Healthy Life Ad
Life Style

ပန်းသေပန်းညှိုးရောဂါကို ရှောင်လွှဲနိုင်မည့် နေ့စဉ် နေ့ထိုင်စားသောက်မှုပုံစံ

ကိုထက်

ယေဘုယျအားဖြင့် အမျိုးသားတစ်ဦးက အသက် ၃၀နဲ့ ၅၀အရွယ်ကြားမှာ ပန်းသေပန်းညှိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ငယ်စဉ်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်စားသောက်မှုပုံစံကို လိုက်နာနေထိုင်တဲ့ အမျိုးသားတွေကတော့ ပန်းသေပန်းညှိုးရောဂါ ဖြစ်နိုင်ခြေနည်းပါတယ်။ ပန်းေ ပန်းညှိုးရောဂါ မဖြစ်အောင် ကာကွယ်လိုသူတွေရော၊ ရောဂါဖြစ်နေတာကြောင့် သက်သာလိုသူတွေပါ နေ့စဉ် လိုက်နာသင့်တဲ့ ဘဝနေထိုင်စားသောက်မှုပုံစံ တွေရှိပါတယ်။

(၁) သစ်သီးနှင့် ဟင်းသီးဟင်းရွက်များများ စားပါ
အမျိုးသားတစ်ယောက်ရဲ့ နှလုံးအတွက် မကောင်းတဲ့ အစားအသောက်တွေက အမျိုးသားအင်္ဂါ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။လေ့လာမှုအရ အစားအသောက် ရွေးချယ်မှု မှားတာကြောင့် နှလုံးသွေးကြောတွေထဲမှာ သွေးစီးဆင်းမှု မကောင်းရင် လိင်တံဆီကို သွေးစီးဆင်းမှု မကောင်းတာမျိုးလည်း တစ်ပြိုင်နက် ဖြစ်နေနိုင်တယ်လို့ သိရပါတယ်။ သွေးစီးဆင်းမှု ကောင်းဖို့အတွက် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို များများစားသင့်ပြီး ဆီကြော်စာတွေနဲ့ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစာတွေကိုတော့ ရှောင်သင့်ပါတယ်။ သံလွင်ဆီ၊ ငါး၊ ဝိုင်နဲ့ အခွံမာသီးတွေလို နှလုံးကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေကို စားပါ။

(၂) သွေးတိုးရောဂါနှင့် သွေးတွင်းကိုလက်စထရော များခြင်း မဖြစ်စေရန် ကာကွယ်ပါ
သွေးတိုးတာနဲ့ သွေးတွင်းကိုလက်စထရော များတာက သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် လိင်တံဆီသွေးပို့တာကို လျော့ကျစေပြီး ပန်းသေပန်းညှိုးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရောအဆင့်နဲ့ သွေးဖိအား အခြေအနေကိုသိအောင် ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးသင့်ပါတယ်။ တကယ်လို့ ကိုလက်စထရောအဆင့် များနေရင်နဲ့ သွေးတိုးနေရင် ကုသမှုခံယူကာ ထိန်းချုပ်ဖို့လိုပါတယ်။

(၃) အရပ်အမောင်းနှင့် လိုက်ဖက်သော ကိုယ်အလေးချိန်ကို ထိန်းပါ
ကိုယ်အလေးချိန်ရှိသင့်တာထက် ပိုများလေလေ ကျန်းမာရေးကို ထိခိုက်နိုင်ခြေရှိလေလေပါပဲ။ အထူးသဖြင့် အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရောဂါဖြစ်ရင် လိင်တံကို ထောက်ပံ့နေတဲ့ အာရုံကြောတွေကိုလည်း ထိခိုက်စေတာကြောင့် ပန်းသေပန်းညှိုးရောဂါကို ဖြစ်စေနိုင်ပါတယ်။

(၄) အရက်ကို ဖြစ်နိုင်လျှင် ရှောင်ပါ
အရက်ကို မသောက်ရမနေနိုင်လို့ အသင့်အတင့်သောက်တာက ပန်းသေပန်းညှိုးရောဂါနဲ့ ဆက်စပ်မှုမရှိပေမယ့် အရက်ကို အလွန်အမင်းသောက်ရင်တော့ အသည်းထိခိုက်တာ၊ နာ့ဗ်ကြောထိခိုက်တာနဲ့ အမျိုးသားလိင်ဟော်မုန်းတွေရဲ့ ပုံမှန်ဟန်ချက်ညီမျှမှုကို ဟန့်တားတာလို တခြားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

(၅) တက်စတိုစတီရုန်းဟော်မုန်းမြင့်တက်စေရန် ဆေးကုသမှုအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ
ကျန်းမာနေတဲ့ အမျိုးသားတွေမှာတောင် အသက် ၅၀အရွယ်လောက်မှာ ကျားဟော်မုန်းတက်စတိုစတီရုန်းအဆင့် သိသိသာသာ လျော့ကျတတ်ပါတယ်။ အဲဒီအခါ လက္ခဏာအနေနဲ့ လိင်ဆန္ဒလျော့ကျတာ၊ စိတ်ခံစားမှုလျော့ကျတာ၊ သက်လုံလျော့နည်းတာနဲ့ ဆုံးဖြတ်ချက်ချမှတ်ရ ခက်ခဲတာတွေကို ဖြစ်စေနိုင်ပါတယ်။

(၆) ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ
လေ့လာမှုအရ အထိုင်များတာက ပန်းသေပန်း ညှိုးရောဂါနဲ့ ဆက်စပ်မှုရှိတယ်လို့ ဆိုတာကြောင့် ပြေးတာ၊ ရေကူးတာနဲ့ တခြားလေ့ကျင့်ခန်းတွေကို လုပ်ဆောင်တာက ပန်းသေပန်းညှိုးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

(၇) အားကစားသမားသုံး စတီးရွိုက်ဆေးများ ရှောင်ပါ
စတီးရွိုက်ဆေးတွေ (Anabolic Steroid)က အားကစားသမားတွေနဲ့ ခန္ဓာကိုယ်သန်စွမ်းအောင် လုပ်ဆောင်နေသူတွေမှာ မှားယွင်းစွာ သုံးတတ်ပါတယ်။ အဲဒီအခါ ဝှေးစေ့ကျုံ့တာနဲ့ တက်စတိုစတီ ရုန်းထုတ်နိုင်စွမ်း လျော့ကျတာတွေကို ဖြစ်စေနိုင်ပါတယ်။

(၈) ဆေးလိပ်သောက်တတ်လျှင် ဖြတ်ပါ
စီးကရက်သောက်တာက သွေးကြောတွေကို ထိခိုက်စေနိုင်ပြီး လိင်တံဆီကို သွေးပို့နိုင်အားလျော့ကျပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်သူတွေ ပန်းသေပန်းညှိုး အဖြစ်များတာပါ။

(၉) အန္တရာယ်ရှိသော လိင်ပိုင်းဆိုင်ရာအပြုအမူများ ရှောင်ပါ
ပန်းသေပန်းညှိုးဖြစ်နေရင် ပုံမှန်မဟုတ်တဲ့ လိင်ဆက်ဆံတဲ့ နည်းလမ်းတွေကို ရှောင်ပါ။

(၁၀) စိတ်ဖိစီးမှုကို လျှော့ချပါ
စိတ်ဖိစီးမှုဟာ အဒရီနယ်လင်ဟော်မုန်းအဆင့်ကို တိုးစေတာကြောင့် သွေးကြောတွေကို ကျုံ့လိုက်၊ ဆန့်လိုက်ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်တာက ဆန္ဒပြီးမြောက်ဖို့အတွက် အဆင်မပြေတာကြောင့် စိတ်တင်းအားတွေကို လျှော့ချပြီး စိတ်ခံစားမှုကောင်းအောင် ကြိုးစားနေထိုင်သင့်ပါတယ်။
Ref;webmd

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top