Healthy Life Ad
Life Style

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ(၄)”မတုန်မလှုပ် ကျောက်ရုပ်ထုလို”

ဒေါက်တာအုန်းကျော်(စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

စိတ်နှစ်ခွရောဂါ (စိတ်ကစဉ့်ကလျားစိတ္တဇရောဂါ) (Schizophrenia)နုစအချိန်မှာ ဆေးကုသမှု ခံယူရရင် ရောဂါပျောက်ကင်းသက်သာနိုင်ခြေများပါတယ်။ ဒါကြောင့် အရင်က ဖော်ပြခဲ့တဲ့ ရောဂါဖြစ်ပွားစအချိန်မှာ တွေ့ရှိရတဲ့ ရောဂါလက္ခဏာများ (A အမှတ် ၁၃၃နဲ့ ၁၃၄)ကို လူနာနဲ့ ထိတွေ့ဆက်ဆံရသူတိုင်းသိရှိထားရင် အကျိုးရှိပါတယ်။ ရောဂါသက် ကြာရှည်လာတဲ့အခါ စိတ်နှစ်ခွရောဂါလက္ခဏာအသွင်အမျိုးမျိုး ပြောင်းလဲဖြစ်ပွားလာတာကို တွေ့ရှိ ရမယ်။ ဥပမာ-ချာလီလို”ယုံမှားမှုလွန်ကဲစိတ်နှစ်ခွရောဂါ”ခံစားရမှာဖြစ်တယ်။ (Healthy Life ဂျာနယ်အတွဲ ၁၃၅)။

ရောဂါနုစမှာ ဆေးကုသမှု မခံယူရရင် ပြောင်းလဲဖြစ်ပေါ်လာနိုင်တဲ့ စိတ်နှစ်ခွရောဂါတစ်မျိုးကတော့ “မတုန်မလှုပ်ကျောက်ရုပ်ထုစိတ်နှစ်ခွရောဂါ”( Catatonic Schizophrenia) ဖြစ်ပါတယ်။ စိတ်ကျန်းမာရေးကုသမှုအစီအစဉ် အားနည်းနေသေးတဲ့ နိုင်ငံတွေမှာစိတ်နှစ်ခွရောဂါနဲ့ ဆေးရုံတက် ရောက်လာသူတွေထဲမှာ ၂၀ ရာခိုင်နှုန်းက “မတုန်မလှုပ်ကျောက်ရုပ်ထုစိတ်နှစ်ခွရောဂါ”မျိုးရှိတာကို တွေ့ရှိရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ အထွေထွေဆေးရုံကြီး၊ စိတ်ရောဂါကုသဆောင်မှာ တက်ရောက်ကုသခဲ့တဲ့ ရာမန်လိုလူနာမျိုးဖြစ်ပါတယ်။

ရာမန်က အသက် ၂၅ နှစ်ရှိပါပြီ။ မိဘတွေနဲ့အတူနေထိုင်နေတဲ့ လယ်သမားတစ်ယောက် ဖြစ်တယ်။ လွန်ခဲ့တဲ့တစ်နှစ်လောက်ကစပြီး ရာမန်ရဲ့ အပြုအမူ၊ အနေအထိုင်၊ အပြောအဆိုတွေက ပြောင်းလဲလာတယ်လို့သိရတယ်။ ရိုးရာကုထုံးအမျိုးမျိုးနဲ့ ရာမန်ရဲ့ ရောဂါကိုကုသပေးခဲ့ဖူးတယ်။ သိသိသာသာ ထူးခြားမှုမရှိခဲ့ပါဘူး။ တဖြည်းဖြည်းရောဂါအခြေအနေက ပိုမိုဆိုးရွားလာပါတယ်။ လယ်လုပ်ငန်းတွေမှာ ပါဝင် ကူညီလုပ်ကိုင်နိုင်ခြင်းမရှိတော့ဘူး။ လူတွေနဲ့ပေါင်းသင်းဆက်ဆံပြောဆိုမှုမရှိဘူး။ တစ်ယောက်တည်း စကားပြောနေတာကိုလည်း တွေ့ရတယ်။ ထမင်းဟင်းပြင်ပေးထားရင်သူစားချင်တဲ့ အချိန်မှာ တစ်ယောက်တည်းစားတယ်။ တစ်ခါတစ်ရံ ပင်လယ်ကမ်းခြေ အုန်းပင်အောက်မှာ တစ်ယောက်တည်း တစ်နေကုန်ထိုင်နေတတ်တယ်။ ဒါပေမဲ့ ရာမန်က ဘေးကလူတွေကိုဒုက္ခမပေးဘူး။ ဒီတော့ သူ့မိဘတွေက ရာမန်ကို “သူပျော်သလိုပဲနေပါစေ”ဆိုတဲ့ သဘောနဲ့ ဆေးကုသပေးဖို့ မကြိုးစားတော့ဘူး။

လွန်ခဲ့တဲ့ တစ်လလောက်ကစပြီး ရာမန်ရဲ့ရောဂါအခြေအနေကပိုမိုဆိုးရွားလာပါတယ်။ အိပ်ခန်းထဲမှာ တစ်နေ့လုံး ပုန်းအောင်းနေတယ်။ အိပ်ပျော်နေတာ၊ လဲလျောင်းနေတာ မဟုတ်ဘူး။ တစ်နေရာမှာ ခြေထောက်တစ်ဖက်တည်းနဲ့ မတ်တပ်ရပ်ပြီး ဈာန်ဝင်နေသလို အမူအရာနဲ့။ မေးရင်လည်း အဖြေမပေးဘူး။ အစားအစာကျွေးရင်လည်း မစားချင်သလို စားချင်သလို ဟိတ်ဟန်မျိုး။ တစ်ခါစားရင် တစ်နာရီ- နှစ်နာရီလောက် ကြာတယ်။ အစားအစာကို ကောက်ယူလိုက်၊ ပြန်ချလိုက်လုပ်နေတတ်တယ်။ လူက ပိန်ချုံးလာတယ်။ ကိုယ်ခန္ဓာကျန်းမာရေးချို့ယွင်းလာသလိုတွေ့ရတယ်။ ဒါကြောင့် ရာမန်ကို ဆေးရုံတင်ဖို့ သူ့မိဘကို ဆွေမျိုးတွေက တိုက်တွန်းပါတယ်။

ရာမန်ကို စိတ်ရောဂါကုသဆောင်အထူးခန်းမှာ ကြပ်မတ်စောင့်ရှောက်ကုသပေးပါတယ်။ စာရေးသူ နဲ့ လက်ထောက်ဆရာဝန် ဖရီဒါ သူ့အခန်းထဲရောက်တော့ ရာမန်က အိပ်ရာပေါ်မှာ မရှိဘူး။ အခန်းထောင့် တစ်နေရာမှာ မတုန်မလှုပ် ပန်းပုရုပ်ထုလို မတ်တပ်ရပ်နေတယ်။ ပုံမှန်အနေအထားနဲ့ မတ်တပ်ရပ်နေတာမဟုတ်ပါဘူး။ ကိုးရိုးကားယားပုံသဏ္ဍာန်တစ်မျိုး နဲ့ ရပ်နေတာ ဖြစ်ပါတယ်။ စာရေးသူနဲ့ ဒေါက်တာဖရီဒါကို အသိအမှတ်မပြုသလို တစ်နေရာကိုသာ စူးစိုက်ကြည့်နေပါတယ်။ သူ့မျက်လုံးက ကြောင်တောင်တောင် ဖြစ်နေပေမယ့် နိုးကြားနေတယ်ဆိုတာ သိသာပါတယ်။ သတိမေ့မျောနေတာ မဟုတ်ဘူး။

“အဲဒီလိုအခြေအနေကို ဘယ်လိုခေါ်မလဲ ဖရီဒါ”

“Stuporလို့ ခေါ်ပါတယ်”

“မှန်ပါတယ်။ မတုန်မလှုပ် ကျောက်ရုပ်ထုအခြေအနေလို့ ဆိုပါစို့။ ဒါကြောင့် ရာမန်ရဲ့ ရောဂါကို “မတုန်မလှုပ်ကျောက်ရုပ်ထုစိတ်နှစ်ခွရောဂါ”(Catatonic Schizophrenia)လို့ ယူဆနိုင်ပါတယ်။ ဒီရောဂါမှာ တွေ့ရှိရတဲ့ လက္ခဏာတွေကို စစ်ဆေးကြည့်ကြမယ်။ရာမန်မတ်တပ်ရပ်နေတာက သက်သက်သာသာ မရှိဘူး။ ဟန်ချက်မညီဘူး။ လက်တစ်ဖက်ကို ဦးခေါင်းပေါ်မှာ မြှောက်တင်ထားတယ်။ ဘယ်ဘက်ခြေထောက်က ညာဘက်ခြေထောက်ပေါ်မှာ တင်ထားတယ်။ လဲကျတော့မလို ‘ဒီဇိုင်း’ပုံပေါက်နေတယ်။ အဲဒီလက္ခဏာကို “ဟန်ချက်မညီအနေအထား” (Catalepsy)လို့ ခေါ်ပါတယ်”

စာရေးသူက ရာမန်ကို “ကောင်းသော နံနက်ခင်းပါ”လို့ ပြောပြီး လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးပါတယ်။ ရာမန်က ဘာမှပြန်မပြောဘူး။ ညာဘက်လက်ကို နှုတ်ဆက်တော့မလို လှုပ်ရှားလိုက်ပြီး လမ်းခွတ်လတ်မှာ ရပ်တန့်လိုက်တယ်”စာရေးသူက ဖရီဒါဘက်လှည့်ပြီး မေးပါတယ်။

“အဲဒါ ဘာဖြစ်တာလဲ ဖရီဒါ သိလား”

“လက်ဆွဲနှုတ်ဆက်ချင်သလို နှုတ်မဆက်ချင်သလို ဖြစ်နေတာလား”

“ဟုတ်ပါတယ်။ ဆန့်ကျင်ဘက်အပြုအမူနှစ်ခုကို တပြိုင်တည်း ပြုမူလုပ်ကိုင်ချင်သလို ဖြစ်နေတယ်။ ဆန့်ကျင်ဘက်စေ့ဆော်မှုတစ်ပြိုင်တည်း ပေါ်ပေါက်ခြင်း(Ambitendency)လို့ ခေါ်ပါတယ်။ စိတ်နှစ်ခွရောဂါရဲ့လက္ခဏာတစ်ခုဖြစ်တယ်”

စာရေးသူက ဖရီဒါကို ညွှန်ကြားပေးပါတယ်။

“ရာမန်ရဲ့ လက်တစ်ဖက်ကို ကွေးကောက်ပြီး အပေါ်ဘက် မတင်ထားလိုက်”

ဖရီဒါက ရာမန်ရဲ့ လက်မောင်းကို သူ့ပခုံး နောက်ဘက်ဆွဲတင်ပြီး လက်ကို လိမ်ကျစ်ထားလိုက်ပါတယ်။ ရုပ်သေးရုပ်ကနေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ရာမန်က သူ့လက်ကို ပြန်မချဘူး။ အတန်ကြာအောင် ဖရီဒါ ပုံသွင်းထားတဲ့အတိုင်း မြှောက်ထားတယ်။ တော်တော်လေးကြာမှ “စလိုးမိုးရှင်း”ရိုက်ထားသလို တဖြည်းဖြည်းပြန်ချတယ်။

ဖရီဒါက ရာမန်ကို ကြည့်ပြီး ပြောပါတယ်။

“သူ့လက်မောင်းကို ကျွန်မ ဆွဲတင်တော့ ရုန်းကန်သလိုလည်း မဟုတ်ဘူး။ အလိုက်သင့် လိုက်လျောသလိုလည်း မဟုတ်ဘူး။ ပျော့ပျောင်းတဲ့ ဆန့်ကျင်ဘက်တစ်မျိုးကို ခံစားရတယ် ဒေါက်တာအုန်း”

“အဲဒါ ဖယောင်းလို ပုံသွင်းနိုင်တဲ့ အခြေအနေ(Waxy Flexibility)လို့ ခေါ်တယ်”

စာရေးသူ စကားဆုံးတော့ ရာမန်ရေရွတ်နေတာကို ကြားရတယ်။

“အခြေအနေ …. အခြေအနေ … အခြေအ နေ”

“ရာမန်က ကျွန်တော်ပြောတဲ့ စကားတစ်လုံးကို နောက်က သံယောင်လိုက်ပြီး ထပ်တလဲလဲပြောနေ တာကြားလား ဖရီဒါ”

“ဟုတ်”

“အဲဒီလက္ခဏာကို ‘သံယောင်လိုက် စကားပြောခြင်း'(Echolalia)လို့ခေါ်တယ်”

ဖရီဒါက ရာမန်ရဲ့ ဆေးမှတ်တမ်းစာရွက်ပေါ် မှာရေးမှတ်နေပါတယ်။ ဖရီဒါလုပ်ကိုင်နေတာကို ကြည့်ပြီး လေထဲမှာ စာရေးနေသလို ရာမန်က ပြုမူနေတယ်။”ဖရီဒါ တွေ့လား။ ခင်ဗျားလုပ်သလို အတုယူပြီး လိုက်လုပ်နေတယ်။ လူနာက ဆရာဝန်ကို ပြောင်လှောင်နေတာ မဟုတ်ပါဘူး။ သူ့ရောဂါလက္ခဏာပါ။ ‘အပြုအမူ သံယောင်လိုက်ခြင်း'(Echopraxia)လို့ခေါ်တယ်”

စာရေးသူနဲ့ ဖရီဒါ ပြောဆိုဆွေးနွေးနေကြစဉ် မှာ ရာမန်က ထူးထူးဆန်းဆန်း ပြုမူနေပါတယ်။ သူ့ညာဘက်လက်ကို မြှောက်တင်လိုက်၊ ပြန်ချလိုက်နဲ့ အကြိမ်ကြိမ်ပြုလုပ်နေတယ်။ စာရေးသူက ရှင်းပြပါတယ်။

“အဲဒီလို ရည်ရွယ်ချက်မရှိဘဲ အပြုအမူတစ်မျိုးကို အကြိမ်ကြိမ် ပြုလုပ်နေတဲ့ လက္ခဏာကို ပုံ သေအကြိမ်ကြိမ်ပြုလုပ်ခြင်း (Stereotypy)”လို့ ခေါ်တယ်။ နောက်ပြီး ရာမန်ကို သေသေချာချာ ဂရုစိုက်ကြည့်လိုက်။ သူ့မျက်နှာအနေအထားမှာ ဘာထူးခြားတာ တွေ့ရသလဲ”

“မျက်နှာရှုံ့မဲ့ ရှုံ့မဲ့ အကြိမ်ကြိမ်ပြုလုပ်နေတာ တွေ့ရပါတယ် ဒေါက်တာအုန်း”

“အဲဒါ Grimacing ဖြစ်ပါတယ်။ အဲဒါလည်း မတုန်မလှုပ် ကျောက်ရုပ်ထုစိတ်နှစ်ခွရောဂါမှာ တွေ့ရှိရတဲ့ လှုပ်ရှားမှုချို့ယွင်းလက္ခဏာတစ်ခု ဖြစ်ပါတယ်”စာရေးသူက ဒေါက်တာဖရီဒါကို စစ်ဆေးမေးမြန်းပါတယ်။

“ရာမန်ကို လေ့လာကြည့်လို့ တွေ့ရှိရတဲ့ လက္ခဏာတွေကို ဖရီဒါ မှတ်မိလား”

“ကျွန်မ ကြိုးစား ဖြေကြည့်မယ်။ သတိမေ့မြောတာ မဟုတ်ပေမယ့် မတုန်မလှုပ် ကျောက်ရုပ်ထုလို ရပ်နေတယ်။ ကိုးရိုးကားယား ဟန်ချက်မညီ အနေအထားနဲ့ ရပ်နေတယ်။ သူ့ခြေလက်တွေကို ဖယောင်းလို ပုံသွင်းပေးထားနိုင်တယ်။ ကျွန်မတို့ပြောတာကို သံယောင်လိုက်ပြောတယ်။ ကျွန်မတို့ အပြုအမူကို သံယောင်လိုက်ပြီး တုလုပ်နေတယ်။ ရည်ရွယ်ချက်မရှိဘဲ ထူးဆန်းတဲ့ အပြုအမူတစ်မျိုးကို အကြိမ်ကြိမ် ပြုလုပ်နေတယ်။ မျက်နှာရှုံ့မဲ့ရှုံ့မဲ့ လုပ်နေတယ်”

“တော်လိုက်တာ”

“ဒီတော့ ရာမန်ရဲ့ရောဂါက မတုန်မလှုပ် ကျောက်ရုပ်ထုစိတ်နှစ်ခွရောဂါဆိုတာ သေချာပြီပေါ့”

“အတိအကျ မပြောနိုင်သေးပါဘူး ဖရီဒါ။ အခုလို ဖြစ်နေတာ တခြားရောဂါတွေကြောင့် ဟုတ်မဟုတ် စစ်ဆေးစမ်းသပ်ဖို့ လိုပါတယ်”

“ရှင်းပြပါ ဒေါက်တာအုန်း”

ရှေ့တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

See More

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ(၁) “နေ့လယ်အိပ်မက်ဆိုး”

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ(၂) “စိတ်ညှို့ခံထားရသလို”

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ (၃) “ရန်သူတွေ ဝိုင်းဝိုင်းလည်နေတယ်””

ပုံသဏ္ဍာန်အမျိုးမျိုးဆောင်သော စိတ်နှစ်ခွရောဂါ ( ၅ ) “ဝမ်းနည်းကြေကွဲလို့ ရယ်မောသူ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top