရောင်ပြောင်းနေတဲ့ အရေပြားအဖု၊ အနာ၊ အလုံးလေးတွေအနေနဲ့ တွေ့နိုင်ပါတယ်။ လက်သည်း၊ ခြေသည်းမှာဖြစ်ရင် ဘေးက အရေပြားမှာပါ အမည်းရောင်ပြောင်းသွားတာကို တွေ့နိုင်ပါတယ်။ အမျိုးသားတွေဆိုရင် နောက်ကျောမှာ မှဲ့ကင်ဆာဖြစ်တာ ပိုတွေ့ရတတ်ပါတယ်။ အမျိုးသမီးတွေဆိုရင် ခြေထောက်မှာ ပိုအဖြစ်များတာ တွေ့ရပါတယ်။ ခြေဖ၀ါး၊ လက်ဖ၀ါး၊ ခြေသည်းနဲ့ လက်သည်းတွေမှာလည်း တွေ့ရတတ်ပါတယ်။

မေး. မှဲ့ကင်ဆာ ဘာကြောင့်ဖြစ်ရပါသလဲ ဆရာမ။

ဖြေ. ခန္ဓာကိုယ်ရှိ ဒီအင်န်အေ (DNA)ကို နေရောင်ခြည်ထိတာကြောင့် ဖြစ်ရတာပါ။ ဖြစ်စေတဲ့ အကြောင်းရင်းကတော့ နေရောင်ခြည်ပဲဖြစ်ပါတယ်။ နေပူဆာလှုံသူတွေ၊ နေရောင်ထဲ တာရှည် အလုပ်လုပ်သူတွေနဲ့ နေလောင်လွယ်သူတွေမှာ အဖြစ်များပါတယ်။ နေရောင်ခြည် ထိတာများရင်၊ ကြာရင်၊ နေလောင်ရင်၊ မှဲ့များရင်၊ အသားဖြူရင်၊ မှဲ့ခြောက်များရင်၊ ဆံပင်အရောင်နုရင် (ရွှေရောင်၊ အနီရောင်)၊ မျက်လုံးအရောင်ဖျော့ရင်၊ မိသားစုထဲမှာ မှဲ့ကင်ဆာဖြစ်သူရှိရင်၊ မှဲ့ကင်ဆာဖြစ်ဖူးရင်၊ ကိုယ်ခံစွမ်းအားနည်းရင် (ဥပမာ AIDS) ၊ သွေးရောဂါရှိရင်၊ အသက် ၃၀ ကျော်ရင်၊ မွေးရာပါ နေရောင်မခံနိုင်တဲ့ ရောဂါရှိရင် ပိုဖြစ်တတ်ပါတယ်။ အမျိုးသားတွေက ပိုဖြစ်တတ်ပါတယ်။

မေး. ဘယ်သူတွေက မှဲ့ကင်ဆာကို အထူးသတိထားသင့်ပါသလဲ ဆရာမ။

ဖြေ. မှဲ့ကင်ဆာအန္တရာယ်များတဲ့သူတွေက အသားဖြူတဲ့သူ၊ နေလောင်မခံနိုင်သူ၊ မှဲ့ခြောက်ရှိသူ၊ ဆံပင် အနီရွှေရောင်ရှိသူတွေ၊ တစ်ကိုယ်လုံးမှာ မှဲ့အရေအတွက် ၅၀ထက် ပိုရှိသူတွေ၊ မှဲ့ပြောင်းလဲသူတွေနဲ့ ပုံမှန်မဟုတ်တဲ့ မှဲ့ရှိသူတွေ သတိထားရပါမယ်။ မိသားစု၊ ဆွေမျိုးမှာ မှဲ့ကင်ဆာဖြစ်ဖူးတဲ့သူတွေလည်း အထူးသတိထားသင့်ပါတယ်။

မေး. လူတွေနေတဲ့နေရာက မှဲ့ကင်ဆာနဲ့ဆက်စပ်မှုရှိပါသလား ဆရာမ။

ဖြေ. နေတိုက်ရိုက်ထိတွေ့တဲ့နေရာဖြစ်တဲ့ အီကွေတာနဲ့နီးတဲ့ နိုင်ငံတွေမှာ နေရောင်ခြည်ကို တိုက်ရိုက်ဒဏ်ခံရတာကြောင့် မှဲ့ကင်ဆာ ပိုဖြစ်တတ်ပါတယ်။

မှဲ့ကင်ဆာမဖြစ်အောင် မှဲ့ကိုစစ်ဆေးရပါမယ်။ မိမိဘာသာ စစ်ဆေးသင့်သလို တစ်လတစ်ခါလောက် တတ်ကျွမ်းနားလည်တဲ့သူနဲ့ အရေပြားကို ပုံမှန်စစ်ဆေးမှု ပြုလုပ်ရပါမယ်။ နေရောင်ပြင်းထန်တဲ့အချိန်ကို ရှောင်ရပါမယ်။ အပြင်ထွက်ရင် နေရောင်ကာခရင်မ်ကို သုံးရပါမယ်။ မနက် ၁၀ နာရီနဲ့ ညနေ ၄ နာရီကြား နေပူကို ရှောင်ရပါမယ်။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ၀တ်ရပါမယ်။ နေကာမျက်မှန်တပ်ပြီး ဦးထုပ်ဆောင်းရမယ်၊ ထီးဆောင်းရပါမယ် . . .

မေး. မှဲ့ကင်ဆာမဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာမ။

ဖြေ. မှဲ့ကင်ဆာမဖြစ်အောင် မှဲ့ကိုစစ်ဆေးရပါမယ်။ မိမိဘာသာ စစ်ဆေးသင့်သလို တစ်လတစ်ခါလောက် တတ်ကျွမ်းနားလည်တဲ့သူနဲ့ အရေပြားကို ပုံမှန်စစ်ဆေးမှု ပြုလုပ်ရပါမယ်။ နေရောင်ပြင်းထန်တဲ့အချိန်ကို ရှောင်ရပါမယ်။ အပြင်ထွက်ရင် နေရောင်ကာခရင်မ်ကို သုံးရပါမယ်။ မနက် ၁၀ နာရီနဲ့ ညနေ ၄ နာရီကြား နေပူကို ရှောင်ရပါမယ်။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ၀တ်ရပါမယ်။ နေကာမျက်မှန်တပ်ပြီး ဦးထုပ်ဆောင်းရမယ်၊ ထီးဆောင်းရပါမယ်။ ဆေးလိပ်လျှော့သောက်သင့်ပါတယ်။ အရေပြားပြောင်းလဲတာကို အထူးစစ်ဆေးရပါမယ်။ စောစောသိလို့ စောစောကုသရင် သက်သာပျောက်ကင်းတာကို သိစေချင်ပါတယ်။

မေး. မှဲ့နဲ့ပတ်သက်ပြီး ဆေးရုံ၊ ဆေးခန်းကို ဘယ်အချိန်မှာ ပြသင့်ပါသလဲ ဆရာမ။

ဖြေ. မှဲ့ခြောက်၊ မွေးရာပါအမှတ်၊ မှဲ့ စတာတွေ ပြောင်းလဲတဲ့အခါ၊ အမည်းရောင်အစက် ဒါမှမဟုတ် မှဲ့အသစ်တွေ အများကြီးထွက်လာတဲ့အခါ ဆေးရုံ၊ ဆေးခန်းပြသင့်နေပါပြီ။

မေး. မှဲ့ကင်ဆာလို့ သံသယရှိလာရင် ဘာလုပ်လေ့ရှိပါသလဲ ဆရာမ။

ဖြေ. မှဲ့ကင်ဆာလို့ သံသယရှိလာရင် အသားစယူစစ်ဆေးရပါမယ်။ မှဲ့တစ်ခုလုံး ခွဲထုတ်ရပါမယ်။

မေး. မှဲ့ကင်ဆာကို ဘယ်လိုကုသသင့်ပါသလဲ ဆရာမ။

ဖြေ. မှဲ့ကင်ဆာကို စောစောသိ၊ စောစောခွဲစိတ်တဲ့နည်းနဲ့ ကုသသင့်ပါတယ်။ ကုသနည်းတွေက ကိုယ်ခံစွမ်းအားနဲ့ဆိုင်တဲ့ ဆေးတွေနဲ့ ကုသတာ (Immunotherapy)၊ ဓာတ်ရောင်ခြည်နဲ့ကုသတာ၊ ကင်ဆာ ဆေးသွင်းကုသတာ၊ ပေါင်းစပ်ကုသတာဆိုပြီး နည်းတွေရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top