———၊ ကိုထက် ၊———
အမျိုးသားအများစုဟာ အပြင်ထွက်ပြီး သွားလာလှုပ်ရှားရတဲ့ အလုပ်အကိုင်တွေကို လုပ်ဆောင်တတ်ကြပေမယ့် ပြင်ပနေပူဒဏ်ကို ကာကွယ်ရမယ့် နည်းလမ်းတွေကိုတော့ ထိထိရောက်ရောက် လိုက်နာမှု အားနည်းတတ်ကြပါတယ်။ မျက်စိကို နေရောင်ခြည်ဒဏ်မကျရောက်အောင် ကာကွယ်နိုင်ဖို့ နေကာမျက်မှန်တပ်တာ၊ အသားအရေကို ကာကွယ်နိုင်ဖို့ နေကာခရင်မ်လိမ်းတာ၊ ချည်သားအင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ဆင်တာ စတဲ့ အချက်တွေကို လိုက်နာရပါမယ်။ ဒီလိုမလိုက်နာရင် နေရောင်ခြည်ဒဏ်ကြောင့် ထိခိုက်မှုတွေ ဖြစ်တတ်ပါတယ်။ ဒီလိုထိခိုက်မှုတွေ လျော့ပါးသက်သာသွားစေဖို့ နေပူဒဏ် ခံနိုင်ရည်ရှိတဲ့ အစားအသောက်တွေကို နေပူထဲ မကြာခဏ သွားလာလှုပ်ရှားရတဲ့သူတွေ စားသောက်သင့်ပါတယ်။
ခရမ်းချဉ်သီး
တောက်ပတဲ့ အနီရောင် ခရမ်းချဉ်သီးတွေမှာ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် အသားအရေကို နေဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးက ပိုနီလေလေ၊ လိုင်ကိုပင်း အင်တီအောက်ဆီးဒင့် ပါဝင်မှု ပိုများလေ ဖြစ်ပါတယ်။ စားတဲ့အစာထဲ ခရမ်းချဉ်သီး ပါဝင်မှုများလေလေ၊ အသားအရေကို နေလောင်ဒဏ်ခံရတာနဲ့ နေရောင်ခြည်ကြောင့် ထိခိုက်မှုဖြစ်တာတို့မဖြစ်အောင် ကာကွယ်နိုင်လေလေ ဖြစ်ပါတယ်။
ဖရုံစေ့
ဇင့် (သွပ်)ဓာတ်ပါဝင်တဲ့ ဖရုံစေ့ဟာ သဘာဝအင်တီအောက်ဆီးဒင့်၊ ရောင်ရမ်းမှု လျော့ကျစေတဲ့အရာ၊ ခရမ်းလွန်ရောင်ခြည် ကာကွယ်နိုင်စွမ်းရှိတဲ့ အစာ၊ အနာကျက်စွမ်းအင်နဲ့ ကိုယ်ခံအားစနစ်တိုးမြင့်စေတဲ့ အစာဖြစ်ပါတယ်။ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကြီးထွားနှုန်းကိုလည်း လျော့နည်းစေပါတယ်။
လက်ဖက်စိမ်းလက်ဖက်ရည် သို့မဟုတ် ရေနွေးကြမ်း
လက်ဖက်စိမ်းလက်ဖက်ရည်နဲ့ ရေနွေးကြမ်းမှာ ပိုလီဖီနော၊ အထူးသဖြင့် ကက်တီချင်တို့ ပါဝင်မှုများတဲ့အတွက် ကင်ဆာဆဲလ်တွေကို ဟန့်တားနိုင်စွမ်းရှိပါတယ်။
သံလွင်ဆီဆမ်းထားသော ဟင်းရွက်သုပ်
သံလွင်ဆီက ထောပတ်ထက် ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်မှုများတာကြောင့် အရေပြားကင်ဆာဖြစ်နှုန်း လျော့ကျစေရုံသာမက အိုမင်းမှုလက္ခဏာတွေကိုလည်း လျော့ကျစေပါတယ်။
ငရုတ်ပွသီးအမှည့်
ငရုတ်ပွသီးအမှည့်မှာ ဗီတာမင်စီ ပါဝင်တာကြောင့် အသားအရေ တင်းရင်းစေတဲ့ ကော်လာဂျင်တွေကို တည်ဆောက်ပေးပြီး အရေးကြောင်းတွေကို တွန်းလှန်ပေးပါတယ်။ ငရုတ်ပွသီးအမှည့်မှာ ငယ်ရွယ်နုပျိုစေတဲ့ ဗီတာမင်တွေ ပါဝင်တဲ့အပြင် နေဒဏ်ကြောင့်ဖြစ်တဲ့ အရေပြားရောင်ရမ်းမှုကိုပါ လျော့ကျစေပါတယ်။
နနွင်းမှုန့်
နနွင်းမှုန့်ထဲမှာ ပါဝင်တဲ့ ကာကူမင်ဓာတ်ဟာ ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ နေပူထဲအထွက်များတာကြောင့် ခန္ဓာကိုယ်ထဲမှာ ဖရီးရယ်ဒီကယ်ထွက်နှုန်း များတတ်တဲ့အတွက် နနွင်းမှုန့်ပါဝင်မှုများတဲ့ ဟင်းလျာကို စားပေးပါ။ ရောဂါတွေကို တွန်းလှန်ပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် အူမကြီးကင်ဆာနဲ့ အယ်လ်ဇိုင်းမားရောဂါတို့ ဖြစ်နှုန်းကိုပါ လျော့ကျစေပါတယ်။
ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်တို့လို ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ် ပါဝင်မှုများတဲ့အတွက် ကင်ဆာကို ကာကွယ်နိုင်ပြီး မကျန်းမာတဲ့ ဆဲလ်ကြီးထွားမှုကို ဟန့်တားပေးပါတယ်။
ဆယ်လ်မွန်ငါး
ဆယ်လ်မွန်ငါးမှာ အိုမီဂါ ၃လို မရှိမဖြစ် ဖက်တီးအက်စစ်ပါဝင်တဲ့အတွက် ဦးနှောက်အတွက်သာမက အသားအရေအတွက်လည်း ကောင်းကျိုးရှိပါတယ်။ နေရောင်ခြည်ကြောင့် ထိခိုက်နွမ်းနယ်နေတဲ့ အသားအရေကို နုပျိုတင်းရင်းစေတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်မှုများပါတယ်။
