Healthy Life Ad
Health Tips

ပင်မှည့်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

လူအများစုဟာ ပင်မှည့်သီးခေါ်စူကာသီးကို ဖျော်ရည်ဖျော်သောက်ကြတာများပါတယ်။ ပင်မှည့်သီးဖျော်ရည်မှာ အယ်လ်ကာလွိုက်တွေပါဝင်ပြီး သွေးတိုးကျတာ၊ စိတ်ငြိမ်သက်တာ၊ ကြွက်တက်မှုလျော့ကျတာ စတဲ့အာနိသင်တွေ ရှိပါတယ်။

ပင်မှည့်ပင်က ပွင့်တဲ့ပန်းဟာ စိတ်ငြိမ်စေတဲ့ အာနိသင်အနည်းငယ်ရှိပြီး အိပ်မောကျစေပါတယ်။ ပင်မှည့်ပန်းဟာ နာ့ဗ်ကြောအလုပ်လုပ်လွန်တဲ့ ရောဂါကုသမှုမှာ အသုံးဝင်ပြီး အလွယ်တကူ စိတ်လှုပ်ရှားလွယ်တဲ့ ကလေးတွေကို ကုရာမှာသုံးလေ့ရှိပါတယ်။ ပန်းနာရင်ကျပ်ရောဂါ၊ အိပ်မပျော်တဲ့ဝေဒနာ၊ အစာအိမ်အူလမ်းကြောင်းဝေဒနာနဲ့ သွေးဆုံးကိုင်ဝေဒနာတွေကို ကုသရာမှာ အသုံးဝင်သလို စိတ်အာရုံခြောက်ခြားမှုကိုလည်း အတန်အသင့် သက်သာစေတယ်လို့ ယုံကြည်ကြပါတယ်။ ပင်မှည့်သီးအဝါရောင်က ထုတ်ထားတဲ့အနှစ်ဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်လို့ ဖလော်ရီဒါတက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။ ပင်မှည့်သီးမှာပါတဲ့ ဖိုင်တိုကမ်မီကယ်လ်တွေက ကာရိုတီးနွိုက်နဲ့ ပိုလီဖီနောတို့ဖြစ်ကြပြီး ကင်ဆာတားအာနိသင်တို့ ရှိကြပါတယ်။

ဝက်ဆန်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေ့လာမှုတစ်ရပ်အရ ခရမ်းရောင်ပင်မှည့်သီးအနှစ်ကို စားပေးတာဟာ ပန်းနာရင်ကျပ်လက္ခဏာတွေကို လျော့ကျစေတယ်လို့ သိရပါတယ်။ ခရမ်းရောင်ပင်မှည့်သီးအနှစ်ကိုစားတဲ့ ပန်းနာရင်ကျပ်လူနာ ၄၂ ဦးကို လေ့လာခဲ့ရာ ချွဲသလိပ်သံနဲ့ အသက်ရှူရနှုန်း ၇၅ ရာခိုင် နှုန်းလျော့ကျခဲ့တာကို တွေ့ရပါတယ်။ ပင်မှည့်သီးကို ဒီအတိုင်းစားနိုင်သလို ဖျော်ရည်ဖျော်ပြီးလည်း သောက်နိုင်ပါတယ်။ ပင်မှည့်သီးတစ်ခွက်မှာ အဆီ(၁ ဒသမ ၆ ဂရမ်)၊ ပရိုတင်း(၅ ဒသမ ၂ ဂရမ်)၊ ကာဗိုဟိုက်ဒရိတ် (၅၅ဂရမ်)နဲ့ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ပိုတက်စီယမ်၊ သံဓာတ်နဲ့ အမျှင်ဓာတ်အများအပြား ပါဝင်နေပါတယ်။ ဒီလိုတစ်နေ့တာလိုအပ်တဲ့ အာဟာရဓာတ်တွေ အများအပြားပါဝင်တာကြောင့် ပင်မှည့်သီးစားရင် စိတ်ပူပင်သောက၊ ကြွက်သားတောင့်တင်းမှု၊ ခေါင်းကိုက်တာနဲ့ အိပ်မပျော်တာတို့ကို သက်သာစေပါတယ်။

ပင်မှည့်သီးမှာပါတဲ့ အင်တီအောက်ဆီးဒင့် ဗီတာမင်စီဟာ သင့်ခန္ဓာကိုယ်ကို နှလုံးရောဂါနဲ့ ကင်ဆာတို့မှ ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီက ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပြီး ထိခိုက်ဒဏ်ရာတွေရခဲ့ရင် အနာကျက်နှုန်းကောင်းအောင် ကူညီနိုင်ပါတယ်။ ပင်မှည့်သီးမှာပါတဲ့ ဗီတာမင်အေဟာ ကူးစက်ပိုးတွေကို တွန်းလှန်နိုင်သလို အမြင်အာရုံကို ကောင်းစေပါတယ်။ ဒါ့အပြင် ကင်ဆာနဲ့ နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ပင်မှည့်သီးမှာပါတဲ့ ပိုတက်စီယမ်က ကိုယ်တွင်းအရည်စနစ်ကို မျှတအောင် ထိန်းပေးနိုင်တဲ့ ဓာတ်ဆားတစ်မျိုးပါ။ ပိုတက်စီယမ်ကို တစ်နေ့တာလိုအပ်တဲ့ ပမာဏရရှိရင် သွေးတိုးကျစေပြီး ကြွက်သားတွေကို စွမ်းအင်တိုးစေကာ အဆစ်ရောင်ဝေဒနာကို သက်သာစေပါတယ်။ ပင်မှည့်သီးမှာပါတဲ့ သံဓာတ်ဟာ စွမ်းအင်အဆင့်ကိုတိုးစေပြီး ကောင်းကောင်းအိပ်မောကျစေကာ ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်စေပါတယ်။ ဒါ့အပြင် သွေးထဲကို အောက်ဆီဂျင်ရောက်ရှိမှု ကောင်းမွန်စေပါတယ်။

ပင်မှည့်သီးမှာပါတဲ့ အမျှင်ဓာတ်ဟာ ဝမ်းမချုပ်အောင်ကာကွယ်ပေးပြီး သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောနဲ့ သွေးတွင်းအဆီပိုတွေကို လျော့ကျစေပါတယ်။ ပင်မှည့်သီးဖျော်ရည်ဟာ ကင်ဆာဆဲလ်ကြီးထွားမှုကို လျော့ကျစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အကြောင်းကတော့ ပင်မှည့်သီးမှာပါတဲ့ ဖိုင်တိုကမ်မီကယ်ဓာတ်တွေဟာ ကင်ဆာဆဲလ်ကြီးထွားမှုကို လျှော့ချပေးနိုင်လို့ပါ။

ပင်မှည့်သီးမှာပါတဲ့ ဖီနောလစ်အက်စစ်နဲ့ ဖလေဗိုးနွိုက်တွေက နှလုံးကိုကာကွယ်တဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါတယ်။ ပင်မှည့်သီးမှာ ကာဗိုဟိုက်ဒရိတ်နဲ့ ရိုးရိုးသကြားဓာတ်ပါဝင်မှု မြင့်မားတာကြောင့် အားကစားသမားတွေမှာ သက်လုံကောင်းစေတာ တွေ့ရပါတယ်။ ပင်မှည့်သီးအစေ့မှာ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ အိပ်ရာမဝင်ခင် ပင်မှည့်ဖျော်ရည်သောက်ရင် အနားရစေပြီး ကောင်းကောင်းအိပ်မောကျစေပါတယ်။ ပင်မှည့်သီးဖျော်ရည်ကို ပုံမှန်သောက်ပေးရင် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top