Healthy Life Ad
Life Style

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ (၃) “ရန်သူတွေ ဝိုင်းဝိုင်းလည်နေတယ်”

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

စိတ်နှစ်ခွရောဂါ (စိတ်ကစဉ့်ကလျားစိတ္တဇရောဂါ) (Schizophrenia) ဖြစ်ပွားချိန်မှာ တွေ့ရှိရတဲ့ ပထမအဆင့်လက္ခဏာများ (First Rank Symptoms) အကြောင်းကို သူနာပြုပီတာနဲ့ ဆွေးနွေးနေပါတယ်။

“ပထမအဆင့် လက္ခဏာတစ်ခုရှိသေးတယ်”

“ပြောပြပါ ဒေါက်တာ”

“ယုံမှားမှုတစ်ခုခုကို ဗြုန်းကနဲ သိမြင်ခံစားရတဲ့ အတွေ့အကြုံဖြစ်ပါတယ်။ Delusional Perception လို့ ခေါ်တယ်။ တချို့ကတော့ “အခြေခံမူလ ယုံမှားစိတ်” (Primary Delusion) လို့ ခေါ်ဆိုပါတယ်”

“ရှင်းပြပါ ဒေါက်တာ”

“တစ်ခုခုကို မြင်တွေ့လိုက်တာနဲ့ တပြိုင်နက် ဗြုန်းကနဲ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ယုံကြည်မှုတစ်ခုဖြစ်ပါတယ်။ အဲဒီယုံမှားစိတ်က ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုနဲ့ ဘယ်လိုမှမအပ်စပ်ဘူး။ လူနာ အမှန်တကယ် မြင်တွေ့လိုက်တဲ့ အဖြစ်အပျက်နဲ့ ဆီလျော်ပတ်သက်မှုမရှိဘူး။ လူနာရဲ့ အသိစိတ်ထဲကို အတုံးလိုက် အတစ်လိုက် အလိုအလျောက်ဝင်ရောက်လာတဲ့ အယူမှားဖြစ်ပါတယ်။”

ဥပမာ . . “ဂျာနယ်ထဲမှာ ကျွန်တော်ဖတ်ဖူးတဲ့ လူနာတစ်ယောက်ရှိတယ်။ လူနာက အသက် ၂၅ နှစ်အရွယ်ဖြစ်တယ်။ သူငယ်ချင်းတွေနဲ့ ကော်ဖီဆိုင်မှာ ကော်ဖီသောက်နေကြတယ်။ သူငယ်ချင်းတစ်ယောက်က ကော်ဖီပန်းကန်ကို ကောက်ကိုင်လိုက်တာ မြင်တွေ့ရတာနဲ့တပြိုင်နက် လူနာရဲ့ စိတ်ထဲမှာ ယုံကြည်ချက်တစ်ခုက အလိုအလျောက် ပေါ်ပေါက်လာတယ်။ “တမန်တော်အသစ်တစ်ပါး မွေးဖွားတော့မယ်။ လူတွေ သေတော့မယ်”ဆိုတဲ့ ယုံမှားတဲ့ အသိစိတ်ဖြစ်ပါတယ်။ အဲဒီလိုအတွေ့အကြုံမျိုးကို အကြိမ်ကြိမ် ခံစားလာရရင် အဲဒီယုံမှားစိတ်ကို လူနာက စွဲစွဲမြဲမြဲယုံကြည်လာတယ်။ တစ်ခါတစ်ရံမှ ဗြုန်းကနဲခံစားရတဲ့ အသိစိတ်မဟုတ်တော့ဘူး။ အမြဲတမ်းစွဲမြဲယုံကြည်နေတဲ့ စိတ္တဇရောဂါလက္ခဏာ ဖြစ်လာပါတယ်။ ဆေးပညာမှာ “ထပ်ဆင့်ဖြစ်ပွားယုံမှားမှု လွန်ကဲစိတ် (Secondary Delusion)လို့ ခေါ်ပါတယ်။ ဥပမာ ချာလီလို လူနာမျိုးပေါ့”

သူနာပြုပီတာက ကြားဖြတ်မေးတယ်။

“ဓားထိုးမှုဖြစ်လို့ တရားရုံးအမိန့်နဲ့ အထူးကုသဆောင် (Security Unit)ကို ရောက်နေတဲ့ ချာလီကို ပြောတာလား”

“ချာလီက အသက် ၃၀ အရွယ် ရုံးဝန်ထမ်းတစ်ဦးဖြစ်တယ်။ ယူနစ်အိမ်ခန်းတစ်ခုမှာ တစ်ယောက်တည်းနေထိုင်တယ်။ အလုပ်က ဆေးခွင့်ယူထားတာ တစ်လကျော်ရှိပြီ။ ချာလီက အပေါင်းအသင်းနည်းပါးသူ ဖြစ်ပါတယ်။ စိတ်ရောဂါဖြစ်ပွားလို့ ချာလီအမူအရာပြောင်းလဲနေတာကို ဘေးက သတိမထားမိကြဘူး။ တစ်နေ့မှာ ချာလီကတစ်ယောက်တည်း ဒေါသထွက်နေတယ်။ အော်ဟစ်ကြိမ်းမောင်းနေတယ်။ အခန်းထဲကနေပြီး နံရံကို ပစ္စည်းတွေနဲ့ ပစ်ပေါက်နေတယ်။ ဘေးခန်းက အိမ်နီးနားချင်းက ရဲကိုဖုန်းဆက်တိုင်ကြားတယ်။ ရဲက တံခါးကို တွန်းဖွင့်ပြီး အခန်းထဲဝင်ဖို့ ကြိုးစားတော့ ချာလီက ရဲကို ဓားမြောင်နဲ့ လှမ်းထိုးတယ်။ ရဲအရာရှိလက်မောင်းမှာ ဓားဒဏ်ရာရရှိသွားတယ်။ တရားရုံးက ချာလီရဲ့ စိတ်ရောဂါအခြေအနေကို စစ်ဆေးစမ်းသပ်ကုသပေးဖို့ ညွှန်ကြားလိုက်တယ်။

စာရေးသူက ပီတာကို ကြည့်လိုက်ပြီး ဆက်လက်ပြောပြပါတယ်။ “ချာလီကို ကျွန်တော်စစ်ဆေးကြည့်ပြီးပါပြီ။ ချာလီက “ယုံမှားမှုလွန်ကဲစိတ်နှစ်ခွရောဂါ” (Paranoid Schizophrenia) ခံစားနေရတယ်လို့ ကျွန်တော်မှတ်ချက်ချထားပါတယ်”

“ဘယ်လိုအထောက်အထား လက္ခဏာတွေရှိလို့လဲ ဒေါက်တာ”လို့ ပီတာက စူးစမ်းတယ်။ “ချာလီကို စစ်ဆေးကြည့်တော့ ရောဂါလက္ခဏာသုံးမျိုးကို ထင်ထင်ရှားရှားတွေ့ရှိရတယ်။

(က) “ယုံမှားမှုလွန်ကဲစိတ်ခံစားနေရတယ်။ စွဲစွဲမြဲမြဲယုံကြည်နေတဲ့ သံသယစိတ်ရှိနေတယ်။ လူတွေက သူ့အပေါ်မှာ မကောင်းကြံနေတယ်။ သူ့ကိုရန်မူနေကြတယ်လို့ အတိအကျပြောနေတယ်။ မယုံသင်္ကာစိတ်များပြားနေပါတယ်။ သူ့ပတ်ဝန်းကျင်မှာ ရန်သူတွေ ဝိုင်းဝိုင်းလည်နေတယ်လို့ ထင်မြင်ယူဆနေတယ်။ အဲဒီလို ယုံမှားမှုလွန်ကဲစိတ်ကို Delusion of Persecution လို့ ခေါ်တယ်။ “ဓားစာခံဖြစ်နေတယ်လို့ ယုံမှားမှုလွန်ကဲစိတ်”လို့ဆိုပါတော့။ အဲဒီလို မှားယွင်းတဲ့ယုံကြည်ချက်ကို ပံ့ပိုးပေးနေတဲ့ စိတ္တဇလက္ခဏာတွေကိုလည်း ချာလီခံစားနေရတယ်”

“နားထဲမှာ စကားပြောသံကြားနေရလား ဒေါက်တာ”

“မှန်ပါတယ်။ (ခ) လှုံ့ဆော်မှုမဲ့အကြားအာရုံ Auditory Hallucination တွေ ဖြစ်ပါတယ်။ “ဒီလူက ငါတို့ရန်သူ။ သူ့ကိုတော့အစတုံးပစ်မှ စိတ်ချရမယ် စတဲ့ ခြိမ်းခြောက်သံတွေကို ချာလီကြားနေရတယ်။ တစ်ဖက်ခန်းက အိမ်နီးနားချင်းတွေက သူ့ကိုလုပ်ကြံဖို့ ဆွေးနွေးနေကြတာကို ကြားရတယ်လို့ ချာလီကပြောပါတယ်။ ဒါကြောင့် သူ့ယုံမှားစိတ်က ပိုမိုခိုင်မာလာတယ်လို့ ဆိုနိုင်ပါတယ်”

(ဂ) ချာလီရဲ့ ယုံမှားစိတ်ကို ပံ့ပိုးပေးနေတဲ့ တခြားစိတ္တဇရောဂါလက္ခဏာကတော့ “မိမိကို ရည်ညွှန်းနေတယ်လို့ ထင်မြင်ယူဆခြင်း” Idea of Re­ference ဖြစ်ပါတယ်။ ပြတင်းပေါက်က လှမ်းကြည့်လိုက်ရင် လမ်းပေါ်ကလူတွေရဲ့ အမူအရာက မရိုးသားဘူး။ သူတို့အချင်းချင်း ခြေဟန်လက်ဟန်ပြပြီး သူ့ကိုလုပ်ကြံဖို့ အချက်ပေးနေကြတယ်လို့ ချာလီက ယုံကြည်နေတယ်။ ရုပ်သံလွှင့်အစီအစဉ်ထဲမှာ သူ့အကြောင်းကို ရည်ညွှန်းပြောဆိုနေကြတယ်၊ သူ့ကိုရန်မူဖို့ စကားဝှက်သုံးပြီး ဆက်သွယ်နေကြတယ်လို့ ချာလီကပြောတယ်”

သူနာပြုပီတာက မှတ်ချက်ချပါတယ်။ “ချာလီက စိတ်နှစ်ခွရောဂါ ခံစားနေရတယ်ဆိုပေမယ့် တခြားစိတ်နှစ်ခွရောဂါလူနာတွေနဲ့ မတူဘူးနော်”

“မှန်ပါတယ်ပီတာ၊ ယုံမှားမှုလွန်ကဲစိတ်နှစ်ခွရောဂါ လူနာမှာအကြောင်းမဲ့ ရယ်မောတာတို့၊ စကားပြော ပရမ်းပတာဖြစ်တာတို့၊ စေ့ဆော်မှုနည်းပါးတာတို့ကို မတွေ့ရှိရဘူး။ တခြားကိစ္စတွေကို ချာလီနဲ့ ဆွေးနွေးကြည့်ရင် စကားပြောမမှားဘူး။ မှားယွင်းနေတဲ့ သူ့ယုံကြည်ချက်ကိုထိလိုက်ရင်သာ ပျားအုံကို တုတ်နဲ့ထိုးလိုက်သလိုဖြစ်လာမှာပါ”

သူနာပြုပီတာက မကျေနပ်တဲ့ အမူအရာနဲ့ တင်ပြတယ်။

“ချာလီကို ဆေးတိုက်ရတာ ပျားအုံကိုတုတ်နဲ့ ထိုးရသလိုပဲ”

“ဘာဖြစ်လို့လဲ”

ညတာဝန်ကျ သူနာပြုဆရာမကပြောပါတယ်။ ချာလီက ဆေးသောက်ဖို့ငြင်းဆန်တယ်တဲ့။ ဆေးလုံးကို လွှင့်ပစ်တယ်။ ချုပ်ပြီး ဆေးရည်တိုက်တော့ ဆေးရည်ကို ထွေးထုတ်ပစ်တယ်ဒေါက်တာ။ နောက်ပြီး ချာလီက စွပ်စွဲပြောဆိုပါတယ်။ ‘ဆေးကုသဆောင်ထဲမှာ သူ့ကို သတ်ချင်တဲ့လူတွေ ရောက်နေတယ်တဲ့’။ သူနာပြုတွေကကြံရာပါတွေ။ သူ့ကို အဆိပ်ခတ်သတ်ဖို့ ကြိုးစားကြတာတဲ့။ ဒါ့ကြောင့် ချာလီအတွက် ကုသမှုအစီအစဉ်တစ်ခု တိတိကျကျ ညွှန်ကြားပေးဖို့ . . .

“ညတာဝန်ကျ သူနာပြုဆရာမက ပြောပါတယ်။ ချာလီက ဆေးသောက်ဖို့ ငြင်းဆန်တယ်တဲ့။ ဆေးလုံးကိုလွှင့်ပစ်တယ်။ ချုပ်ပြီး ဆေးရည်တိုက်တော့ ဆေးရည်ကို ထွေးထုတ်ပစ်တယ် ဒေါက်တာ။ နောက်ပြီး ချာလီက စွပ်စွဲပြောဆိုပါတယ်။ “ဆေးကုသဆောင်ထဲမှာ သူ့ကိုသတ်ချင်တဲ့လူတွေ ရောက်နေတယ်တဲ့”။ သူနာပြုတွေက ကြံရာပါတွေ။ သူ့ကိုအဆိပ်ခတ်သတ်ဖို့ ကြိုးစားကြတာတဲ့။ ဒါ့ကြောင့် ချာလီအတွက် ကုသမှုအစီအစဉ်တစ်ခု တိတိကျကျ ညွှန်ကြားပေးဖို့ လိုအပ်ပါတယ်”

“ပီတာပြောတာမှန်ပါတယ်။ ယုံမှားမှုလွန်ကဲ စိတ်နှစ်ခွရောဂါလူနာက ကျန်းမာရေးဝန်ထမ်းတွေအပေါ်မှာလည်း သံသယမကင်းပါဘူး။ မီးကို မီးနဲ့ တားလို့တော့မဖြစ်ဘူး။ ဒါကြောင့် ချာလီကို လေးလေးစားစားဆက်ဆံရမယ်။ လူနာတောင်းဆိုသမျှ လိုက်လျောသဘောတူတာမျိုးလည်းမဖြစ်သင့်ဘူး။ လူနာရဲ့အပြုအမူကို ပြစ်တင်ဝေဖန်သလိုမပြောနဲ့။ ချာလီရဲ့ယုံကြည်မှုအမှားတွေကို ပျက်ရယ်မပြုနဲ့၊ တိုက်ရိုက်ဆန့်ကျင်မပြောနဲ့။ သက်သေအထောက်အထားနဲ့ အကျိုးအကြောင်းကိုသာ ရှင်းပြရမယ်။ ချာလီနဲ့ဆက်ဆံရင် ကိုယ့်ဘက်က ပွင့်ပွင့်လင်းလင်းပြော။ တိုတိုတုတ်တုတ်နဲ့ လိုရင်းကို အတိအကျပြော။ အဲဒါက ယုံမှားမှုလွန်ကဲနေတဲ့လူနာကို ဆက်ဆံတဲ့အခါ ကျန်းမာရေးဝန်ထမ်းတိုင်း လိုက်နာကျင့်သုံးသင့်တဲ့ နည်းပရိယာယ်တွေဖြစ်ပါတယ်”
သူနာပြုပီတာက ဆင်ခြေတက်ပါတယ်။

“ကျွန်တော်တို့က ချာလီကို ဒေါက်တာပြောသလို ဆက်ဆံပြောဆိုတာပါပဲ။ ချာလီက လက်မခံဘူး။ တခြားလူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အန္တရာယ်ရှိမှာကို ကျွန်တော်စိုးရိမ်နေတာပါ”

“ပီတာပြောတာ ကျွန်တော်လက်ခံပါတယ်။ ဆေးသောက်ဖို့ ငြင်းဆန်နေရင် စိတ္တဇရောဂါကုသဆေး၊ အသားထိုးဆေးနဲ့ စတင်ကုသရမှာ ဖြစ်ပါတယ်။ တရားရုံးအမိန့်အရ လူနာသဘောမတူပေမယ့် ထိုးဆေးကို အဓမ္မသုံးစွဲခွင့်ရှိပါတယ်။ ဆေးအရှိန်ရလာလို့ ရောဂါသက်သာလာရင် လူနာက ကုသမှုကို လက်ခံလာမှာပါ”

See More

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ(၁) “နေ့လယ်အိပ်မက်ဆိုး”

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ(၂) “စိတ်ညှို့ခံထားရသလို”

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ(၄)”မတုန်မလှုပ် ကျောက်ရုပ်ထုလို”

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ ( ၅ ) “ဝမ်းနည်းကြေကွဲလို့ ရယ်မောသူ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top