Healthy Life Ad
Health Tips

စိတ်ကြောင့်ဖြစ်သော နာကျင်ကိုက်ခဲရောဂါ

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊—–

အသက် ၅၀ အရွယ် စာရင်းကိုင်အရာရှိ မစ္စတာဒီက နာတာရှည်ခါးနာရောဂါ ခံစားနေရတယ်။ လွန်ခဲ့တဲ့ ၆ လလောက်က ကုလားထိုင်တစ်လုံးကို ပင့်တင်ရွှေ့ပြောင်းလိုက်တာကစပြီး ခါးနာခါးကိုက် ဝေဒနာရရှိလာတာ ဖြစ်ပါတယ်။ ဖြစ်ဖြစ်ချင်း မိသားစုဆရာဝန်နဲ့ ပြသတော့ အလေးအပင်ဗြုန်းကနဲ မ,လိုက်လို့ ကျောပြင်ကြွက်သား ဒဏ်ထိသွားတာလို့ ဆရာဝန်က ပြောပါတယ်။ အကိုက်အခဲပျောက်ဆေး၊ လိမ်းဆေးတွေနဲ့ ကုသလို့မပျောက်ဘူး၊ လနဲ့ချီပြီး နာတာရှည် နာကျင်ကိုက်ခဲရောဂါ ဖြစ်လာတယ်။ သက်ဆိုင်ရာ အထူးကုဆရာဝန်တွေနဲ့လည်း စစ်ဆေးတယ်။ ပုံရိပ်ပြဓာတ်မှန်(MRI)ရိုက်ပြီး စမ်းသပ်တယ်။ ခါးနာဝေဒနာဖြစ်ပေါ်စေတဲ့ ရုပ်ပိုင်းဆိုင်ရာ အကြောင်းရင်း(ခန္ဓာကိုယ်ရောဂါ)ကို ရှာမတွေ့ဘူး။ ဒါကြောင့် စိတ်ကျန်းမာရေး စစ်ဆေးပေးဖို့ မစ္စတာဒီကို လွှဲပြောင်းပေးပါတယ်။

အရိုးရောဂါကုသဆောင်မှာ ဆေးရုံတက်နေတဲ့ မစ္စတာဒီကို စာရေးသူ တွေ့ဆုံစစ်ဆေးတယ်။ လည်ကုပ်၊ နောက်ကျောနဲ့ ခါးတလျောက် အမြဲလိုလို နာကျင်ကိုက်ခဲနေတယ်လို့ မစ္စတာဒီက ပြောပြတယ်။ စိတ်ကျန်းမာရေးအခြေအနေကို စစ်ဆေးကြည့်တော့ မစ္စတာဒီက စိတ်ကျရောဂါ၊ စိုးရိမ်စိတ်လွန်ကဲရောဂါ၊ စိတ္တဇရောဂါ စတဲ့ တခြားစိတ်ရောဂါ ခံစားနေရတဲ့ အထောက်အထားမရှိဘူး။ လုပ်ငန်းခွင်မှာ ပြဿနာနဲ့ ရင်ဆိုင်နေရတာတော့ ရှိတယ်။ သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီက ကုန်ကျစရိတ်လျှော့ချချင်တယ်။ နည်းနည်းနဲ့ကျဲကျဲ ဝိုင်းနေတယ်။ နှစ်ယောက်စာအလုပ်ကို မစ္စတာဒီတစ်ယောက်တည်း လုပ်နေရတယ်။ ဒါကြောင့် လုပ်ငန်းခွင်ဖိစီးမှု (Work Stress) ဒဏ်ခံနေရတယ်။ နောက်ပြီး ခါးနာရောဂါက မပျောက်ကင်းနိုင်လို့ စိတ်ဓာတ်ကျနေတယ်လို့ ပြောပါတယ်။

မစ္စတာဒီရဲ့ ရောဂါကို လက်ထောက်ဆရာဝန် အင်ဂျီလာနဲ့ ဆွေးနွေးတော့ သူက စူးစမ်းမေးမြန်းပါတယ်။

“မစ္စတာဒီက ကုမ္ပဏီအပေါ် ရန်ငြှိုးထားပြီး အရွဲ့တိုက်နေတာလား ဒေါက်တာအုန်း”

“အလုပ်မှာ ရေသာခိုချင်လို့ လိမ်ညာနေတာတော့ ဟုတ်မယ်မထင်ပါဘူး။ စိတ်ဖိစီးမှုဒဏ်ကို စိတ်ဝေဒနာလို့ မခံစားရဘဲ ခန္ဓာကိုယ်(ရုပ်ပိုင်း)ဝေဒနာလို ခံစားနေရတာ ဖြစ်နိုင်ပါတယ်။ ကုမ္ပဏီအုပ်ချုပ်ရေးအဖွဲ့အပေါ်မှာ မစ္စတာဒီက မကျေမနပ်ဖြစ်နေတာ၊ ကျိတ်ပြီးဒေါသထွက်နေတာရှိမယ်။ အခြေအနေအရ သူခံစားနေရတဲ့အတိုင်း ထုတ်ဖော်ပြောဖို့ မဖြစ်ဘူး။ မျိုသိပ်ထားရတယ်။ ဒါပေမဲ့ ဖိနှိပ်ခံထားရတဲ့ စိတ်စွမ်းအင်က မသိစိတ်ထဲမှာ အငြိမ်နေလို့ မရဘူး။ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲက ရေနွေးငွေ့လို တိုးထွက်ဖို့ ကြိုးစားနေတယ်။ ပေါက်ကွဲမသွားအောင် ထွက်ပေါက်ပေးရမယ်။ ဒီတော့ မသိစိတ်က ကာကွယ်နည်းပရိယာယ် (Defense Mechanism) တစ်ခုကို အသုံးပြုတယ်။ နာကြည်းစိတ်ကို အသွင်ပြောင်းပြီး ထွက်ပေါက်ပေးလိုက်တယ်။ “ငါတကယ် နာကြည်းနေတာ၊ ဒေါသအမျက်ထားနေတာ မဟုတ်ဘူး။ ငါ့ခန္ဓာကိုယ်ကသာ နာကျင်ကိုက်ခဲနေတာ။ လူတွေကို အမျက်ဒေါသမပြနဲ့။ နာကျင်ကိုက်ခဲတဲ့ လက္ခဏာကိုသာပြ”။ အဲဒါ “စိတ်ကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲရောဂါ”( Psychogenic Pain)ဖြစ်ပွားပုံကို ဖြေရှင်းချက်ပေးတဲ့ စိတ်ပညာသီအိုရီတစ်ခု ဖြစ်ပါတယ်။

“ကုမ္ပဏီအုပ်ချုပ်ရေးအဖွဲ့အပေါ်မှာ မစ္စတာဒီက မကျေမနပ်ဖြစ်နေတာ၊ ကျိတ်ပြီးဒေါသထွက်နေတာ ရှိမယ်။ အခြေအနေအရ သူခံစားနေရတဲ့အတိုင်း ထုတ်ဖော်ပြောဖို့မဖြစ်ဘူး။ မျိုသိပ်ထားရတယ်။ ဒါပေမဲ့ ဖိနှိပ်ခံထားရတဲ့ စိတ်စွမ်းအင်က မသိစိတ်ထဲမှာ အငြိမ်နေလို့မရဘူး။ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲက ရေနွေးငွေ့လို တိုးထွက်ဖို့ကြိုးစားနေတယ်။ ပေါက်ကွဲမသွားအောင် ထွက်ပေါက်ပေးရမယ်။ ဒီတော့” . . .

ဒေါက်တာအင်ဂျီလာက သေချာအောင် မေးမြန်းတယ်။

“မစ္စတာဒီရဲ့ ရောဂါကို “စိတ်ကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲရောဂါ”လို့ သတ်မှတ်နိုင်တယ်ပေါ့”

“မှန်ပါတယ်။ အမေရိကန်စိတ်ကျန်းမာရေးဆရာဝန်များအဖွဲ့က ထုတ်ဝေထားတဲ့ စိတ်ရောဂါ စစ်တမ်းကျမ်းအမှတ် ၅ (DSM-5)မှာတော့ မစ္စတာဒီရဲ့ ရောဂါမျိုးကို “အတိအကျ ရောဂါမဖော်ပြနိုင်တဲ့ ခန္ဓာကိုယ်လက္ခဏာ”(Unspecified Somatic Symptoms)လို့ ခေါ်ဆိုထားတယ်။ စိတ်ကြောင့် နာကျင်ကိုက်ခဲရောဂါလို့ မှတ်ချက်ချနိုင်ဖို့ လိုအပ်တဲ့ အချက်အလက်တွေရှိပါတယ်။ (က) နာကျင်ကိုက်ခဲ မှုခံစားရခြင်းက ဦးနှောက်နဲ့ အာရုံကြောရောဂါ၊ အရိုးအဆစ်ရောဂါ သို့မဟုတ် ကိုယ်အင်္ဂါရောဂါတစ်ခုခုကြောင့် ဖြစ်ပွားတာမဟုတ်ဘူး။ (ခ) နာကျင်ကိုက်ခဲခြင်းက ဆေးကုသမှုခံယူဖို့ လိုအပ်တဲ့ အခြေအနေအထိ ဆိုးရွားပြင်းထန်မှုရှိတယ်။ (ဂ) နာကျင်ကိုက်ခဲ မှုဝေဒနာကြောင့် လူနာရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်နစ်နာမှုရှိတယ်။ (ဃ) ရောဂါစတင်ဖြစ်ပေါ်လာတာ၊ ရောဂါဆိုးရွားပြင်းထန်တာ၊ ဒါမှမဟုတ် ရောဂါသက်ကြာရှည်နေတာက စိတ်ဖိစီးမှုအတက်အကျနဲ့ ဆက်စပ်နေတယ်။ (င) နာကျင်ကိုက်ခဲခြင်း၊ မခံစားရဘဲ နာကျင်ကိုက်ခဲတယ်လို့ လူနာက လိမ်ညာပြောဆိုနေတာ မဟုတ်ဘူး။ လူနာအမှန်တကယ် ခံစားနေတဲ့ ဝေဒနာဖြစ်တယ်။ (စ) စိတ်ကျရောဂါ၊ စိုးရိမ်စိတ်လွန်ကဲရောဂါ ဒါမှမဟုတ် စိတ္တဇရောဂါကြောင့် နာကျင်ကိုက်ခဲဝေဒနာ ခံစားရတာရှိတတ်ပါတယ်။ စိတ်ကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲဝေဒနာက အဲဒီလိုရောဂါတွေကြောင့် ဖြစ်ပေါ်ခံစားနေရတာ မဟုတ်ဘူး။ မစ္စတာဒီရဲ့ ရောဂါအနေအထားကို လေ့လာကြည့်ရင် အခုပြောခဲ့တဲ့ အချက်အလက်တွေနဲ့ ကိုက်ညီနေပါတယ်”

ဒေါက်တာအင်ဂျီလာက စောဒကတက်ပါတယ်။

“ဦးနှောက်နဲ့ အာရုံကြောအထူးကု ဆရာဝန်ကြီးက ပြောဖူးတာကို ကျွန်မသတိရနေပါတယ်။ နာကျင်ကိုက်ခဲဝေဒနာရဲ ့ အကြောင်းရင်းကို အခုအချိန်မှာ ရှာဖွေမတွေ့သေးတာကြောင့်၊ စိတ်ကြောင့်ဖြစ်တယ်လို့ တထစ်ချမယူဆနဲ့တဲ့။ ရောဂါရှာဖွေနိုင်တဲ့ နည်းပညာကို အသုံးမပြုနိုင်သေးလို့ ရောဂါရှာမတွေ့သေးတာ ဖြစ်မယ်တဲ့”

“မှန်ပါတယ်။ အစဉ်အမြဲ သတိပြုနေရမယ့် အချက်တစ်ခုပါပဲ။ အကြမ်းအားဖြင့်ပြောရရင် နာကျင်ကိုက်ခဲရောဂါအုပ်စု သုံးမျိုးရှိပါတယ်။ (၁) အမှန်တကယ် ခန္ဓာကိုယ်ရောဂါရှိပြီး ရောဂါဆိုးရွားတာနဲ့အလိုက် နာကျင်ကိုက်ခဲမှုရှိတာ၊ (၂) ခန္ဓာကိုယ်ရောဂါရှိတာ မှန်ပေမယ့် လူနာခံစားရတဲ့ နာကျင်ကိုက်ခဲခြင်း အတိုင်းအတာက ရှိသင့်တာထက် ဆိုးရွားပြင်းထန်နေတာနဲ့ (၃) ခန္ဓာကိုယ်ရောဂါမရှိဘဲ နာကျင်ကိုက်ခဲခြင်း ခံစားနေရတာတို့ ဖြစ်တယ်။

စိတ်ကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲရောဂါရှင်ကို “ခင်ဗျားဘယ်နေရာမှာ ဘယ်လိုနာကျင်ကိုက်ခဲနေတာလဲ”လို့ မေးကြည့်ရင် နာကျင်ကိုက်ခဲတဲ့ ပုံသဏ္ဍာန်က ထူးခြားမှုရှိတတ်တယ်”

“ပြောပြပါ”

“လူနာက မိမိနာကျင်ကိုက်ခဲနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနေရာကို အတိအကျ လက်ညှိုးထိုးမပြနိုင်ဘူး။ မစ္စတာဒီလို လည်ကုပ်ကနေပြီး တင်ပဆုံရိုးအထိ ကျောပြင်တလျောက် နာကျင်ကိုက်ခဲနေသလို ဖော်ပြလေ့ရှိတယ်။ နောက်ပြီး ဘယ်လိုနာကျင်တာလဲ၊ ဘယ်လောက်အထိ ဆိုးရွားပြင်းထန်သလဲဆိုတာကို တိတိကျကျမပြောနိုင်ဘူး။ နာကျင်ကိုက်ခဲနေတာက အတက်အကျ မရှိသလိုပဲ။ အမြဲလိုလို နာကျင်ကိုက်ခဲနေတတ်တယ်။ အကိုက်အခဲပျောက်ဆေး သောက်သုံးရင်လည်း ဆေးမတိုးဘူး။ မစ္စတာဒီမှာ အဲဒီလိုအချက်အလက်တွေ တွေ့ရှိနေရတယ်မဟုတ်လား”

“စိတ်ကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲရောဂါလူနာကို ဒေါက်တာအုန်းတို့ဆေးခန်းမှာ တွေ့ရှိရတာများပြားလား”

“မရှားပါဘူး။ အသက် ၁၈ နှစ်မှ ၆၅ နှစ်အတွင်းရှိ လူဦးရေထဲမှာ ခန္ဓာကိုယ်ရောဂါမရှိပေမယ့် နာတာရှည်အကိုက်အခဲရောဂါ ခံစားနေရသူ ၈ ရာခိုင်နှုန်းကျော်ရှိတယ်လို့ လေ့လာမှုတစ်ခုမှာ တွေ့ရှိရတယ်။ အဲဒီဝေဒနာရှင်တွေထဲမှာ ၅၅ ရာခိုင်နှုန်းကျော်ကတော့ စိတ်ကျရောဂါ ဒါမှမဟုတ် စိုးရိမ်စိတ်လွန်ကဲရောဂါကြောင့် နာကျင်ကိုက်ခဲဝေဒနာ ခံစားရတာဖြစ်တယ်။ ကျန်ဝေဒနာရှင်တွေက မစ္စတာဒီလို ရောဂါမျိုးရှိတယ်လို့ ပြောနိုင်တာပေါ့”

ဒေါက်တာအင်ဂျီလာက သူရင်ဆိုင်နေရတဲ့ ပြဿနာကို မေးမြန်းပါတယ်။

“မစ္စတာဒီကို ဘယ်နေရာမှာ ဘယ်လိုကုသပေးမလဲ ဒေါက်တာအုန်း”

“မစ္စတာဒီကို ဆေးရုံဆင်းပေးလို့ရပါတယ်။ နောက်နောင်မှာ ဒီရောဂါကြောင့် ဆေးရုံတင်မထားသင့်ဘူး။ သူခံစားနေရတဲ့ နာကျင်ကိုက်ခဲရောဂါက ဆေးရုံပေါ်မှာ ဆက်လက်ရှာဖွေစမ်းသပ်ဖို့ လိုအပ်တဲ့ ခန္ဓာကိုယ်ရောဂါကြောင့် မဟုတ်ဘူးဆိုတာကို ရှင်းလင်းဖြေကြားပေးရမယ်။ စိတ်ကြောင့် ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲမှု ခံစားရနိုင်တဲ့ ဦးနှောက်အာရုံကြော ဇီဝသဘာဝကို မစ္စတာဒီနားလည်အောင် ရှင်းပြနိုင်ရင် ကောင်းတယ်။ ဒီလိုပြောလို့ မစ္စတာဒီ အထင်မမှားစေနဲ့။ “နာကျင်ကိုက်ခဲနေတာက ခင်ဗျားရဲ့ စိတ်ကူးတွေပါဗျာ”၊ ခင်ဗျားက သူရဲဘောကြောင်လွန်းနေတာပါ”စသဖြင့် နောက်ပြောင်သရော်တာမျိုး မဖြစ်သင့်ဘူး မစ္စတာဒီ အမှန်တကယ် နာကျင်ကိုက်ခဲခြင်း ခံစားနေရတယ်ဆိုတာကို အသိအမှတ်ပြုရမယ်၊ ကိုယ်ချင်းစာမှုရှိရမယ်”

“အငိုသန်တဲ့ ကလေးကို မုန့်ကျွေးပြီးချော့ရင် ငိုတတ်တဲ့ အကျင့်စွဲမြဲသွားသလို မဖြစ်ဘူးလား”

“ဒေါက်တာအင်ဂျီလာပြောတာ မဆိုးပါဘူး။ အဲဒီလိုမဖြစ်အောင် “ခွဲခြမ်းစိတ်ဖြာစိတ်ပညာကုထုံး” (Psychodynamic Therapy) ကို အသုံးပြုရမယ်။ မစ္စတာဒီကြုံတွေ့နေရတဲ့ လုပ်ငန်းခွင် အခက်အခဲပြဿနာ(စိတ်ဖိစီးမှု)နဲ့ နာကျင်ကိုက်ခဲမှု ခံစားနေရတာ ဆက်စပ်မှုရှိတယ်ဆိုတာကို သူနားလည် သဘောပေါက်လက်ခံလာအောင် ဆောင်ရွက်ပေးတဲ့ ကုထုံးဖြစ်တယ်။

နားလည်တယ်လို့ဆိုတဲ့နေရာမှာ အသိဉာဏ်နဲ့ နားလည်တာကို ပြောတာမဟုတ်ဘူး။ ဆေးပညာရှင် နားလည်သလို Intellectual Understanding မဟုတ်ဘူး။ စိတ်ခံစားမှုနဲ့ ထိုးထွင်းသိမြင်လာခြင်း (Insight)ကိုပြောတာပါ။ Emotional Understanding လို့ ဆိုနိုင်ပါတယ်။ မစ္စတာဒီက အဲဒီလိုကုသနည်းကို လက်ခံဖို့ ဝန်လေးနေရင် သူကိုယ်တိုင်ဆောင်ရွက်နိုင်တဲ့ နည်းတွေကို သင်ကြားပေးပါ။ အကျိုးရှိနိုင်ပါတယ်”

“သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာတို့၊ ကြွက်သားဖြေလျှော့နည်း လေ့ကျင့်တာတို့လား”

“ဟုတ်ပါတယ်။ နောက်ပြီး နာကျင်ကိုက်ခဲခြင်းကို အရှိအတိုင်း အာရုံပြုလေ့ကျင့်ရတဲ့ သတိပဋ္ဌာန်ကမ္မဋ္ဌာန်းထိုင်နည်းကလည်း အကျိုးရှိနိုင်ပါတယ်”

“အလွယ်ဆုံးကုသနည်းကတော့ အကိုက်အခဲပျောက်ဆေးပေးတာပဲ မဟုတ်ဘူးလား”

“စိတ်ကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲရောဂါကုသဖို့ ဘိန်းအနွယ်ဝင်အကိုက်အခဲပျောက်ဆေးကို အသုံးမပြုသင့်ပါဘူး။ အိပ်ဆေးနဲ့ စိတ်ငြိမ်ဆေးကို တတ်နိုင်သမျှရှောင်ရမယ်။ ဒီလိုလူနာမျိုးက ဆေးစွဲရောဂါ အလွယ်တကူရရှိနိုင်တယ်။ အကျိုးရှိလို့ တွဲဖက်အသုံးပြုနိုင်တဲ့ ဆေးကတော့ TCA အနွယ်ဝင် စိတ်ကျရောဂါကုဆေး ဖြစ်ပါတယ်။ (ဥပမာ- Ami­triptyline၊ Nortriptyline)။ အခုဆွေးနွေးခဲ့တဲ့ ကုသနည်းတွေကို မစ္စတာဒီနဲ့ တိုင်ပင်ပြီး ကုသပေးဖို့ စီစဉ်လိုက်ပါ”

Most Popular

Healthy Life Ad
To Top