Healthy Life Ad
Health Tips

အသက်ရာကျော်ရှည်သူတို့ နေထိုင်ရာ တရုတ်နိုင်ငံက ‘ဘာပန်ရွာလေးအကြောင်း’

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

တရုတ်နိုင်ငံရှိ ဘာပန်ရွာလေးကို အသက်ရှည်တဲ့ရွာလို့ တင်စားခေါ်ဝေါ်ကြပြီး အများစုက အသက် ၁၀ဝ ကျော်အရွယ်အထိ အသက်ရှည်ကြပါတယ်။ အဲဒီလို အသက်ရာကျော်ရှည်တဲ့ တရုတ်လူမျိုးတွေထံ နှလုံးအထူးကုဆရာဝန် ဂျွန်ဒေးက သွားရောက်လေ့လာခဲ့တဲ့အခါ ကျန်းမာရေးနဲ့အညီ နေထိုင်နည်းနဲ့ အသက်ကြီးတဲ့အထိ နှလုံးကျန်းမာအောင် နေထိုင်နည်းအကြောင်း ဗဟုသုတရရှိခဲ့ပါတယ်။ အဲဒီအကြောင်းတွေကို ဒေါက်တာဂျွန်ဒေးက အခုလိုမျှဝေထားပါတယ်။

မျိုးရိုးဗီဇနှင့် ဘဝနေထိုင်စားသောက်မှုပုံစံ

လူအများစုက အသက်ရှည်တာကို မျိုးဗီဇကြောင့်လို့ ထင်ပေမယ့် တကယ်တော့ ဒီတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ မျိုးဗီဇတူညီတဲ့ အမြွှာ ၃၀ဝ၀ စုံကို လေ့လာခဲ့တဲ့ သုတေသနအရ အိမ်ပတ်ဝန်းကျင်နဲ့ ဘဝနေထိုင်မှုပုံစံ မတူညီတဲ့အခါ မျိုးဗီဇကြောင့် အသက်ရှည်တဲ့နှုန်းက ၂၅ ရာခိုင်နှုန်းရှိတာကို တွေ့ရှိခဲ့ရပါတယ်။ ကျန်တဲ့ အသက်ရှင်နိုင်ခြေ ၇၅ ရာခိုင်နှုန်းက ဘဝနေထိုင် စားသောက်မှုပုံစံပေါ် မူတည်နေပါတယ်။

အသီးအရွက်၊ အခွံမာစေ့နှင့် ပဲအမျိုးမျိုး

ဒီအသက်ရှည်တဲ့ရွာက လူတွေဟာ အစာသုံးကြိမ်စလုံး (နံနက်စာမှာတောင်) ဟင်းသီးဟင်းရွက်ကို ထည့်စားလေ့ရှိကြပါတယ်။ အစာအုပ်စုထဲမှာ အသီးအရွက်၊ အခွံမာစေ့၊ ပဲအမျိုးမျိုးနဲ့ ငါးဆိုပြီး ပါဝင်ပါတယ်။ အဓိကစားလေ့ရှိတာက ဟင်းသီးဟင်းရွက်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာကို အဓိကစားပြီး ဆေးလိပ်မသောက်တဲ့ လူသုံးသောင်းလေးထောင်ကျော်ကို နှစ်ရှည်လေ့လာမှုအရ အမျိုးသမီးတွေမှာ လေးနှစ်သက်တမ်းပိုရှည်ပြီး အမျိုးသားတွေမှာ ခုနစ်နှစ်သက်တမ်း ပိုရှည်တာကို တွေ့ရှိခဲ့ပါတယ်။ ပဲသီး၊ ပဲစိမ်းနဲ့ ပဲနီလေးပါဝင်တဲ့ ပဲအုပ်စုဟာ ဘားပန်ရွာရဲ့ အဓိကအစာအုပ်စု တစ်ခုပါ။ အသက်ရှည်ဆုံးလူတွေက ပဲကို နေ့တိုင်းထည့်စားလေ့ ရှိကြပါတယ်။ ဂျပန်က အသက်ရှည်ဆုံး လူမျိုးတွေ နေထိုင်တဲ့ အိုကီနာဝါမှာလည်း ပဲအမျိုးမျိုးကို အဓိကအစာအဖြစ် ပုံမှန်စားလေ့ရှိတာကို လေ့လာတွေ့ရှိရပြီး ဖြစ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု

ဘာပန်ရွာသူ ရွာသားတွေကို လေ့ကျင့်ခန်းလုပ်သလားလို့မေးရင် သူတို့ရယ်မောတတ်ပါတယ်။ ပြီးရင် “တစ်ချိန်လုံး အိမ်ပြင်ထွက်ပြီး တစ်နေ့လုံး ခန္ဓာကိုယ်ကတော့ မရပ်မနား လှုပ်ရှားနေတာပဲ”လို့ ပြန်ဖြေတတ်ကြပါတယ်။ သူတို့က တောင်ယာလုပ်တဲ့သူတွေဖြစ်လို့ အသက်အရွယ်မရွေး ကိုယ်ခန္ဓာလှုပ်ရှားမှု လုပ်နေဖြစ်တာပါ။ လူလေးသိန်းကျော်ကို လေ့လာခဲ့တဲ့ ထိုင်ဝမ်လေ့လာမှုတစ်ခုအရ ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီး တက်ကြွတဲ့သူတွေဟာ အသက်သုံးနှစ် အပိုနေရတယ်လို့ သိရပါတယ်။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေလို့ ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကြောင့် သွေးကြောထဲ သွေးချေးဖတ်ပိတ်ဆို့မှု လျော့ကျစေပြီး နှလုံးနဲ့ ခန္ဓာကိုယ်ကို ကျန်းမာစေကာ အသက်ရှည်စေပါတယ်။ ဒီရွာမှာ ကွန်ပျူတာ၊ တီဗီ စတဲ့ ခေတ်မီနည်းပညာသုံး ပစ္စည်းတွေလည်း မရှိပါဘူး။

အဘိုးအဘွားကို ဦးစားပေးခြင်း

ဘာပန်ရွာက အိမ်တွေမှာ မျိုးဆက် ၄-၅ ဆက်လောက် အတူယှဉ်တွဲနေထိုင်တာကို တွေ့ရပါတယ်။ ကိုယ့်အိမ်က အသက်အကြီးဆုံးသူကို အကြံဉာဏ် အမြဲတောင်းတတ်သလို ထမင်းစားတိုင်း ဦးစားပေးလေ့ရှိပါတယ်။ မိသားစုတိုင်းမှာ အဘိုး၊ အဘွားတွေက အလွန်အရေးပါနေပါတယ်။ ဒီလို လူမှုဝန်းကျင်ရဲ့ ကူညီအားပေးထောက်ပံ့မှု ရှိတာကလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေကို အများအပြား ရရှိစေတဲ့ အချက်ပဲဖြစ်နေပါတယ်။ လူဦးရေ သုံးသောင်းရှစ်ထောင် ပါဝင်တဲ့ လေ့လာမှုတစ်ခုအရ ခိုင်မာတဲ့ ပေါင်းသင်းဆက်ဆံရေး ရှိသူတွေဟာ အသက်ရှည်ရှည် နေရနိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ်။

စိတ်ဖိစီးမှု

ဘာပန်ရွာမှာ သဘာဝနဲ့ ထိတွေ့နေထိုင်ရတာ၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ ပတ်ဝန်းကျင်နဲ့ သဘာဝ အစားအသောက် စတာတွေ ဝန်းရံနေတာကြောင့် စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ပါတယ်။ ဒါ့အပြင် လေကောင်းလေသန့် ရှူရှိုက်ရတာကလည်း အသက်ရှည်ရှည်နေရစေဖို့ ပံ့ပိုးပေးနေတဲ့ အချက်တစ်ခု ဖြစ်နေပါတယ်။

Most Popular

Healthy Life Ad
To Top