Healthy Life Ad
Life Style

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ(၁) “နေ့လယ်အိပ်မက်ဆိုး”

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

စိတ်ကျန်းမာရေးဆေးပညာကို လေ့လာရင် ပထမဦးဆုံး သင်ယူရတဲ့ ရောဂါတစ်ခုရှိတယ်။ စိတ်ရောဂါကုသဆောင်နဲ့ စိတ်ကျန်းမာရေးဆေးရုံတွေမှာ သွားရောက်လေ့လာရင် အများဆုံးတွေ့ရှိရတဲ့ ရောဂါတစ်ခုရှိတယ်။ “စိတ်နောက်နေတာ”၊ “ရူးသွပ်နေတာ”လို့ လူတွေထဲမှာ ခေါ်ဝေါ်သမုတ်ခံရတဲ့ ရောဂါတစ်ခုလည်းဖြစ်တယ်။ အဲဒီစိတ်ရောဂါက ဘာလဲသိလား။ “စိတ်ကစဉ့်ကလျားစိတ္တဇရောဂါ” (Schizophrenia) ဖြစ်ပါတယ်။

Bleuler ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်က ၁၉၁၁ ခုနှစ်မှာ ဒီရောဂါကို Schizophrenia ရောဂါလို့စတင်အမည်ပေးခဲ့ပါတယ်။ “Schism” ဆိုတာက “ဂိုဏ်းခွဲခြင်း” “နှစ်ခြမ်းကွဲခြင်း”လို့ အဓိပ္ပာယ်ရပါတယ်။ “Phrenia”ဆိုတာကို စိတ်နေသဘောထား ကိုယ်ရည်ကိုယ်သွေးလို့ အဓိပ္ပာယ်ကောက်ယူနိုင်တယ်။ ဒီရောဂါမှာ ဆင်ခြင်ဆက်စပ်တွေးတောမှု ချို့ယွင်းခြင်း (Association of thought)၊ စိတ်ခံစားတုန့်ပြန်မှုချို့ယွင်းခြင်း (Affect)၊ အထီးကျန် နေထိုင်လုပ်ကိုင်ခြင်း (Autism) နဲ့ ဆန့်ကျင်ဘက်စိတ်နေစိတ်ထားရှိခြင်း (Ambivalence)ဆိုတဲ့ “A” လေးလုံးလက္ခဏာတွေကို တွေ့ရှိရတယ်လို့ Bleuler က ဖော်ပြခဲ့ပါတယ်။

ဆန့်ကျင်ဘက်ဖြစ်တဲ့ အတွေးအခေါ်၊ စိတ်ခံစားမှု၊ စေ့ဆော်မှုစတဲ့ စိတ်ဖြစ်စဉ်တွေကို လူနာက ရောမွှေလက်ခံနေတယ်လို့ယူဆတယ်။ ဒါကြောင့် “စိတ်နှစ်ခြမ်းကွဲရောဂါ” (Schizophrenia) လို့ အမည်ပေးခဲ့ပုံရပါတယ်။ လူနာရဲ့အတွေးအခေါ် ယုံကြည်မှုနဲ့ စိတ်ခံစားမှုတွေက ကစဉ့်ကရဲဖြစ်နေလို့၊ ပရမ်းပတာဖြစ်နေလို့ “စိတ်ကစဉ့်ကလျား စိတ္တဇရောဂါ”လို့ မြန်မာလို ဘာသာပြန်ဆိုခဲ့ကြပါတယ်။ မဆိုးပါဘူး။ ဒီဆောင်းပါးမှာတော့ အလွယ်တကူ တိုတိုတုတ်တုတ်ရေးလို့ရအောင် “စိတ်နှစ်ခွရောဂါ”လို့ ဖော်ပြလိုက်ပါတယ်။

ခေတ်သစ်ဆေးပညာမှာတော့ စိတ်နှစ်ခွရောဂါမှာ အဓိကရောဂါလက္ခဏာအုပ်စု(၅)မျိုးရှိတယ်လို့ သတ်မှတ်ထားတယ်။ (၁) အယူမှားကို စွဲမြဲယုံကြည်ခြင်း(သို့မဟုတ်) ယုံမှားမှုလွန်ကဲခြင်း (Delusion)၊ (၂) လှုံ့ဆော်မှုမဲ့အာရုံမှား ခံစားရခြင်း (သို့မဟုတ်) မရှိတာကိုအရှိလို့ အာရုံခံစားရခြင်း (Hallucination)၊ (၃) စကားပြောပရမ်းပတာဖြစ်ခြင်း (Disorganised Speech)၊ (၄) ပြုမူလုပ်ဆောင်ပုံနဲ့ တုန့်ပြန်လှုပ်ရှားမှုပရမ်းပတာဖြစ်ခြင်း (Disorganised Behaviour)၊ (၅) အနုတ်လက္ခဏာပြအင်္ဂါရပ်များ (Negative Symptoms)၊ ဥပမာ- လုပ်ချင်ကိုင်ချင်စိတ် စေ့ဆော်မှုနည်းပါးခြင်း၊ စိတ်ခံစားတုန့်ပြန်မှု “တုံး” ခြင်းတို့ ဖြစ်ပါတယ်။

လူထုအတွင်းမှာ စိတ်နှစ်ခွရောဂါ ဖြစ်ပွားမှုနှုန်း ဘယ်လောက်ရှိသလဲ။ နိုင်ငံပေါင်း (၄၆)နိုင်ငံမှာလေ့လာထားတဲ့ စာတမ်း ၁၉၀ ခန့်ရှိပါတယ်။ တွေ့ရှိချက်ကို အကြမ်းဖျင်းဖော်ပြပါမယ်။

(က) ကလေးတစ်ထောင် အရွယ်ရောက်လာရင် သူတို့ဘဝတစ်သက်တာမှာ (၇)ယောက်က စိတ်နှစ်ခံရောဂါခံစားရတယ်။

(ခ) ဘယ်အချိန်မှာဖြစ်ဖြစ် လူထုအတွင်းမှာ ရှာဖွေလေ့လာကြည့်ရင် လူဦးရေတစ်ထောင်မှာ ၂ယောက်က စိတ်နှစ်ခွရောဂါ ခံစားနေရတာကို တွေ့ရှိရတယ်။

(ဂ) လူထုထဲမှာ နှစ်စဉ်စိတ်နှစ်ခွရောဂါ အသစ်စတင်ဖြစ်ပွားတဲ့နှုန်းကတော့ လူဦးရေတစ်သောင်းမှာ ၂ယောက် ဖြစ်ပါတယ်။ ဒီနှုန်းနဲ့တွက်ကြည့်ရင် မြန်မာနိုင်ငံမှာ လောလောဆယ်စိတ်နှစ်ခွရောဂါ ခံစားနေရသူ တစ်သိန်းကျော်ရှိမယ်။ နောက်ပြီး နှစ်စဉ်နှစ်တိုင်း စိတ်နှစ်ခွရောဂါအသစ် စတင်ဖြစ်ပွားလာမယ့်သူ တစ်သောင်းကျော်ရှိမယ်လို့ ခန့်မှန်းနိုင်ပါတယ်။

စိတ်နှစ်ခွရောဂါခံစားနေရသူတိုင်း (ဆေးကုသဖို့လိုအပ်ပေမယ့်) ဆေးကုသမှု မခံယူရတာကို တွေ့ရှိရတယ်။ အမေရိကန်ပြည်ထောင်စုလိုနိုင်ငံမှာတောင် စိတ်နှစ်ခွရောဂါရှိသူ ၅၀ ရာခိုင်နှုန်းသာ ဆေးကုသမှု ခံယူရတယ်လို့ ဆိုပါတယ်။ စိတ်နှစ်ခွရောဂါက အသက် ၁၅ နှစ်နဲ့ ၂၄ နှစ်ကြားမှာ စတင်ဖြစ်ပွားလေ့ရှိတယ်။ စာရေးသူရဲ့လူနာ ဂျူဒီ စိတ်နှစ်ခွရောဂါ စတင်ခံစားရတုန်းက အသက် ၂၀ ရှိပါပြီ။

ဂျူဒီက အသက်မွေးဝမ်းကျောင်းကောလိပ်မှာ အိုင်တီဒီပလိုမာသင်တန်း တက်ရောက်နေသူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆ လလောက်က ဂျူဒီဟာ အကြောင်းမဲ့ ကြောက်ရွံ့ထိတ်လန့်လာတတ်တယ်လို့ သိရတယ်။ အပြင်ဆေးခန်းဆရာဝန်က စိုးရိမ်စိတ် ကြောက်စိတ်လွန်ကဲရောဂါလို့ သတ်မှတ်ပါတယ်။ စိုးရိမ်သောက စိတ်သက်သာအောင် စိတ်ငြိမ်ဆေးနဲ့ အိပ်ဆေးကိုညွှန်ကြားပေးတယ်။ ဒါပေမဲ့ သိသိသာသာ မသက်သာဘူး။ အမြဲလိုလို ကြောက်ရွံ့ထိတ်လန့်နေတယ်။ သင်ခန်းစာမှာအာရုံမစိုက်နိုင်ဘူး။ စာသင်ခန်းထဲမှာ တုန်တုန်ယင်ယင်ဖြစ်နေတယ်။ မျက်လုံးက ဟိုကြည့်ဒီကြည့်နဲ့ ကျီးကန်းတောင်းမှောက် အမူအရာမျိုး။ “ဂျူဒီဘာဖြစ်နေတာလဲ”လို့ သူငယ်ချင်းတွေကမေးတော့ ဂျူဒီရေရေလည်လည် အဖြေမပေးဘူး။ “လူတွေက ထူးခြားနေတယ်ဟာ၊ ငါကြောက်တယ်”လို့သာပြောတယ်။ လွန်ခဲ့တဲ့ တစ်လလောက်ကစပြီး ဂျူဒီသင်တန်းမတက်တော့ဘူး။ ညတစ်ညမှာတော့ ဂျူဒီက အလန့်တကြားအော်ဟစ်ပြီး အိမ်ပေါ်ကဆင်းပြေးဖို့ ကြိုးစားတယ်။ ဒါကြောင့် ဂျူဒီ ဆေးရုံတက်ရတာပါ။

ဆေးရုံပေါ်မှာ ရက်သတ္တပတ်နှစ်ပတ်လောက် ကုသမှုခံယူရတယ်။ စိတ္တဇရောဂါ ကုသဆေးနဲ့ ကုသပေးပါတယ်။ ရောဂါသက်သာလာတော့ ဂျူဒီက သူ့ရောဂါခံစားရပုံကို မှတ်တမ်းရေးပါတယ်။ စာရေးသူဆေးစစ်တဲ့ တစ်နေ့မှာ သူရေးထားတဲ့ စာရွက်လေးကို ပေးဖတ်ပါတယ်။

“ကျွန်မ ဆေးရုံမတက်ခင်က တွေ့ကြုံခံစားခဲ့ရတာတွေကို မှတ်မိသလောက် ရေးသားဖော်ပြချင်တယ်။ ကျွန်မ သွားလာနေကျလမ်းတွေက ဖြောင့်တန်းမနေဘဲ ကွေ့ကောက်နေကြတယ်။ လမ်းဘေးမှာ သစ်ပင်တွေက အငြိမ်မနေဘူး၊ ရွေ့လျားနေသလိုပဲ။ ဘေးက ကားမောင်းနေတဲ့ အမေကိုကြည့်ပြီး လှုပ်ရှားနေတဲ့ သစ်ပင်တွေကိုမတိုက်မိအောင် ဘယ်လိုတိမ်းရှောင်နေသလဲလို့ စဉ်းစားမိတယ်။ ပန်းခြံထဲမှာ အမေနဲ့ လမ်းလျှောက်တုန်းကပါ။ ရုံးပိတ်ရက်ဖြစ်လို့ ပန်းခြံထဲမှာ လူတွေစည်ကားပါတယ်။ ကျွန်မစိတ်ထဲမှာတော့ ဘယ်သူမှ မရှိသလို ပန်းခြံက ဟင်းလင်းဖြစ်နေတယ်။ ခြောက်ကပ်နေတယ်။ “ပန်းခြံထဲမှာ လူတွေမရှိဘူးနော်၊ ထူးဆန်းလိုက်တာ”လို့ ကျွန်မက ပြောပါတယ်။ အံ့သြတဲ့မျက်နှာနဲ့ အမေက ကျွန်မကိုကြည့်နေတာ မှတ်မိတယ်။

ကျွန်မအတွက် နေ့ညဆိုတာမရှိသလိုပဲ။ ပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းတွေက အရောင်မရှိသလိုပဲ။ အားလုံး မီးခိုးရောင်တွေလို မြင်ယောင်နေတယ်။ လမ်းပေါ်က လူတွေက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာကိစ္စအားလုံးကို သိရှိနေကြသလိုပဲ။ ကျွန်မစဉ်းစားနေတာကို သူတို့အလိုလိုသိနေကြတယ်လို့ ထင်မြင်နေတယ်။ ကျွန်မစိတ်နဲ့ သူတို့စိတ်ကို ခွဲခြားလို့မရသလို ဖြစ်နေတယ် . . .

“ကျွန်မအတွက် နေ့ညဆိုတာ မရှိသလိုပဲ။ ပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းတွေက အရောင်မရှိသလိုပဲ။ အားလုံး မီးခိုးရောင်တွေလို မြင်ယောင်နေတယ်။ လမ်းပေါ်က လူတွေက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာကိစ္စအားလုံးကို သိရှိနေကြသလိုပဲ။ ကျွန်မစဉ်းစားနေတာကို သူတို့ အလိုလိုသိနေကြတယ်လို့ ထင်မြင်နေတယ်။ ကျွန်မစိတ်နဲ့ သူတို့စိတ်ကို ခွဲခြားလို့မရသလို ဖြစ်နေတယ်။ ကျွန်မမိခင်ကိုကြည့်ပြီး “ကျွန်မအကြောင်းကို သူများတွေကို အမေပြောပြထားသလား”လို့ မေးမိတယ်။ ကျွန်မမိခင်စိတ်တို လာပုံရပါတယ်။ “လာ . . အိမ်ပြန်ကြမယ်”လို့ပဲ ပြန်ပြောတယ်”

ဂျူဒီရဲ့စာကိုဖတ်ပြီး စာရေးသူက အားပေးစကားပြောတယ်။

“ကိုယ့်ဝေဒနာအကြောင်းကို ဂျူဒီ ဒီလို ပြန်လည်သုံးသပ်ရေးတာ ကောင်းပါတယ်။ ကိုယ့်ရောဂါကို ကိုယ်တိုင် ပိုမို နားလည်သဘောပေါက်လာနိုင်တာပေါ့။ Insight ရရှိတာပေါ့”

“အဲဒီလိုခံစားချက်တွေက စိတ်နှစ်ခွရောဂါ လက္ခဏာလား ဒေါက်တာ”

“ရောဂါရဲ့အစဦးလက္ခဏာတွေလို့ ဆိုနိုင်ပါတယ်။ ဂျူဒီရဲ့ အတွေ့အကြုံက အမြင်အာရုံထူးထူးဆန်းဆန်းပြောင်းလဲနေတာ၊ ဗြုန်းကနဲ စိတ်ထဲမှာ သံသယစိတ်ဝင်လာတယ်။ မိမိစဉ်းစားတွေးတောနေတာကို လူတွေကသိရှိနေတယ်လို့ထင်တာ။ လူတွေက မိမိစိတ်ကို “ဖတ်”နိုင်သလို ခံစားရတာတွေက စိတ်နှစ်ခွရောဂါနုစလက္ခဏာတွေဖြစ်ပါတယ်။ နေ့လယ် အိပ်မက်ဆိုးမြင်မက်နေသလိုပဲပေါ့။ ဒါကြောင့် ဂျူဒီက အကြောင်းမဲ့ကြောက်စိတ်ဝင်နေတာဖြစ်မယ်။ ဆေးခန်းဆရာဝန်နဲ့ စစ်ဆေးခဲ့တုန်းက ဂျူဒီရဲ့ ကြောက်စိတ်ကိုသာ ပြောပြတာလား”

“ဟုတ်ပါတယ် ဒေါက်တာ”

စာရေးသူနဲ့အတူ ဂျူဒီကို စစ်ဆေးနေတဲ့ သူနာပြုပီတာက မေးမြန်းပါတယ်။ “စိတ်နှစ်ခွရောဂါ ဖြစ်ပွားစအချိန်မှာ ဂျူဒီက စိုးရိမ်စိတ် ကြောက်စိတ်လွန်ရောဂါ လက္ခဏာတွေကိုပဲ ထုတ်ဖော်ပြသနေတာဖြစ်ပါတယ်။ ရောဂါနုစမှာ တခြားလက္ခဏာတွေ ထုတ်ဖော်ပြတာရှိသလား”

“ရှိပါတယ်။ တချို့လူနာတွေက စိတ်ညစ်နေသလို၊ စိတ်ကျနေသလို ဖော်ပြတတ်ပါတယ်။ တချို့ကတော့ မကြာခဏ အကြောင်းမဲ့ဒေါသထွက်တယ်။ တချို့ကတော့ ခန္ဓာကိုယ်လက္ခဏာတွေကိုပဲ ငြီးတွားနေမယ်။ ဥပမာ-ခေါင်းကိုက်တယ်၊ ဗိုက်နာတယ်၊ ခါးကိုက်တယ်၊ ခွန်အားနည်းတယ် စသဖြင့်ပေါ့။ တချို့ကတော့ အတွေးအခေါ်သစ်တွေ၊ ဒဿနိက အမြင်သစ်တွေမှာ စိတ်ဝင်စားလာကြတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် လူငယ်လူရွယ်တစ်ဦး ကိုယ်ရည်ကိုယ်သွေး အပြုအမူပြောင်းလဲလာရင် သတိထားရမယ်။ လူနာက နားလည်ဖို့ ခက်ခဲတဲ့လက္ခဏာတွေကို ငြီးတွားနေရင် စိတ်နှစ်ခွရောဂါလက္ခဏာရှိ၊ မရှိစစ်ဆေးဖို့ လိုအပ်ပါတယ်။ ရောဂါနုစမှာ ဖမ်းပြီး ကုသနိုင်ရင် ရောဂါပျောက်ကင်းဖို့ အလားအလာများတယ်။

See More

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ(၂) “စိတ်ညှို့ခံထားရသလို”

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ (၃) “ရန်သူတွေ ဝိုင်းဝိုင်းလည်နေတယ်””

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ(၄)”မတုန်မလှုပ် ကျောက်ရုပ်ထုလို”

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ ( ၅ ) “ဝမ်းနည်းကြေကွဲလို့ ရယ်မောသူ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top