Healthy Life Ad
Life Style

သည်းခြေကျောက်တည်ခြင်း (Gall Stone)

ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. သည်းခြေအိတ်အကြောင်းနဲ့ သည်းခြေကျောက်တည်ခြင်းအကြောင်း အနည်းငယ်သိပါရစေ ဆရာ။

ဖြေ. သည်းခြေအိတ်ဆိုတာ အသည်းရဲ့အောက်ခြေမှာ တွယ်ကပ်နေတဲ့ သည်းခြေ (Bile)ကို ပုံမှန်ထိန်းသိမ်းပေးရတဲ့ အင်္ဂါအစိတ်အပိုင်းပါ။ သူ့ရဲ့ လုပ်ငန်းဆောင်တာက အစာချေဖို့လိုအပ်တဲ့အချိန်မှာ အူသိမ်ဦး (Duodenum)အတွင်း ညှစ်ထုတ်ပေးရပါတယ်။ အဲဒီသည်းခြေအိတ်မှာ ကျောက်တည်တာကို သည်းခြေအိတ်ကျောက်တည်တယ်လို့ ခေါ်ပါတယ်။ သည်းခြေအိတ်အတွင်းမှာ ကျောက်အမှုန်အမွှားဖြစ်တာကနေ ကြီးမားတဲ့အရွယ်အစားအထိ ဖြစ်နိုင်ပါတယ်။ ဒါကို သည်းခြေကျောက်တည်တယ်လို့ ခေါ်ပါတယ်။

မေး. သည်းခြေကျောက်တည်တာက အဖြစ်များပါသလားဆရာ။

ဖြေ. သည်းခြေကျောက်တည်တာက အဖြစ်များတဲ့ ရောဂါဖြစ်ပါတယ်။ အသက် ၄၀ ကျော်အရွယ်တွေမှာ အဖြစ်များတဲ့ရောဂါဖြစ်ပြီး နှစ်စဉ် လူ ၂၀၀မှာ တစ်ယောက်လောက်ဖြစ်တတ်ပါတယ်။ အကြမ်းမျဉ်းအားဖြင့် ရာခိုင်နှုန်းအနေနဲ့ပြောရရင် ၀ ဒသမ ၇ ရာခိုင်နှုန်းလောက်ဖြစ်တတ်ပါတယ်။

မေး. သည်းခြေကျောက်တည်တာက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

ဖြေ. သည်းခြေကျောက်တည်ခြင်းဖြစ်စေနိုင်တဲ့ အကြောင်းတွေကတော့ များပါတယ်။ အဓိကအနေနဲ့ ပြောရရင်တော့ သုံးချက်ရှိပါတယ်။

(၁) သည်းခြေအရည်မှာပါတဲ့ ပျော်ဝင်နေတဲ့ပစ္စည်း အမျိုးအစားများလို့အနည်ထိုင်တာ ဥပမာ- ကိုလက်စထရောများရင် ကိုလက်စထရောကြောင့်ဖြစ်တဲ့ ကျောက်တည်တာ (Cholesterol Stone)ကို ဖြစ်စေနိုင်ပါတယ်။

(၂) သွေးနီဥပေါက်ကွဲမှုများတဲ့ ရောဂါဖြစ်ရင်လည်း သည်းခြေကျောက်တည်တတ်ပါတယ်။ ဥပမာ- သာလာဆီးမီးယားရောဂါ၊ ငှက်ဖျားရောဂါတွေဖြစ်ရင် ရောင်ခြယ်ကျောက်တည်တာ (Pigment Stone) ကိုဖြစ်စေနိုင်ပါတယ်။ သည်းခြေအရည်စီးဆင်းအောင် သည်းခြေဆား (Bile Salt) က ထိန်းပေးပါတယ်။ သည်းခြေဆားနည်းရင်လည်း သည်းခြေအရည်စီးဆင်းမှု မကောင်းတော့တဲ့အတွက် ကျောက်တည်တတ်ပါတယ်။ သည်းခြေဆားက ဘယ်အခါမှာ နည်းတတ်သလဲဆိုတော့ အူကိုဖြတ်ထုတ်ထားရင်လည်း နည်းတတ်ပါတယ်။ အူသိမ်အောက်ပိုင်း (Ileum)ကို အကြောင်းအမျိုးမျိုးကြောင့် ဖြတ်ထားရရင် ဒါမှမဟုတ် Ileum က ရောဂါဖြစ်ရင် (ဥပမာ- Crohn ရောဂါ) သည်းခြေဆားက နည်းတတ်ပါတယ်။ အသည်းမကောင်းတဲ့ ရောဂါဖြစ်ရင်လည်း ကျောက်တည်တတ်ပါတယ်။

(၃) သည်းခြေအိတ်ရဲ့ ညှစ်အားကျသွားပြီး သည်းခြေရည်စီးဆင်းမှု (Flow)က နှေးသွားတဲ့အခြေအနေမှာလည်း ကျောက်တည်တတ်ပါတယ်။ သည်းခြေရည်စီးဆင်းမှုနှေးစေနိုင်တဲ့ အခြေအနေတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

– သည်းခြေအိတ်ရောင်ရင်၊

– အစာအိမ်ကို ခွဲစိတ်ကုသမှု ခံယူထားရင်၊

– ပဋိသန္ဓေတားဆေး (Oral Contraceptive Pill) သောက်သုံးမှုများရင်၊

– မကြာခဏ ကိုယ်ဝန်ဆောင်ရရင်

မေး. သည်းခြေကျောက်တည်တာက ဘယ်အသက်အရွယ်မှာ အဖြစ်များတတ်ပါသလဲ ဆရာ။

ဖြေ. သည်းခြေကျောက်တည်တာက အသက် ၄၀နဲ့ ၆၀ကြားအရွယ်မှာ အဖြစ်များပါတယ်။ အသက်ကြီးချိန်မှာဖြစ်တတ်ပြီး အမျိုးသားရော အမျိုးသမီးပါ ဖြစ်တတ်ပေမယ့် အမျိုးသမီးတွေမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။ သည်းခြေကျောက်တည်တာက အသက် ၂၀ကျော်အရွယ်မှာ ဖြစ်တတ်ပေမယ့် ရှားပါတယ်။ အသက် ၃၀ ကျော်လောက်မှာ စအဖြစ်များလာတာကို တွေ့ရပါတယ်။

မေး. သည်းခြေကျောက်တည်ချိန်မှာ အတွေ့ရများတဲ့ လက္ခဏာတွေကို သိပါရစေဆရာ။

ဖြေ. ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ အစာစားပြီးတဲ့အခါ ၀မ်းဗိုက်အပေါ်ပိုင်း မအီမလည်ဖြစ်တာ၊ ရင်ခေါင်းမအီမလည်ဖြစ်တာ၊ ပန်ကရိယနေရာဖြစ်တဲ့ ၀မ်းဗိုက်ရဲ့ ညာဘက်အပေါ်ပိုင်း အောင့်တာတွေဖြစ်တတ်ပါတယ်။ အဆီအအိမ့်စာတွေစားပြီးရင် ပိုဖြစ်တတ်ပါတယ်။ များသောအားဖြင့် နာရီဝက်-တစ်နာရီလောက်နေရင် ပြန်ကောင်းသွားတတ်ပါတယ်။ ဒါက ရောဂါရဲ့ ပထမအဆင့်မှာတွေ့ရတဲ့ လက္ခဏာတွေပါ။

ရောဂါဒုတိယအဆင့်ရောက်ပြီဆိုရင်တော့ သည်းခြေအိတ်ရောင်လာတတ်ပါတယ်။ အဲဒီအခါ နာကျင်မှုဝေဒနာက ပိုဆိုးလာတတ်ပြီး အသက်ရှူလိုက်တိုင်း ညာဘက်နံရိုးနေရာက အောင့်တတ်ပါတယ်။ အဖျားလည်း ရှိတတ်ပါတယ်။

ရောဂါတတိယအဆင့်မှာ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့ သည်းခြေကျောက်က သည်းခြေပြွန်ထဲ ၀င်သွားတတ်တာကြောင့် အဖျားကြီးနေတတ်ပါတယ်။ မျက်လုံးဝါတတ်သလို အောင့်လည်းအောင့်တတ်ပါတယ်။ ပိုဆိုးလာတဲ့အဆင့်မှာ ဗိုက်အရမ်းတင်းနေတတ်ပြီး Septicaemia လို့ခေါ်တဲ့ သွေးဆိပ်တက်တဲ့ အခြေအနေဖြစ်နေတတ်ပါတယ်။ ကျောက်ကပ်ထိခိုက်သွားတဲ့ အဆင့်ရောက်ရင် ဆီးထွက်နည်းတာ၊ ဆီးမထွက်တာမျိုးလည်းဖြစ်တတ်ပါတယ်။

နောက်ပိုင်းမှာ အသည်းပြည်တည်နာ ဖြစ်လာတတ်သလို သည်းခြေအိတ်မှာ ပြည်တွေနဲ့ ပြည့်နေတာမျိုးလည်း ဖြစ်လာတတ်ပါတယ်။ ပိုဆိုးလာရင် သည်းခြေရည်ပေါက်ထွက်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။ တချို့သူတွေမှာဆို ဘာလက္ခဏာမှမပြဘဲ သည်းခြေကျောက်တည်နေတာမျိုး ဖြစ်တတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆေးစစ်ဆေးမှုခံယူရင်း တွေ့တာမျိုးဖြစ်တတ်ပါတယ်။ ဒါကို Silent Stone လို့ခေါ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top