Healthy Life Ad
Health Tips

သင့်အသက် ၅၀ ကျော်ပြီလား . . .

၊ ကိုထက် ၊

မိတ်ဆွေ . . သင်ဟာ အသက် ၅၀ ကျော်အမျိုးသားတစ်ယောက်ဆိုရင် သင့်ခန္ဓာကိုယ်ဟာ အသားကင်တွေ၊ ဒိုးနတ်မုန့်တွေနဲ့ ဘီယာတွေမှာပါတဲ့ ဓာတ်တွေကို သင့်ခန္ဓာကိုယ်က ပြန်လည် တုံ့ပြန်နိုင်စွမ်း လျော့နည်းနေပြီ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဘဝနေထိုင်မှု ပုံစံဟာ အသက်အရွယ် ကြီးလာတာနဲ့အမျှ ဆိုးကျိုးတွေ ပိုဖြစ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်တွေ အလွန်များလာမှ၊ သွေးပေါင်တွေ သိပ်တက်နေမှ ကျန်းမာလာအောင် ပြန်လုပ်ဖို့ ဆိုတာက မလွယ်ကူပါဘူး။ အသက် ၅၀ ကျော်အမျိုးသားတစ်ယောက်အနေနဲ့ သက်ရှည်ကျန်းမာဖို့ အောက်ပါ နေထိုင်မှုပုံစံ တွေကို လိုက်နာသင့်နေပါပြီ။

(၁) အငန်လျှော့စားပါ
အမေရိကန်နိုင်ငံရဲ့စစ်တမ်းအရ အသက်ငယ်ငယ်နဲ့ သေဆုံးသူ ၁၀ ယောက်မှာ တစ်ယောက်ဟာ အငန်စားသုံးမှုများတာနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ အဲဒီလို သေဆုံးသူတွေရဲ့ ၆၀ ရာခိုင်နှုန်းကလည်း အမျိုးသားတွေဖြစ်နေတယ်လို့ ဆိုထားပါတယ်။ ဆိုဒီယမ်ဓာတ် အများအပြား စားတာနဲ့ ပိုတက်ဆီယမ်ဓာတ် နည်းတာတွေက သွေးပေါင်ကို အများအပြားတက်စေနိုင်ပြီး နုလုံးရောဂါဖြစ်ရတဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ ဒါကြောင့် ဆိုဒီယမ်များတဲ့ ပေါင်မုန့်တွေ၊ ချိစ်တွေနဲ့ငန်တဲ့ အစားအစာတွေ လျှော့စားတာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ပိုပြီးကျန်းမာစေဖို့အတွက် အစိမ်းရောင် အသီးအရွက်နဲ့ ပိုတက်စီယမ်ပါဝင်တဲ့ အသီးအနှံတွေ ဥပမာ- ငှက်ပျောသီးကို စားပေးဖို့လိုပါတယ်။ အငန်လျှော့စားတာက ကျန်းမာရေးအတွက် ကောင်းမွန်သလို အရေးကြောင်းတွေကိုလည်း လျော့နည်းစေပါတယ်။

(၂) စိတ်ကျန်းမာအောင် နေထိုင်ပါ
သတ်လတ်ပိုင်းအရွယ်မှာ စားသောက်မှုပုံစံမမှန်တာဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကို ဖြစ်စေတယ်လို့ ဆိုထားပါတယ်။ ၂၀၁၁ ခုနှစ်မှာ တွေ့ရှိခဲ့တဲ့ အဆိုအရ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို စားသုံးပေးတာက စိတ်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေတယ်လို့ ပြောပါတယ်။ အိုမီဂါ ၃ အဆီကိုတော့ ငါးတွေ၊ အသီးအရွက်ကထွက်တဲ့ အဆီနဲ့ အခွံမာအစေ့ တွေကနေရရှိစေနိုင်ပါတယ်။

(၃) အရိုးများ သန်မာအောင်နေပါ
အရိုးပါးရောဂါဆိုတာ အမျိုးသမီးတွေမှာပဲဖြစ် တတ်တာမဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း အသက် ၅၀ ကျော်ရင် ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် ကယ်လ်ဆီယမ်နဲ့ အကျိုးပြု ဘက်တီးရီးယားတွေပါတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။ နောက်ဆုံးတွေ့ရှိထားတဲ့ လေ့လာမှုအရ အကျိုးပြုဘက်တီးရီးယားတွေကို ကြွက်အထီးတွေနဲ့ စမ်းသပ်တဲ့အခါ အရိုးပါးရောဂါအတွက် ထိရောက်မှုရှိစေတဲ့အပြင် အစာခြေစနစ်ကိုလည်း အထောက်အပံ့ဖြစ်စေတယ်လို့ ဆိုထားပါတယ်။

(၄) ဆီးကျိတ်ရောဂါ မဖြစ်စေရန် ကြိုးစားနေထိုင်ပါ
အကောင်းကြိုက်တတ်တဲ့ အမျိုးသားတွေဟာ ရေငတ်တဲ့အခါနဲ့ မောပန်းတဲ့အခါ တွေမှာ ရေအစား အချိုရည် သောက်တတ်ကြပါတယ်။ အချိုရည် များများသောက်တာရဲ့ အကျိုးဆက်ကတော့ ကောင်းနိုင်မှာမဟုတ်ပါဘူး၊ အသက်ကြီးသူတွေအတွက် ဆိုရင် ပိုပြီးတော့ မသင့်တော်ပါဘူး။ စစ်တမ်းတွေအရ အချိုရည်တွေနဲ့ သကြားဓာတ်ပါတာတွေ စားတာကြောင့် တစ်နှစ်ကို လူတစ်သိန်းရှစ်သောင်း သေဆုံး လျက်ရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဆော်ဒါတွေ၊ အချိုရည်တွေဟာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်မားစေပါတယ်။ ကိုယ်အလေးချိန် လျှော့ချရာမှာလည်း ခက်ခဲစေနိုင်သလို ဆီးချိုသွေးချိုရောဂါလည်း ဖြစ်စေနိုင်ပါတယ်။ ဆီးကျိတ်ရောဂါမဖြစ်စေဖို့ ရေများများ သောက်ပေးဖို့ လိုပါတယ်။ တကယ်လို့ အရ သာရှိရှိလေးသောက်ချင်နေရင် သံပရာသီးအနည်းငယ်ညှစ်ပေးပြီး သောက်ပေးပါ။

(၅) သဘာဝအစာကို စားပါ
သင့်စိတ်ထဲမှာ အမဲသား၊ ဆိတ်သားလို အနီရောင် အသားတွေကမှ စားရတာ အရသာရှိပြီး အာဟာရပြည့်ဝတယ်ထင်နေရင် အဲ့ဒီအတွေးကို မေ့လိုက်ပါတော့။ တကယ်ကို ကျန်းမာပြီး ပျော်ရွှင်စရာဘဝ ပိုင်ဆိုင်ဖို့ဆိုရင် သဘာဝအစားအစာတွေကသာ ပိုမို ဖန်တီးပေးနိုင်တာဖြစ်ပါတယ်။ အနီရောင် အသားတွေမှာပါတဲ့ ကိုလက်စထရောတွေဟာ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေမှာ မလိုအပ်ဘဲ သွားရောက် စုစည်းနေတတ်ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေရဲ့ လှုပ်ဆောင်မှုတွေကို ဟန့်တားတတ်ပါတယ်။ အကျိုးဆက်အနေနဲ့ အမျိုးသားစွမ်းဆောင် ရည်ကျတတ်ပါတယ်။ ဒါကြောင့် အမျိုးသား စွမ်းဆောင်ရည်ကောင်းဖို့အတွက် သဘာဝ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပါ။ အသားအစား ပရိုတင်းပါတဲ့ ပဲများများစားပါ။ သကြားနဲ့ အဆီတွေ လျှော့စားပါ။ ဆေးလိပ်မသောက်ပါနဲ့။ အရက်ကို တတ်နိုင်သမျှ လျှော့စားပါ။အိုမင်းရင့်ရော်မှုဆိုတဲ့ ဇရာကို ဘယ်သူမှမတား ဆီးနိုင်ပါဘူး။ ဒါပေမဲ့ ဒီလို အသက်အရွယ်ကြီးလာချိန်မှာ ကျန်းမာကြံ့ခိုင်နေပြီး တက်ကြွလန်းဆန်းနေစေဖို့အတွက် မှန်ကန်တဲ့ စားသောက်မှု ပုံစံနဲ့ လေ့ ကျင့်ခန်းမှန်မှန်လုပ်ပေးဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ဆိုတာလည်း ဘယ်တော့မှနောက် ကျတယ်လို့ မရှိပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top