Healthy Life Ad
Life Style

ရှင်းပြပါဆရာ . . . (၇) ဘေလုံးလား၊ စိတ်ကျရောဂါလား

ဒေါက်တာအုန်းကျော်(စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

အရှေ့တီမောနိုင်ငံ လွတ်လပ်ရေးရစ ၂၀၁၀ ပြည့်နှစ်အချိန်ကာလဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံရှိ ပရဟိတစိတ်ကျန်းမာရေးအဖွဲ့တစ်ခုနဲ့ လုပ်အားပေး စိတ်ကျန်းမာရေးဆရာဝန်အဖြစ် စာရေးသူ လိုက်ပါသွားတယ်။ စာရေးသူနဲ့အတူ လူနာလိုက်လံ စစ်ဆေးတဲ့ တီမောနိုင်ငံသားသူနာပြုတွေကို အခါ အခွင့်ကြုံသလို ပညာပေးရပါတယ်။ စိတ္တဇစိတ်ကျ ရောဂါ(Psychotic Depression)အကြောင်း ပညာပေးဆွေးနွေးခဲ့တဲ့အတွေ့အကြုံကို ”ရှင်းပြပါဆရာ” ဆောင်းပါးစဉ်အဖြစ် ဖော်ပြလိုပါတယ်။
_ _ _
တီမောနိုင်ငံ မြို့လေးတစ်မြို့မှာ အသက် ၅၀ ကျော်အရွယ် အိမ်ထောင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါ်မာရီယာကို စစ်ဆေးစမ်းသပ်ရပါတယ်။ ဒေါ်မာရီယာ နေထိုင်မကောင်းဖြစ်နေတာ ၆ လကျော်ပြီလို့ သိရတယ်။ လေနာဗိုက်နာတာက စတင်တယ်လို့ ဆိုပါတယ်။ အစားအသောက်ပျက်တယ်၊ နေ့လယ်နေ့ခင်းမှာအိပ်ပြီး ညဘက်မှာ အိပ်လိုက်၊ နိုးလိုက် ဖြစ်တတ်တယ်။ လူက တဖြည်းဖြည်း ပိန်ချုံးလာတယ်။ နေ့စဉ်အိမ်မှုကိစ္စတွေကို ဆောင်ရွက်ဖို့ ခွန်အားမရှိသလိုပဲလို့ ဒေါ်မာရီယာရဲ့ ခင်ပွန်းက ပြောပါတယ်။
အသက် ၅၀ ကျော် အရွယ်မှာ ခန္ဓာကိုယ်ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာရင် စိတ်ရောဂါကြောင့်ဖြစ်နိုင်သလို ကိုယ်ခန္ဓာရောဂါတစ်ခုခုကြောင့် ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ အချက်ကို စာရေးသူကမေးမြန်းပါတယ်။

“ဒေါ်မာရီယာရဲ့ ကိုယ်ခန္ဓာကျန်းမာရေးကို စစ်ဆေးပြီးပြီလား”

အနားမှာ ထိုင်နေတဲ့ သမီးကြီးက တာတွန်းဘာသာစကားနဲ့ ဖြေပါတယ်။ စာရေးသူနဲ့ အတူ လိုက်ပါလာတဲ့ သူနာပြုဆရာမ အက်စ်တာက စကားပြန်လုပ်တယ်။

“လွန်ခဲ့တဲ့ တစ်လလောက်က ဒေါ်မာရီယာကို ဒီလီမြို့တော်ဆေးရုံမှာ ဆေးစစ်ဖူးပါတယ်။ ခန္ဓာကိုယ် ရောဂါ ဘာမှမရှိဘူးလို့ သမားတော်ကြီးက ပြောတယ်။ စိတ်ကျန်းမာရေး ဆရာဝန်နဲ့ ပြသစစ်ဆေး ကြည့်ဖို့ အကြံပေးတယ်တဲ့”
အက်စ်တာကတစ်ဆင့် ဒေါ်မာရီယာရဲ့ စိတ်ရောဂါ အခြေအနေကို စာရေးသူ ဆက်လက်စစ်ဆေးပါတယ်။ ဒေါ်မာရီယာ ဘယ်လို ခံစားရသလဲဆိုတာကို အက်စ်ကာ ဘာသာပြန်ပေးပါတယ်။
“မာရီယာက ပြောတယ် ဆရာ။ သူ့ဝမ်းဗိုက်ထဲ မှာ ဘေလုံးရှိနေတယ်တဲ့။ ဒါကြောင့် သူအစားအသောက် ပျက်တာတဲ့။ ဘေလုံးက ပိတ်နေလို့ ဝမ်းမသွားနိုင်တာလို့လည်း ပြောတယ်”

ဒေါ်မာရီယာ တွေးတောခံစားနေရတာကို ပိုမိုသိရှိဖို့အတွက် စာရေးသူက မေးပါတယ်။

“ဝမ်းဗိုက်ထဲမှာ ဘေလုံးရှိတယ်လို့ သူ ဘာကြောင့် ပြောတာလဲ၊ အမှန်တကယ် ယုံကြည်နေသလား”

အက်စ်တာက ဒေါ်မာရီယာနဲ့ စကားလက်ဆင့်ကမ်းပြီး စာရေးသူကို ရှင်းပြပါတယ်။

“သူ့ဝမ်းဗိုက်ထဲမှာ ကျောက်ခဲတုံး ဝင်နေသလို လေးတေးတေး ခံစားရတယ်တဲ့။ အစာစားလိုက်ရင် အစာတွေက အထက်လည်းမတက်၊ အောက်လည်းမဆင်းသလို ခံစားရတယ်လို့ပြောပါတယ်။

ဒါကြောင့် သူ့ဝမ်းဗိုက်ထဲမှာဘေလုံးရှိတယ်လို့ ပြောနိုင်တာတဲ့”

“ဆေးရုံပေါ်မှာ ဆရာဝန်ကြီးတွေက စမ်းသပ်စစ်ဆေးပြီးပြီပဲ၊ ဒေါ်မာရီယာရဲ့ ဝမ်းဗိုက်ထဲမှာ ဘာရောဂါမှမရှိဘူးလို့ မှတ်ချက်ချထားတယ် မဟုတ်လား”လို့ စာရေးသူက အက်စ်တာကတစ်ဆင့် ဖျောင်းဖျခိုင်းပေမယ့် အက်စ်တာက ဖြေပါတယ်။

“ဆရာနဲ့မပြခင်ကတည်းက ကျွန်မတို့ အဲဒီလို ရှင်းပြဖူးပါတယ်။ ဒေါ်မာရီယာက လက်မခံနိုင်ဘူး။ သူ့စိတ်ထဲမှာ စွဲစွဲမြဲမြဲ ယုံကြည်နေပုံရတယ်”

စာရေးသူ အနည်းငယ်စဉ်းစားပြီး အက်စ်တာကို ရှင်းပြပါတယ်။

“ဒေါ်မာရီယာ ခံစားနေရတဲ့လက္ခဏာက “ယုံကြည်မှုမှားယွင်းခြင်း”တစ်မျိုး ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ရောဂါတစ်ခုခု ရှိနေတယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်နေရင် “ရောဂါကြောင့်ကြအယူမှားလက္ခဏာ” (Hypochondriacal Delusion)လို့ခေါ်ပါတယ်”

အက်စ်တာက ကြားဖြတ်မေးတယ်။“အဲဒီလက္ခဏာက ဘယ်လိုစိတ်ရောဂါမျိုးမှာ ရရှိတတ်သလဲ ဆရာ”

စာရေးသူရဲ့ ထင်မြင်ချက်ကို ပြောပြပါတယ်။

“အသက်ကြီးမှ စတင်ဖြစ်ပေါ်လာတဲ့ စိတ္တဇ ရောဂါ ဖြစ်လို့ ကျွန်တော်ပထမဦးဆုံးစဉ်းစားမိတာက “စိတ္တဇစိတ်ကျရောဂါ” ဖြစ်ပါတယ်။ ဒေါ်မာရီယာမှာ တခြားစိတ်ကျရောဂါလက္ခဏာတွေ ရှိ၊ မရှိ စစ်ဆေးမေးမြန်းကြည့်ပါ”

အက်စ်တာက ဒေါ်မာရီယာကို အချိန်ယူပြီး စမ်းသပ်စစ်ဆေးပါတယ်။ နောက်ပြီး စာရေးသူအတွက် စကားပြန်လုပ်ပါတယ်။

“ညဘက်မှာ အိပ်ရေးပျက်တာ၊ ပိန်ချုံးလာတာ၊ စိတ်ရောခန္ဓာပါ နှေးကွေးလေးလံလာတာတွေ ရှိပါတယ်။ အိမ်မှုကိစ္စမှာလည်း အရင်ကလို မလုပ်နိုင်တော့ဘူးတဲ့။ စိတ်ညစ်နေတာ၊ ပျော်ရွှင်မှု ကင်းမဲ့သလို ခံစားရတာရှိသလားလို့ မေးတော့ “မရှိဘူး”လို့ တုံးတိတိအဖြေပေးတယ် ဆရာ။ စိတ်ကျရောဂါဖြစ်ရင် စိတ်ညစ်တဲ့ ခံစားရမှု ရှိရမယ် မဟုတ်လား”
အက်စ်တာရဲ့ မေးခွန်းဟာ မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်တယ်။ ဒါကြောင့် စိတ္တဇစိတ်ကျရောဂါမှာ တွေ့ရှိရတဲ့ ထူးခြားတဲ့ ရောဂါလက္ခဏာကို စာရေးသူ ရှင်းပြပါတယ်။
“မှန်ပါတယ် အက်စ်တာ၊ စိတ်ညစ်တာ၊ စိတ်ရွှင်ပျမှု မရှိတာ စတဲ့ လက္ခဏာတွေကို စိတ်ကျရောဂါရှိသူတိုင်းလိုလိုမှာ တွေ့ရှိရပါတယ်။ ဒါပေမဲ့ စိတ္တဇစိတ်ကျရောဂါမှာ စိတ်ခံစားမှု လျော့နည်းလာတယ်၊ စိတ်ခံစားနိုင်မှုတုံးလာတယ်လို့ ဆိုရမယ်။ စိတ်ညစ်တဲ့ ခံစားမှုကိုတောင် မခံစားနိုင်တဲ့ အခြေအနေအထိ ရောက်ရှိလာနိုင်တယ်။ ဒါကြောင့်

ဒေါ်မာရီယာက “ကျွန်မစိတ်ညစ်နေပါတယ်”၊ “စိတ်သာယာ ပျော်ရွှင်မှု မရှိပါဘူး”စသဖြင့် ပြောမှာ မဟုတ်ဘူး။ သူ ခံစားနေရတဲ့ “စိတ်ညစ်ခြင်း”က လူတိုင်း ခံစားဖူးတဲ့ စိတ်ညစ်ခြင်းနဲ့ မတူဘူး။ သူ ခံစားနေရတာက ဝမ်းဗိုက်ထဲမှာ မဖော်ပြနိုင်တဲ့ နာကျင်မှုသာ ဖြစ်လိမ့်မယ်။ အရပ်သုံး စကားလုံး ဝေါဟာရနဲ့ ပြောပြဖို့ ခက်ခဲတဲ့ စိတ်သောကရောက်ခြင်းတစ်မျိုး ဖြစ်ပါတယ်။

ဒါကြောင့် ဝမ်းဗိုက်ထဲမှာ ဘေလုံးရှိနေတယ်လို့ အလွယ်တကူ ငြီးတွားတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော် တစ်ခု မေးစရာရှိပါတယ်။ ဘေလုံးရောဂါ ဘယ်လိုရရှိလာတယ်ဆိုတာ ဒေါ်မာရီယာ ပြောဖူးလား”
အက်စ်တာက တာတွန်းဘာသာစကားနဲ့ မေးမြန်းပေးပါတယ်။ ဒီအချိန်မှာ ဘေးမှာထိုင်ပြီး နားထောင်နေကြတဲ့ အိမ်သားတွေကလည်း ပါဝင်ဆွေးနွေးလာတာ တွေ့ရပါတယ်။ သူတို့ အပြန်အလှန် ပြောဆိုပြီး စကားဆုံးတဲ့အခါ အက်စ်တာက စာရေးသူကို လှည့်ကြည့်ပြီး ရှင်းပြပါတယ်။
“ရပ်ကွက်ထဲမှာ ရန်ငြှိုးရှိတဲ့ အမျိုးသမီး တစ်ဦးက အောက်လမ်းပရောဂဆရာနဲ့ ပေါင်းပြီး ပြုစားတာ ခံရလို့ ဖြစ်တာတဲ့။ တစ်နည်းနည်းနဲ့ “အပင်း” ထည့်လိုက်လို့ ဘေလုံးဖြစ်နေတာလို့ ပြောပါတယ်။ ဆွေမျိုးတွေကလည်း စုန်းပြုစားတာ ခံရလို့ ဒေါ်မာရီယာ ဒီလိုဖြစ်ရတယ်ဆိုတာကို ယုံကြည်ကြတယ် ဆရာ။ ဒါကြောင့် အထက်လမ်းဆေးဆရာတွေနဲ့ ကုသဖူးတယ်တဲ့”
အဲဒီလိုရှင်းပြပြီး အက်စ်တာက မေးခွန်းတစ်ခု နဲ့ အဆုံးသတ်ပြောတယ်။ “ဘေးပတ်ဝန်းကျင်က လူတွေပါ ယုံကြည်နေတော့ ဒေါ်မာရီယာပြောတာကို “ယုံကြည်မှုမှားယွင်းတဲ့ရောဂါလက္ခဏာ”လို့ ပြောလို့ရပါ့မလား ဆရာ”

အက်စ်တာရဲ့ မေးခွန်းက ပညာသားပါပါတယ်။

“မေးသင့် မေးထိုက်တဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီကိစ္စမှာ နှစ်ပိုင်းခွဲပြီး စဉ်းစားဖို့ လိုပါတယ်။ စုန်းပြုစားတယ်ဆိုတာ ရှိတယ်။ စုန်းပြုစားတာ ခံရရင် ရောဂါရရှိနိုင်တယ်ဆိုတဲ့ အယူအဆက ရိုးရာယဉ်ကျေးမှုပေါ် မူတည်တဲ့ ယုံကြည်ချက် ဖြစ်ပါတယ်။ ဒီလို ယုံကြည်လို့ ဒေါ်မာရီယာမှာ စိတ်ရောဂါ ရှိတယ်လို့ မပြောသင့်တာ မှန်ပါတယ်။
ဒုတိယပိုင်းကတော့ အဲဒီယုံကြည်ချက်နဲ့အညီ ရောဂါတစ်ခုခုကိုခံစားလာရတာ ဖြစ်ပါတယ်။ စုန်းပြုစားတာ ရှိတယ်ဆိုတာကို ယုံကြည်နေရုံသာမကဘဲ စုန်းပြုစားခံရလို့ ဝမ်းဗိုက်ထဲမှာ ဘေလုံးရှိနေပြီလို့ ဒေါ်မာရီယာ စွဲစွဲမြဲမြဲယုံကြည်နေပါတယ်။ ရောဂါလက္ခဏာတွေခံစားနေရတယ်၊ စိတ်ထဲမှာ မခံရပ်နိုင် အောင်နာကျင်နေတယ်။ အဲဒီအပိုင်းက စိတ်ရောဂါရှိလို့ဖြစ်ပွားလာတာပါ။ ရောဂါကြောင့်ကြအယူမှား လက္ခဏာက ရိုးရာယုံကြည်ချက်နဲ့ လိုက်လျောညီထွေဖြစ်ပေါ်လာတာပါ။ ရိုးရာအယူအဆကို လက်မခံတော့တဲ့ လူနာတွေ ရောဂါကြောင့်ကြအယူမှားလက္ခဏာရရှိလာရင် ဦးနှောက်ထဲမှာ အကျိတ်လုံးရှိနေတယ်၊ အူကင်ဆာဖြစ်နေတယ် စသဖြင့် ယုံကြည်ကြပါတယ်။ ဒီအချက်ကို ဒေါ်မာရီယာနဲ့ အိမ်သားတွေ နားလည်အောင် ပြောပြပေးပါ”
အက်စ်တာက စာရေးသူပြောခိုင်းတာကို လက်ဟန်ခြေဟန်နဲ့ ရှင်းလင်းပြောကြားပါတယ်။ အိမ်သား တွေအားလုံးကနားလည်သဘောပေါက်သလို ခေါင်းညိတ်ကြပါတယ်။ ဒေါ်မာရီယာကတော့ မတုန်မလှုပ် နဲ့ကြမ်းပြင်ကို စိုက်ကြည့်နေပါတယ်။

အက်စ်တာက “သူတို့ နားလည်ပါတယ်တဲ့ ဆရာ”ဆိုပြီး သတင်းပို့ပါတယ်။

“ဒီလိုဆိုရင် ကျွန်တော် အကြံပေးချင်တယ်။ ဒေါ်မာရီယာကို စိတ္တဇစိတ်ကျရောဂါရှင်လို ကုသမှု ပေးမယ်။ ဒီရောဂါအတွက် အကောင်းဆုံးကုထုံးကတော့ ”အီးစီတီ”(ECT)လျှပ်စစ်ကုထုံးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလီမြို့တော်ဆေးရုံမှာ “အီးစီတီ”စက် မရှိသေးပါဘူး။ ဒီတော့ စိတ်ကျရောဂါကုသဆေးနဲ့ စတင်ကုသပေးမယ်။ ဆေးအချိန်အတွယ်ကို တဖြည်းဖြည်းတိုးပေးရမယ်။ ဆေးအာနိသင်ပြရင် ရက်သတ္တပတ်လေးပတ်အတွင်း သိသိသာသာ သက်သာလာနိုင်ပါတယ်။ ဒီကြားထဲမှာ ခန္ဓာကိုယ်ကျန်းမာရေး ယိုယွင်းမလာအောင် ဂရုစိုက်ပေးပါ။ ရောဂါဒဏ်ကို မခံချင်လို့ ကိုယ့်အသက်ကို ကိုယ်ရန်ရှာသွားတတ်တာလည်းရှိပါတယ်။ သတိနဲ့ ကြည့်ရှုစောင့်ရှောက်နေဖို့လိုပါတယ်”

စာရေးသူပြောတာကို အက်စ်တာက စကားပြန်ပေးပါတယ်။ နောက်ပြီး အက်စ်တာက မေးတယ်။“ဆေးအာနိသင်မတိုးရင် ဘယ်လိုလုပ်မလဲ ဆရာ”

“အီးစီတီကုသမှု ခံယူနိုင်ဖို့ သြစတြေးလျနိုင်ငံ ဒါဝင်မြို့ဆေးရုံကို ပို့ပေးဖို့ စီစဉ်ကြည့်ပါမယ်”လို့ စာရေးသူ မတင်မကျ ဖြေလိုက်ပါတယ်။

See More

ရှင်းပြပါဆရာ . . .(၁)

ရှင်းပြပါဆရာ . . . (၂)

ရှင်းပြပါဆရာ . . . (၃) ‘မီးနေသည် စိတ်ကျရောဂါနှင့် မီးနေသည် စိတ္တဇရောဂါ’

ရှင်းပြပါဆရာ . . . (၄) “ဆေးရပ်ချင်ပြီ”

ရှင်းပြပါဆရာ . . . (၅) “ အိပ်ဆေးစွဲခြင်းအကြောင်း”

ရှင်းပြပါဆရာ . . . (၆) စိတ်ရောဂါက ကူးစက်တတ်သလား”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top