Healthy Life Ad
Life Style

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ ( ၅ ) “ဝမ်းနည်းကြေကွဲလို့ ရယ်မောသူ”

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

မတုန်မလှုပ် ကျောက်ရုပ်ထု-စိတ်နှစ်ခွရောဂါ (Catatonic Schizophrenia) ခံစားနေရတဲ့ လူနာရာမန်ကို လက်ထောက်ဆရာဝန် ဖရီဒါနဲ့အတူ စစ်ဆေးစမ်းသပ်နေပါတယ်။ (Healthy Life ဂျာနယ် အတွဲ ၁၃၆)

စာရေးသူက ဖရီဒါကို သတိပေးမေးမြန်းပါတယ်။

“မတုန်မလှုပ်ကျောက်ရုပ်ထုရောဂါလက္ခဏာတွေကို ဖော်ပြတဲ့ တခြားရောဂါတွေရှိတယ်။ အဲဒါကို သတိထားရမယ်။ ဖရီဒါ သိသလား”

“ဦးနှောက်ရောဂါတချို့မှာ တွေ့ရှိနိုင်ပါတယ်။ ဥပမာ- ဦးနှောက်ရောင်ရောဂါ၊ ဦးနှောက်အကျိတ်ရောဂါ၊ ဦးနှောက်သွေးကြောပိတ်/သွေးကြောပေါက်ရောဂါ၊ ဦးနှောက်ဒဏ်ရာရရှိခြင်း စတဲ့ ရောဂါတွေလား”

“မှန်ပါတယ်။ အဲဒီရောဂါတွေကြောင့် ဦးနှောက်ရှေ့ပိုင်း (Frontal Lobe)နဲ့ စိတ်ခံစားမှုဆိုင်ရာ ဦးနှောက်ပိုင်း(Limbic System)ကို ထိခိုက်မှုရှိရင် မတုန်မလှုပ်ကျောက်ရုပ်ထုလက္ခဏာတွေ ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် ရာမန်ရဲ့အခြေအနေကို ဆက်လက်စစ်ဆေးအကြံပေးဖို့၊ ဦးနှောက်နဲ့ အာရုံကြောဆရာဝန်နဲ့တိုင်ပင်ဖို့ လိုအပ်ပါတယ်။ အဲဒါကို ဖရီဒါ ဆက်လက်ဆောင်ရွက်ပါ”

“ဟုတ်ကဲ့ပါ”

“အသက်အန္တရာယ်ရှိနိုင်တဲ့ တခြားအခြေအနေတစ်ခုရှိသေးတယ်။ “အသက်သေဆုံးနိုင်တဲ့ မတုန်မလှုပ်ကျောက်ရုပ်ရောဂါ” (Fatal Catatonia)လို့ ခေါ်ပါတယ်။ အဖျားတက်တာ၊ နှလုံးခုန်မြန်လွန်းတာ၊ သွေးတိုးအတက်အကျမြန်ဆန်လွန်းတာ စတဲ့ လက္ခဏာတွေကို တွေ့ရှိရရင် လိုအပ်သလို ကုသပေး ဖို့ လိုလိမ့်မယ်”

ဒေါက်တာဖရီဒါက ကြားဖြတ်မေးမြန်းပါတယ်။ “စိတ်ကျရောဂါနဲ့ စိတ်ကြွရောဂါကြောင့် မတုန်မလှုပ်ကျောက်ရုပ်ထုအခြေအနေ ဖြစ်ပေါ်နိုင်သလား”

“တစ်ခါတစ်ရံ တွေ့ရှိရပါတယ်။ စိတ်တ္တဇ စိတ်ကျရောဂါနဲ့ ပြင်းထန်ဆိုးရွားတဲ့ စိတ်ကြွရောဂါတွေမှာ တွေ့ရှိနိုင်ပါတယ်”

ဖရီဒါက နားရှုပ်သွားသလို အမူအရာနဲ့မေးမြန်းပါတယ်။ “စိတ်ကြွရောဂါမှာ လူနာက ဖမ်းလို့မမိနိုင်အောင် တက်ကြွလှုပ်ရှားနေတယ် မဟုတ်ဘူးလား”

“မှန်ပါတယ်။ ဒါပေမဲ့ လူနာရဲ့ အတွေးမျှင်တွေက အလွန်အမင်းများပြားမြန်ဆန်လွန်းတာကြောင့် လူနာက ကြက်သေသေသွားတတ်ပါတယ်”
ဖရီဒါက မှတ်ချက်ချပါတယ်။

“ရာမန်ရဲ့ရောဂါကတော့ စိတ်နှစ်ခွရောဂါလို့ပဲ ကျွန်မထင်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးစစ်ဆေးပြီးရင် ဘယ်လိုကုသမလဲ ဒေါက်တာအုန်း”

“စိတ္တဇရောဂါကုသဆေးထိုးဆေးတစ်မျိုးကို စတင်အသုံးပြုရမယ်။ နောက်ပြီး “လျှပ်စစ်အတက် ကုထုံး” (Electrd Convulsive Therapy) (ECT) နဲ့ ကုသရမယ်။ မတုန်မလှုပ်ကျောက်ရုပ်ထု စိတ်နှစ်ခွရောဂါအတွက် ECT က အသက်ကယ်ကု ထုံးတစ်ခုဖြစ်ပါတယ်”

ဒေါက်တာဖရီဒါနဲ့ စာရေးသူတို့ ရာမန်ရဲ့ အခန်းထဲကထွက်လာတော့ ဆေးကုသဆောင်ဧည့်ခန်းထဲမှာ တစ်ယောက်တည်းရယ်မောနေတဲ့ အမျိုးသမီးလူနာတစ်ယောက်ကို တွေ့မြင်ရတယ်။

ဖရီဒါက ပြောပြပါတယ်။ “အဲဒီအမျိုးသမီးလူနာက အမီနာပါ။ စိတ်နှစ်ခွ ရောဂါခံစားနေရတာ ၅နှစ်ကျော်ရှိပြီလို့ သိရပါတယ်။ အမီနာကျတော့ မတုန်မလှုပ်ကျောက်ရုပ်ထုလို ဖြစ်မနေဘူး။ ဆေးကုသဆောင်ထဲမှာ လူပျက်လိုဖြစ်နေတယ်။ လူတွေက သူ့ကိုကြည့်ပြီး ရယ်မောနေကြပါတယ်”

ဆေးရုံတက်လာတဲ့နေ့က သူ့အဝတ်အစားတွေက ညစ်ပေနေတယ်။ ဆံပင်တွေက ဖရိုဖရဲနဲ့ ခြောက်ကပ်လိမ် ကောက်နေတယ်။ ရေမချိုးတာကြာပြီတဲ့။ သူနာပြုတွေက အတင်းအဓမ္မရေချိုးပေးပြီး အလှပြင်ထားလို့ အခုလိုတွေ့ရတာ . . .

စာရေးသူက စူးစမ်းမေးမြန်းပါတယ်။ “အမီနာမှာ ဘယ်လိုရောဂါလက္ခဏာတွေကို တွေ့ရှိရသလဲ”

“ဆေးရုံတက်လာတဲ့နေ့က သူ့အဝတ်အစားတွေက ညစ်ပေနေတယ်။ ဆံပင်တွေက ဖရိုဖရဲနဲ့ ခြောက်ကပ်လိမ်ကောက်နေတယ်။ ရေမချိုးတာကြာပြီတဲ့။ သူနာပြုတွေက အတင်းအဓမ္မရေချိုးပေးပြီး အလှပြင်ထားလို့ အခုလိုတွေ့ရတာ”

စာရေးသူက ရှင်းပြပါတယ်။ “အဲဒါ စေ့ဆော်မှုလျော့နည်းတဲ့ လက္ခဏာ၊ လုပ်ချင်ကိုင်ချင်စိတ်တုံးလာတဲ့ လက္ခဏာဖြစ်ပါတယ်။ စိတ်နှစ်ခွရောဂါမှာတွေ့ရှိရတဲ့ “အနုတ်လက္ခဏာပြအင်္ဂါရပ်” (Negative Symptoms) ဖြစ်ပါတယ်။ အမီနာက တစ်ကိုယ်ရေသန့်ရှင်းရေးကို အမှုမထားတော့တဲ့သဘောပါ”

ဒေါက်တာဖရီဒါက သူစစ်ဆေးတွေ့ရှိတာကို ဆက်လက်ပြောပြပါတယ်။ “အမီနာနဲ့ ပုံမှန်စကားပြောလို့ မရပါဘူး။ ကျွန်မက မေးခွန်းမေးလိုက်ရင် အမီနာက မဆီမဆိုင်တာတွေကိုသာ တောင်စဉ်ရေမရ လျှောက်ပြောနေပါတယ်”

“အဲဒါ “တွေးတောဆင်ခြင်စဉ်းစားမှုချို့ယွင်းခြင်း” (Formal Thought Disorder) လက္ခဏာဖြစ်တယ်။ လူနာစဉ်းစားတွေးတောပုံက ကျိုးကြောင်းဆီလျော် ဆက်စပ်မှုမရှိဘူး။ အတွေးအခေါ် အယူအဆတွေက ယုတ္တိမတန်ဘူး။ ဒါကြောင့် အမီနာပြောတဲ့ စကားတွေကို ဖရီဒါနားလည်ဖို့ ခက်ခဲနေတာပါ။ တခြားအပြုအမူချို့ယွင်းမှုတွေ တွေ့ရှိရသေးလား”

“တွေ့ရှိရပါတယ်။ ကျွန်မစစ်ဆေးနေချိန်မှာ အမီနာက အကြောင်းမဲ့ ငိုလိုက်ရယ်လိုက်လုပ်နေပါတယ်။ ကျွန်မက သူ့မိဘတွေရဲ့ ကိုယ်ရေးရာဇဝင်ကို မေးမြန်းပါတယ်။ သူ့အမေ လွန်ခဲ့တဲ့ တစ်နှစ်လောက်က သေဆုံးသွားတဲ့အကြောင်း အမီနာက ပြောပြပါတယ်။ အမီနာက သူ့အမေသေဆုံးတဲ့ကိစ္စက ိုရယ်မောပြီးပြောပါတယ် ဒေါက်တာအုန်း။ စိတ်ခံစားတုန့်ပြန်မှုက မူမမှန်ဘူးလို့ ကျွန်မထင်ပါတယ်”

“မှန်ပါတယ် ဖရီဒါ . . အဲဒီလိုလက္ခဏာကို “စိတ်ခံစားတုန့်ပြန်မှု အဆီအငေါ်မတည့်ဖြစ်ခြင်း” (Emotional Incongruity) လို့ ခေါ်ပါတယ်။ အခုလှမ်းကြည့်လိုက်ပါလား။ အမီနာက အလိုလိုနေရင်း ပြုံးစိစိလုပ်နေတယ်။ နောက်ပြီး လက်ဟန်ခြေဟန်ပြပြီး တစ်ယောက်ယောက်နဲ့ ဆက်သွယ်စကားပြောနေသလိုပဲ”

ဒေါက်တာဖရီဒါက သူ့ထင်မြင်ယူဆတာကို ပြောပြတယ်။ “အဲဒါ အမီနာက နားထဲမှာ စကားပြောသံတွေကြားနေလို့ တုန့်ပြန်တာဖြစ်မယ်လို့ ကျွန်မထင်တယ်။ ကျွန်မစစ်ဆေးကြည့်တုန်းက သူ့ကိုစကားလာပြောနေတဲ့လူတွေရှိတယ်လို့ အမီနာက ဝန်ခံပါတယ်။ အခန်းအပြင်ဘက်ကလိုလို၊ မျက်နှာကျက်ပေါ်ကလိုလို စကားပြောသံတွေ ကြားတယ်တဲ့”

စာရေးသူက မှတ်ချက်ချပါတယ်။

အဲဒါ “လှုံ့ဆော်မှုမဲ့ အကြားအာရုံ (Auditory Hallucination) လို့ခေါ်တယ်။ စိတ်နှစ်ခွရောဂါမှာ အမြဲလိုလိုတွေ့ရှိရတဲ့ လက္ခဏာဖြစ်ပါတယ်။ အမီနာခံစားနေရတာက ဘယ်လိုစိတ်နှစ်ခွရောဂါမျိုးလို့ ထင်သလဲ”

ဒေါက်တာဖရီဒါက အနည်းငယ်စဉ်းစားလိုက်ပြီး ဖြေဆိုပါတယ်။

“စကားပြောမမှန်ဘူး။ အပြုအမူတွေက ကိုးရိုးကားယား၊ စိတ်ခံစားတုန့်ပြန်မှုက ဖရိုဖရဲ၊ နားထဲမှာ အသံတွေကြားတာက အစဉ်အမြဲဆိုတော့ “ပရမ်းပတာစိတ်နှစ်ခွရောဂါ” (Disorganised Schizophrenia) လို့ ကျွန်မယူဆပါတယ် ဒေါက်တာအုန်း”

“မှန်ပါတယ်”

ဒေါက်တာဖရီဒါက အားတက်လာတဲ့ အမူအရာနဲ့ မေးမြန်းပါတယ်။ “ကျွန်မသိတဲ့ စိတ်နှစ်ခွရောဂါတစ်မျိုးရှိသေးတယ်။ “ညံ့ဖျင်းနုံအ-စိတ်နှစ်ခွရောဂါ” (Simple Deteriorative Schizophrenia) ဆိုတာပဲ။ အဲဒီရောဂါမှာ ဘယ်လိုလက္ခဏာတွေ တွေ့ရှိရမလဲ”

“ညံ့ဖျင်းနုံအ-စိတ်နှစ်ခွရောဂါ”က တဖြည်းဖြည်းမသိမသာဖြစ်ပေါ်လာတဲ့ ရောဂါမျိုးဖြစ်ပါတယ်။ အသက် ၂၀ ဝန်းကျင်က စတင်ဖြစ်ပွားလေ့ ရှိတယ်။ ရောဂါဖြစ်ပွားစအချိန်မှာ တခြားစိတ်နှစ်ခွရောဂါတွေလို သိသာထင်ရှားတဲ့ စိတ္တဇရောဂါလက္ခဏာတွေမဖော်ပြဘူး။ လူနာက တခြားလူတွေနဲ့ ပြောဆိုဆက်ဆံတာ မရှိတော့ဘူး။ သီးခြားအထီးကျန်နေတတ်တယ်။ စိတ်ခံစားမှုကတုံးလာတယ်။ စေ့ဆော်မှု နည်းပါးလာတယ်။ တစ်နေကုန် အခန်းထောင့်မှာ ထိုင်နေမယ်။ ဒါမှမဟုတ် အိပ်ရာထဲမှာ လဲလျောင်းနေမယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပါဝင်လုပ်ကိုင်မှုမရှိဘူး။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို လျစ်လျူရှုလာတယ်။ “အနုတ်ပြလက္ခဏာအင်္ဂါရပ်တွေ (Negative Symptoms) ကိုသာ တွေ့ရှိရတဲ့ ရောဂါမျိုးဖြစ်ပါတယ်”

ဒေါက်တာဖရီဒါက ညည်းတွားတယ်။

“စိတ်ပျက်စရာကြီးနော်”

“စိတ်နှစ်ခွရောဂါကို ကုသမှု မခံယူရရင်လည်း အဲဒီလိုအခြေအနေမျိုး ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ပျက်စရာမလိုပါဘူး ဖရီဒါ။ စိတ်နှစ်ခွရောဂါ ခံစားရသူတွေထဲမှာ ၂၅ ရာခိုင်နှုန်းလောက်သာ ဒီလိုအခြေအနေအထိ ဖြစ်လာတာကို တွေ့ရပါတယ်”

“ဒီလိုဆိုရင် စိတ်နှစ်ခွရောဂါကို သက်သာပျောက်ကင်းအောင် ကုသနိုင်တယ်လို့ ယူဆရမယ်ပေါ့”

See More

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ(၁) “နေ့လယ်အိပ်မက်ဆိုး”

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ(၂) “စိတ်ညှို့ခံထားရသလို”

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ (၃) “ရန်သူတွေ ဝိုင်းဝိုင်းလည်နေတယ်””

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ(၄)”မတုန်မလှုပ် ကျောက်ရုပ်ထုလို”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top