Healthy Life Ad
Health Tips

ကိုယ့်ဘဝပိုတောက်ပစေမယ့်စိတ်ပိုင်းဆိုင်ရာ စည်းမျဉ်း ၇ သွယ်

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

အကောင်းမြင်စိတ်ဆိုင်ရာ စိတ်ပညာရှင်ပါမောက္ခမာတင်က စိတ်ပိုင်းဆိုင်ရာ အရည်အသွေးကောင်းတွေရှိတာက ဘဝကိုအကောင်းမြင်တဲ့ သဘောနဲ့နေထိုင်နိုင်ပြီး ပိုပျော်ရွှင်တောက်ပစေတယ်လို့ဆိုပါတယ်။ ဘဝမှာကြုံတွေ့ရင်ဆိုင်ရတတ်တဲ့ စိတ်ဓာတ်ကျတာကို တွန်းလှန်နိုင်အောင်၊ ရုပ်ပိုင်းဆိုင် ကျန်းမာရေးပိုကောင်းအောင်၊ အောင်မြင်တိုးတက်မှုပိုရအောင် အခြေခံစည်းမျဉ်း ၇ရပ်ကို လုပ်ဆောင်ပေးသင့်ကြောင်း သူကအကြံပြုထားပါတယ်။


စည်းမျဉ်း (၁) မှန်လိုကျင့်ပါ
ဘဝမှာ ကြုံရတဲ့ လူတိုင်းက မှန်လိုပါပဲ။ သူတို့က သင့်ကိုယ်ရည်ကိုယ်သွေး၊ အကျင့်စရိုက်အတိုင်း တုံ့ပြန်ပါတယ်။ သင့်အနားမှာ တွေ့ရတဲ့ လူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးက သင့်ကို ပိုကောင်းအောင်၊ ပိုတောက်ပအောင် ပံ့ပိုးပေးနေတာပါ။ ဥပမာအနေနဲ့ ပြောရရင် သင့်ကို တစ်ယောက်ယောက်က မရိုမသေ ဆက်ဆံတဲ့အခါ သင်ကလည်း တခြားသူတွေအပေါ် မရိုမသေဆက်ဆံဖူးတာကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကို ဆက်ဆံစေလိုတဲ့ အနေအထားအတိုင်း လူတွေကို ပြုမူသင့်ပါတယ်။


စည်းမျဉ်း (၂) ရွေးချယ်မှုအစွမ်း
ဘဝမှာဖြစ်ပျက်နေတဲ့ အရာတိုင်းက ဘဝတစ်လျှောက် သင်ပြုလုပ်နေတဲ့ ရွေးချယ်မှုရလဒ်ပါပဲ။ သင်က လူပျင်းနဲ့ တွဲနေရင် သူတို့ပြဿနာ၊ အခက်အခဲတွေကို အမြဲဖြေရှုင်းပေးနေရလိမ့်မယ်။ အလုပ်အကိုင်၊ မိသားစုဘဝ၊ ခရီးထွက်တာ စတာတွေနဲ့ပတ် သက်ပြီး သင်ရဲ့ရွေးချယ်မှုပေါ်မူတည်ပြီး သင့်ဘဝ ကပြောင်းလဲသွားမှာပါ။


စည်းမျဉ်း (၃) အမှားရဲ့ စွမ်းပကား
လူတိုင်း မှားနိုင်တယ်ဆိုတာ သဘောပေါက် နားလည်ဖို့လိုပါတယ်။ တစ်ခါတစ်ရံ အမှားလုပ်မိရင် စိတ်ဓာတ်တွေအကြီးအကျယ်ကျနေနိုင်ပေမယ့် တကယ်တော့ အမှားကနေ သင်ခန်းစာယူပြီး ပြုပြင်နေထိုင်ဖို့ပဲလိုအပ်ပါတယ်။


စည်းမျဉ်း (၄) ပန်းတိုင်ချ မှတ်ခြင်း
ကိုယ်တည်ဆောက်ထားတဲ့ ဘဝနေထိုင်မှုပုံစံ၊ အိမ်ထောင်ရေးအခြေအနေ၊ အလုပ်အကိုင် စတာတွေနဲ့ပတ် သက်ပြီး အဆင်မပြေခဲ့ရင် ညည်းညူနေမယ့်အစား အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားပါ။ လူတစ်ယောက်ကို အပြည့်အဝချစ်ခြင်းမေတ္တာမပေးရင် သူ့ဆီက တူညီတဲ့အရာကိုပဲ မျှော်လင့်လို့ရပါတယ်။ သင့်ပန်းတိုင်ကို ချမှတ်ပြီး အဲဒီပန်းတိုင်ရောက်ဖို့ လိုအပ်သလောက် ပေးဆပ်မှုလုပ်ရမှာပါ။


စည်းမျဉ်း (၅) ကြင်နာခြင်း
ဘယ်သူမှ ကိုယ့်ဘက်မှာ မရှိဘူး၊ အထီးကျန်တယ်လို့ ခံစားနေရပါသလား။ တခြားသူအပေါ် သင်ကြင်နာဖို့နဲ့ အတ္တမပါတဲ့ ကူညီမှုမျိုးနဲ့ အကူအညီပေးဖို့ကြိုးစားကြည့်ပါ။ သူ့ဆီက ဘာတုံ့ပြန်မှုမှ မလာရင်တောင် အတ္တကင်းတဲ့ ကြင်နာခြင်း၊ ချစ်ခြင်းက သင့်ကို ငြိမ်းချမ်းစေပါတယ်။ လူကောင်းဖြစ်ချင်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ၊ သန်စွမ်းအောင်နေထိုင်ပါ၊ တစ်ပါးသူကို ကြင်နာစွာကူညီပါ။


စည်းမျဉ်း (၆) လက်ရှိကာလ
အတိတ်အကြောင်း မတွေးပါနဲ့။ လက်ရှိပစ္စုပ္ပန်ကာလကိုပဲတွေးပါ။ အနာဂတ်ကို စိတ်မပူပါနဲ့။ လက်ရှိမှာ အကောင်းဆုံးနေထိုင်နိုင်မယ့် နည်းလမ်းကိုပဲ ရှာပါ။ လက်ရှိ စိတ်ခံစားမှုကောင်းဖို့၊ ကျန်းမာဖို့၊ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေဖို့ကိုပဲ တွေးတော နေထိုင်သင့်ပါတယ်။


စည်းမျဉ်း (၇) အကောင်းမြင်ခြင်းအစွမ်း
သင့်အနီးဝန်းကျင်မှာရှိတဲ့ အရာတွေကို လျစ်လျူရှုမထားပါနဲ့။ သဘာဝအလှကို နှစ်ခြိုက်ပါ၊ နေရောင်ဖြာကျနေတဲ့ မြစ်ချောင်းတွေ၊ စိမ်းစိုတဲ့တောတောင်တွေ၊ မြင့်မားတဲ့ တောင်တန်းတွေ၊ မိတ်ဆွေကောင်းတွေကို တန်ဖိုးထားပါ။ အကောင်းမြင်စိတ်နဲ့ ကြည့်တတ်ရင် အလုပ်တွင်ကျယ်လာပါလိမ့်မယ်၊ တက်ကြွနေပါလိမ့်မယ်၊ ကောင်းတဲ့ စိတ်ခံစားမှုနဲ့ ဘဝမှာ စိတ်ချမ်းသာနေပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top