Healthy Life Ad
Life Style

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ(၂) “စိတ်ညှို့ခံထားရသလို”

ဒေါက်တာအုန်းကျော်(စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

ယခင်တစ်ပတ်မှအဆက်

စိတ်နှစ်ခွရောဂါ(Schizophrenia)နဲ့ ဆေးရုံတက်နေတဲ့ ဂျူဒီရဲ့ ရောဂါဖြစ်စဉ်ကို သူနာပြုပီတာက ဆက်လက်တင်ပြဆွေးနွေးပါတယ်။ (Healthy Life Journal အတွဲ ၁၃၃)

“ဂျူဒီကို ကျွန်တော်စစ်ဆေးကြည့်တော့ ကြောက်စိတ်အပြင် တခြားရောဂါလက္ခဏာတွေကိုလည်း တွေ့ရှိရတယ် ဒေါက်တာ”

“ပြောပြပါပီတာ”

“ခင်ဗျားနားထဲမှာ စကားပြောသံတွေကို အလိုလို ကြားနေတာ ရှိသလား”လို့ ကျွန်တော်က မေးပါတယ်။

“လူတွေပြောနေတဲ့ စကားသံမကြားပါဘူး။ ကျွန်မအတွေးကိုသာ ကျွန်မကြားနေတာပါ”လို့ ဂျူဒီက အဖြေပေးတယ်။

“အဲဒါ ဘာလဲ ဒေါက်တာ”

“အဲဒါစိတ်နှစ်ခွရောဂါမှာ တွေ့ရှိရတဲ့ ‘ပထမအဆင့်ရောဂါလက္ခဏာ'(First Rank Symptom) တစ်မျိုးဖြစ်တယ်။ လူနာက တစ်ခုခုစဉ်းစား တွေးတောလိုက်ရင် အဲဒီအတွေးတွေက စကားပြောသံလို နားထဲမှာ ပြန်ပြီး ကြားနေတယ်။”ဦးခေါင်းထဲမှာ အတွေးတွေက ဆူညံနေတာပဲ”လို့ တချို့လူနာတွေက ဖော်ပြတတ်တယ်။ အဲဒီလက္ခဏာကို “အတွေးပဲ့တင်သံ”(Thought Echo) လို့ အမည်ပေးထားပါတယ်။”

“ပထမဆင့်ရောဂါလက္ခဏာတွေအကြောင်း ကို ရှင်းပြပါဒေါက်တာ”

“ပထမအဆင့်ရောဂါလက္ခဏာ”တွေကို စိတ်နှစ်ခွရောဂါဖြစ်ပွားစမှာ တွေ့ရှိရတယ်။ အဲဒီလက္ခဏာတွေကတော့- (၁) အတွေးပဲ့တင်သံ၊ (၂) ဝေဖန်ချက်ပေးနေတဲ့ စကားသံ(Voice Commenting)၊ (၃) လူတွေအချင်းချင်း ပြောဆိုသံကြားခြင်း (Third Person Voices)၊ (၄) အတွေးထည့်သွင်းပေးခံရခြင်း (Thought Insertion)၊ (၅) အတွေးရုတ်သိမ်းခံရခြင်း (Thought Withdrawal)၊ (၆) အတွေးအသံလွှင့်ခြင်း (Thought Broadcasting)၊ (၇)ဖန်တီးပေးတဲ့ စိတ်တွန်းအား( Made Will )၊ (ဂ) ထိန်းချုပ်ခံ ခြေလက်လှုပ်ရှားမှု (Made Act)၊ (၉) ဖြစ်ပေါ်စေတဲ့ စိတ်ခံစားမှု(Made Affect)၊ (၁၀) ခန္ဓာကိုယ်ကို ထိန်းချုပ်ခံရခြင်း (Somatic Passivity)နဲ့ (၁၁) ဗြုန်းကနဲ ဖြစ်ပွားလာသော အသိမှား”( Delusional Perception) တို့ ဖြစ်ပါတယ်။ စိတ်နှစ်ခွရောဂါလူနာ ၇၅ ရာခိုင်နှုန်းကျော်မှာ ပထမအဆင့် ရောဂါလက္ခဏာတွေကို တွေ့ရှိနိုင်ပါတယ်။

_ _ _
ဒေါက်တာပြောခဲ့တဲ့ ပထမအဆင့် ရောဂါလက္ခဏာတွေကို တစ်ခုချင်း ရှင်းပြပါ

(၂) ဝေဖန်ချက်ပေးနေတဲ့ စကားသံ- လူနာက တစ်စုံတစ်ခု ပြုလုပ်ဖို့ စဉ်းစားလိုက်ရင် ဒါမှမဟုတ် စတင်ပြုလုပ်လိုက်ရင် အဲဒီအချိန်မှာ စကား ပြောသံကို ကြားရတယ်။ လူနာ ပြုလုပ်နေတာနဲ့ ပတ်သက်ပြီး ဝေဖန်မှတ်ချက်ချတဲ့ အသံမျိုးဖြစ်ပါတယ်။ ကျွန်တော် တွေ့ဖူးတဲ့ အမျိုးသမီးလူနာတစ်ယောက်မှာ အဲဒီလိုလက္ခဏာရှိတယ်။ လူနာကပြောတယ်။ “ကျွန်မထမင်းစားမယ်လို့ ပြင်ဆင်လိုက်ရင် ဒီမိန်းမ ထမင်းစားနေပြီ။ ကျွတ်ကျွတ်မြည်အောင် ဝါးစားနေပြီ”လို့ ပြောတဲ့ အသံတွေကို ကြားတယ်တဲ့”

(၃) လူတွေအချင်းချင်း ပြောဆိုသံကြားခြင်း- လက္ခဏာကတော့ လူနာအကြောင်းကို အတင်းပြောနေတဲ့ စကားသံတွေကို ကြားယောင်နေတာ ဖြစ်တယ်။ စကားသံတွေက လူနာကို တိုက်ရိုက်ပြောနေတာမဟုတ်ဘူး လူနာအကြောင်းကို သူတို့အချင်းချင်း ဆွေးနွေးနေကြတာ၊ အငြင်းပွားနေကြတာဖြစ်တယ်။ လူနာက ဘေးမှာထိုင်ပြီး နားထောင်နေရသူလိုပဲ”

_ _ _
သူနာပြုပီတာက ကြားဖြတ်မေးပါတယ်။

(၄)”အတွေးထည့်သွင်းပေးခံရခြင်း”ဆိုတဲ့ လက္ခဏာက အတွေးချို့ယွင်းခြင်းတစ်မျိုးလား”
“လူနာကကိုယ့်အတွေးကို ကိုယ်မပိုင်သလို ခံစားရတာ။

ကျွန်တော် တွေ့ဖူးတဲ့ လူနာက ကျွမ်းကျင်တဲ့ အပ်ချုပ်သမားဗျ။ အင်္ကျီအရွယ်တိုင်းပြီးအထည်စကို ကိုက်ဖြတ်ဖို့ စတင်လိုက်တိုင်း သူ့ဦးခေါင်းထဲမှာ သူ စဉ်းစားနေတာမဟုတ်တဲ့ အတွေးတစ်မျိုးက ထူးထူးဆန်းဆန်းပေါ်ပေါက်လာတာကို ခံစားရတယ်။ တစ်ယောက်ယောက်က စိတ်တန်ခိုးနဲ့ သူ့ကို တွေးခိုင်းနေသလိုပဲတဲ့။ ထူးဆန်းတဲ့ အတွေးတစ်ခုခုကို သူ့ဦးခေါင်းထဲ

ထည့်သွင်းပေးလိုက်သလိုပဲတဲ့။ ဒါကြောင့် လူနာက သူ့အလုပ်ကို မလုပ်နိုင်တော့ဘူး”

_ _ _
သူနာပြုပီတာက သူသိရှိထားတဲ့ ဂျူဒီရဲ့ ရောဂါလက္ခဏာတစ်ခုကို ပြောပြပါတယ်။

“ဂျူဒီက ပြောတယ်ဆရာ။ တစ်ခါတစ်ရံ သူ့ဦးခေါင်းထဲမှာ အတွေးတွေ မရှိတော့သလိုပဲတဲ့။ သူ့အတွေးတွေကို တစ်ယောက်ယောက်က ဆွဲနုတ်ထုတ်ယူသွားသလို ခံစားရတယ်တဲ့။ အဲဒါ (၅) အတွေး ရုပ်သိမ်းခံရခြင်းလက္ခဏာရဲ့ သဘောလား””ဟုတ်ပါတယ်။ တချို့လူနာတွေကတော့ အဲဒီလို အတွေ့အကြုံကို “လူတွေက ငါ့အတွေးတွေကို ခိုးယူထားတယ်”လို့ ဖော်ပြတတ်ပါတယ်။

_ _ _
စာရေးသူက ဆက်လက်ရှင်းပြပါတယ်။

“ဂျူဒီရေးထားတဲ့ စာကို ပီတာ ဖတ်ရတယ် မဟုတ်လား (Healthy Life Journal အတွဲ ၁၃၃)။ “လမ်းပေါ်က လူတွေက ကျွန်မကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုသိနေကြတယ်လို့ ရေးထားတာကိုမှတ်မိလား”

ဟုတ်ကဲ့ပါ

“အဲဒါ (၆) အတွေးအသံလွှင့်ခြင်းလက္ခဏာ ဖြစ်နိုင်တယ်။ လူနာစဉ်းစားတွေးတောနေတာကို တခြားလူတွေက အလိုအလျောက် သိနေကြတယ်လို့ ထင်မြင်နေတာ ဖြစ်ပါတယ်။ သူ့အတွေးတွေကို ရေဒီယိုကတစ်ဆင့် အသံလွှင့်နေသလို ခံစားရတယ်။ လူတွေက သူ့အတွေးတွေကို တနည်းနည်းနဲ့ ဖတ်ကြည့်နိုင်တယ်ပေါ့။ ဒါကြောင့် ဂျူဒီအကြောင်းမဲ့ ကြောက်စိတ်ဝင်နေတာဖြစ်မယ်”

_ _ _

(၇) ဖန်တီးပေးတဲ့ စိတ်တွန်းအားလက္ခဏာကတော့ စိတ်ဆန္ဒစေ့ဆော်မှု(Impulse)နဲ့ သက်ဆိုင်တယ်။ မကြာခင်က ကျွန်တော်တို့ ဆေးကုသဆောင်ထဲမှာ ဖြစ်ပွားတဲ့ အဖြစ်အပျက်ကို ခင်ဗျားမှတ်မိလာ။ ထမင်းစားပွဲမှာ လူနာအမျိုးသားတစ်ယောက်က ဘာမပြော ညာမပြော ဗြုန်းကနဲထပြီး ပန်းကန်ပြားတွေကို စားပွဲပေါ်က တွန်းချလိုက်တဲ့ အဖြစ်အပျက်ကို ပြောတာပါ။ အဲဒီလူနာကို စစ်ဆေးကြည့်တော့ လူနာက ပြောတယ်။ “ကျွန်တော်လုပ်တာ မဟုတ်ဘူး။ တစ်ယောက်ယောက်က အဲဒီလို လုပ်ဖို့ တိုက်တွန်းသလို ခံစားရလို့ပါတဲ့”။ ဂျူဒီအိမ်ထဲကနေပြီး အကြောင်းမဲ့ ဗြုန်းကနဲ ထွက်ပြေးတာလည်း ဖန်တီးပေးတဲ့ စိတ်တွန်းအားလက္ခဏာဖြစ်နိုင်ပါတယ်။

_ _ _

(၈) “ထိန်းချုပ်ခံ ခြေလက်လှုပ်ရှားမှုလက္ခဏာ နဲ့ ဆင်တူယိုးမှားဖြစ်နေသလိုပဲ ဒေါက်တာ”
မတူပါဘူး။ ထိန်းချုပ်ခံ ခြေလက်လှုပ်ရှားမှု လက္ခဏာမှာ လူနာက ရုပ်သေးရုပ်လို ဖြစ်နေတာ။ သူရဲ့ ခြေလက်တွေကို တစ်စုံတစ်ယောက်က ကိုင်တွယ်လှုပ်ရှားပေးနေသလို ခံစားရတာ ဖြစ်တယ်။ လှုပ်ရှားနေတဲ့ ခြေလက်တွေက လူနာရဲ့ ခန္ဓာကိုယ် အင်္ဂါပိုင်းမဟုတ်သလိုပဲ။ လှုပ်ရှားနေတဲ့ လက်တွေကို လူနာက ဘေးမှာ ထိုင်နေတဲ့ လူတစ်ယောက်လို မြင်တွေ့နေရတာ ဖြစ်ပါတယ်။ လူနာတစ်ယောက်က ပြောဖူးတယ်။ “ငါက ရုပ်သေးရုပ်လိုဖြစ်နေတယ်။ စကြာဝဠာကြိုးမျှင်တွေနဲ့ ငါ့ကို ထိန်းချုပ်ထားသလိုပဲ”တဲ့။

_ _ _

“စိတ်နှစ်ခွရောဂါ ခံစားနေရတဲ့ လူနာတချို့က အကြောင်းမဲ့ ငိုကြွေးနေတာ၊ ရယ်မောနေတာကို တွေ့ဖူးတယ်မဟုတ်လား ပီတာ”

“ဆေးကုသဆောင်ထဲမှာ တစ်ယောက်တည်း ရယ်မောနေတဲ့ ရှီးလာလို လူနာမျိုးလား”

“ရှီးလာကို ကျွန်တော် စစ်ဆေးဖူးပါတယ်။ သူရယ်မောနေတာက ပျက်လုံးထုတ်နေတဲ့ စကားပြောသံတွေကို ကြားယောင်နေလို့ ဖြစ်တာပါ။ ရောဂါနုစလူနာမှာ တခြားအတွေ့အကြုံရှိသေးတယ်။ တန်ခိုးရှင်တစ်ဦးဦးက စိတ်ခံစားမှုတစ်မျိုးကို လူနာရဲ့စိတ်ထဲ ထည့်သွင်းပေးလိုက်သလို ခံစားရတာ ရှိတယ်။ မိမိရဲ့ ကိုယ်ပိုင် စိတ်ခံစားမှုမဟုတ်ဘဲ စိတ်ခံစားမှု တစ်ခုကို အလိုအလျောက် ဗြုန်းကနဲ ခံစားလာရတာ မျိုး ဖြစ်ပါတယ်။ ဒါကြောင့် အကြောင်းမဲ့ စိတ်ညစ်တာ၊ ပျော်ရွှင်တာ၊ ဒေါသဖြစ်တာကို လူနာက ဖော်ပြတတ်တယ်။ အဲဒါ (၉)ဖြစ်စေတဲ့ စိတ်ခံစားမှု လက္ခဏာရဲ့ သဘောသဘာဝဖြစ်ပါတယ်။ လူနာတစ်ယောက်က ပြောဖူးတယ်။ “ကျွန်မ ငိုတာ စိတ်ညစ်လို့ မဟုတ်ဘူး။ စိတ်ညစ်တာက ကျွန်မမဟုတ်ဘူး။ ကျွန်မဦးနှောက်ထဲမှာ ‘စိတ်ညစ်တာက ပုံရိပ်သွင်းပေးလိုက်သလို ပေါ်ပေါက်လာတယ်။ တစ်ယောက်ယောက်က ထည့်သွင်းပေးလိုက်တာတဲ့။

_ _ _

သူနာပြုပီတာတစ်ယောက် ဦးနှောက်ခြောက်လာပုံရတယ်။ ဦးခေါင်းကုတ်ပြီး ငြီးတွားတယ်။

“စိတ်နှစ်ခွရောဂါလက္ခဏာတွေက ရှုပ်လိုက်တာနော်”

“လွယ်လွယ်နဲ့ နားလည်လို့ ရပါတယ်။ ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ ပထမအဆင့်လက္ခဏာတွေ မှာ အခြေခံအကြောင်းရင်းရှိတယ်။ အဓိက ပင်မအကြောင်းရင်း”

“ဘာလဲ ဒေါက်တာ”

“မိမိစိတ်ဖြစ်စဉ်ကို ပြင်ပတန်ခိုးရှင်တစ်ဦးဦး က ထိန်းချုပ်လွှမ်းမိုးထားသလို ခံစားရတာဖြစ်တယ်။ ဆေးပညာမှာ ‘Passivity Feeling’လို့ ခေါ်ပါတယ်။ ပြုသမျှနုရတဲ့ စိတ်ခံစားမှုအတွေ့အကြုံလို့ ပြောနိုင်တယ်။ လူနာရဲ့အကြားအာရုံ၊ အတွေးအခေါ်၊ ပြုမူလှုပ်ရှားမှု၊ စေ့ဆော်မှုနဲ့ စိတ်ခံစားမှုတွေကို လူနာကိုယ်တိုင် မပိုင်ဆိုင်ဘဲ တန်ခိုးရှင်တစ်ဦးက ထိန်းချုပ်နေရသလို ခံစားရတာ ဖြစ်တယ်။ နိုးကြားနေပေမယ့် အိပ်မွေ့ချခံထားရသူလို ဖြစ်နေတာပါ။ စိတ်ညှို့ခံထားရသူလို့ ဆိုပါတော့”

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

See More

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ(၁) “နေ့လယ်အိပ်မက်ဆိုး”

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ (၃) “ရန်သူတွေ ဝိုင်းဝိုင်းလည်နေတယ်””

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ(၄)”မတုန်မလှုပ် ကျောက်ရုပ်ထုလို”

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ ( ၅ ) “ဝမ်းနည်းကြေကွဲလို့ ရယ်မောသူ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top