Healthy Life Ad
International

အစားလျှော့လွန်ရောဂါဖြစ်ပွားသူ အမျိုးသမီး ကလေးရလိုစိတ်ဖြင့် ပြန်လည်ကျန်းမာလာခဲ့

၊ ကိုထက် ၊

ယခုအသက် ၃၁ နှစ်ရှိပြီး ကလေးနှစ်ယောက် မိခင်ဖြစ်သူ အိုလစ်ဗီယာဟာ သူဆယ်ကျော်သက်အရွယ်မှာ အစားလျှော့လွန်ရောဂါနဲ့ ပေါင် ၆၀ လောက်ပဲရှိအောင် ကိုယ်အလေးချိန် အလွန်လျော့ကျလာတဲ့အတွက် ဆေးရုံသို့ ရောက်ရှိလာခဲ့ပါတယ်။

သူဟာ ငယ်စဉ်ကတည်းက အားကစားလုပ်တာကို စိတ်အားထက်သန်ပြီး ခန္ဓာကိုယ်ဝလာမှာ စိုးရိမ်စိတ်ကြီးတဲ့အတွက် အစားအသောက်တွေကို လျှော့ပြီးစားသောက်ခဲ့ပါတယ်။ ပြေးခုန်ပစ်အားကစားတွေတိုင်းမှာပါဝင်ခဲ့ပြီး ကျောင်းအသင်းအဖွဲ့ အားကစားပွဲတွေမှာ ခေါင်းဆောင်နေရာရှိခဲ့တယ်လို့ သူကဆိုပါတယ်။ အစားအသောက်တွေစားပြီးရင် လေးလံသွားတဲ့အတွက် အစားနည်းလာတာလည်းပါဝင်ပြီး အလျင်အမြန်ပဲ အစားလျှော့လွန်ရောဂါ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

သူရဲ့ကိုယ်အလေးချိန်ဟာ အလွန်ကျဆင်းနေခဲ့ပြီး ကလေးအဝတ်အစားတွေသာ ဝတ်ခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ ဒါကြောင့်သူ့ကို ၂၀ဝ၂ခုနှစ်မှာ လူငယ်လူရွယ်အထူးစောင့်ရှောက်ရေးအဖွဲ့မှာ ၁၂ လခန့်ထားပြီး သေသေချာချာချမှတ်ပေးထားတဲ့ စားသောက်မှုအစီအစဉ်တွေအတိုင်း ကျွေးမွေးစောင့်ရှောက်မှု ပေးခဲ့ရပါတယ်။ ဒါပေမဲ့ ဒီအခြေအနေတွေက ပြောင်းလဲဖို့ အလွန်တင်းကျပ်တဲ့စည်းကမ်းတွေနဲ့ နေထိုင်ခဲ့ရပါတယ်။ တစ်ပတ်ကိုနှစ်ကြိမ် ကိုယ်အလေးချိန်တိုင်းတာ၊ တစ်ပတ်တစ်ကြိမ်သွေးစစ်ဆေးမှု တွေလုပ်တာတွေအပြင် အချိန်ပြည့်စောင့်ကြည့်မှုအောက်မှာ နေနေရတယ်လို့ သူကပြောပြခဲ့ပါတယ်။

“အဲဒီအချိန်တွေက ကျွန်မအတွက် တကယ်ကို ကြောက်စရာနဲ့ စိတ်ပျက်စရာအချိန်တွေပါပဲ၊ ကျွန်မအဖြစ်က ဒီဖျားနာမှုကို ကိုယ်ကိုယ်တိုင်လိုချင်နေတဲ့ ပုံစံဖြစ်နေတော့ ရောဂါကို ဘယ်လိုကုကု မထိရောက်ဘဲဖြစ်နေခဲ့ပါတယ်”လို့ သူက ပြောပြခဲ့ပါတယ်။ ဒီလိုနဲ့ စောင့်ရှောက်ခံနေရချိန်မှာပဲ သူဟာ ရေချိုးရင်းချော်လဲပြီး ဦးခေါင်းဒဏ်ရာရခဲ့ပါတယ်။ အဲဒီအချိန်မှာ သူရဲ့မိဘတွေ စိတ်ပူပြီး သူ့ကိုပြုစုတာတွေ တွေ့ကြုံရချိန်မှာတော့ ကိုယ်တိုင်လည်း သားသမီးတွေမွေးပြီး ကိုယ်ပိုင်မိသားစုလေး ပိုင်ဆိုင်ချင်စိတ်ဖြစ်ပေါ်လာခဲ့ပါတယ်။ အမေတစ်ယောက်ဖြစ်ဖို့အတွက် ဒီပုံစံအတိုင်းဆက်နေလို့ မဖြစ်တော့ဘူးဆိုတဲ့ အတွေးဝင်ခဲ့ပြီး ပထမဆုံး သူရဲ့ အစားလျှော့လွန်ရောဂါကို ဆန့်ကျင်နိုင်ခဲ့တယ်လို့ သူက ပြောပြခဲ့ပါတယ်။

ဒါပေမဲ့လည်း အစားအသောက် ဝ၀လင်လင် စားဖို့အတွက်တော့ တော်တော်လေး ကြိုးစားခဲ့ရသေးတယ်လို့ဆိုပါတယ်။ “အစာမစားတဲ့ရောဂါ ဖြစ်နေချိန်မှာ အစားများများစားဖို့ဆိုတာ ရင်ဆိုင်ရခက်တဲ့ ပြသနာတစ်ခုပါ၊ မကြုံဖူးတဲ့သူဆို နားလည်ပေးနိုင်မယ်တောင်မထင်ပါဘူး၊ အဆိုးဆုံးကတော့ အသီးအနှံတွေကို ဗိုက်ပြည့်အောင်စားပြီး ကိုယ်လက်လှုပ်ရှားတာတွေမလုပ်လည်း အဆီမတက်ဘူးဆိုတာမျိုးကို အစက လက်ကိုမခံနိုင်ခဲ့ဘူး”လို့ သူက ပြောပြခဲ့ပါတယ်။

အခုတော့ သူဟာ ပျော်ရွှင်တဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ပြီး သူဖြစ်ချင်တဲ့ မိခင်တစ်ဦးဘဝကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ သူ့ကို နားလည်မှုပေးတဲ့ အမျိုးသားရယ်၊ ၁၀ နှစ်နဲ့ ၂ နှစ်အရွယ်သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ သူရဲ့ရောဂါဟာ စိတ်ပိုင်းဆိုင်ရာကို အများကြီးမူတည်တာဖြစ်တဲ့အတွက် ဘဝတူ ရောဂါရှိသူတွေကို အားပေးကူညီတာ အကြံဉာဏ်ပေးတာတွေ ဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top