Healthy Life Ad
Life Style

ရပိုင်ခွင့်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ဘေးအိမ်က ဒေါ်သိန်းတို့ခြံရောင်းပြီး တခြားနေရာကို ရွှေ့သွားပြီဆိုတာသိတော့ မမြိုင် အံ့အားသင့်သွားတယ်။

“သူတို့ခြံ ဘယ်သူ့ကို ရောင်းလိုက်ပါလိမ့်၊ ရောင်းမယ်ဆိုရင် ဘေးကပ်လျက်မို့ ကျွန်မလိုချင်တယ်၊ ကျွန်မကိုပြောလို့ ပြောထားဖူးပါလျက်နဲ့”လို့ မမြိုင်တွေးလိုက်မိတယ်။ ပြီးတော့ “သူတို့ ပြောင်းသွားတာတောင် နှစ်ရှည်လများ ရင်းနှီးခင်မင်ခဲ့ကြတဲ့ အိမ်နီးနားချင်းကို နှုတ်ဆက်ဖော်မရပါ့လား”လို့လည်း စိတ်ထဲမသက်မသာ ခံစားလိုက်ရတယ်။

“ဒေါ်ဒေါ်သိန်းတို့ ရောင်းလိုက်တာ ကိုထွန်းစိန်ဆီကိုတဲ့”

ကိုထွန်းစိန်တို့အိမ်က မမြိုင်တို့အိမ်ရဲ ့ ညာဘက်ကပ်လျက်မှာရှိပြီး ဒေါ်သိန်းတို့အိမ်က မမြိုင်တို့အိမ်ရဲ့ ဘယ်ဘက်ကပ်လျက်မှာရှိတာကြောင့် အတိအကျပြောရရင် ကိုထွန်းစိန်တို့အိမ်က ဒေါ်သိန်းတို့အိမ်နဲ့ဆိုရင် တစ်အိမ်ကျော်မှာရှိတာပါ။

“ဈေးကလည်း ပေါက်ဈေးထက် တော်တော့်ကိုနည်းတယ် မမြိုင်ရဲ့၊ ငွေကို လက်ငင်းချေတာလည်းမဟုတ်ဘူး၊ အရစ်ကျနဲ့ချေတာတဲ့”လို့ မမေက သတင်းစကားပေးတော့ မမြိုင်ပိုလို့တောင် အံ့သြသွားတယ်။

“ဘာလို့များ ငါ့ကို မရောင်းတာပါလိမ့်၊ ငါကမဝယ်နိုင်လောက်ဘူးများ ထင်လို့လား၊ အိမ်ရောင်းမယ်ဆိုရင် ကျွန်မကိုပြောပါဦးနော် ဒေါ်ဒေါ်သိန်းလို့တောင် ငါပြောဖူးတာပဲ၊ ဝယ်နိုင်တာ၊ မဝယ်နိုင်တာ အသာထား၊ ရောင်းမယ်ဆိုတာလောက်တော့ ပြောသင့်ပါတယ်လေ “စဉ်းစားရင်း မမြိုင် ညအိပ်လို့တောင်မပျော်။

မိုးလင်းတော့ ခင်ပွန်းသည်ကို ဖွင့်ပြောလိုက်တဲ့အခါ ခင်ပွန်းသည်က-

“ကိုယ်တို့က သူတို့အိမ်ကို ပေးနေကျ မီးသီးတစ်ပွင့် မပေးတော့လို့များလားပဲ”လို့ ဆိုတယ်။

ကိုအေးနဲ့မမြိုင် အိမ်ထောင်ကျလို့ ဒီခြံလေးကို ဝယ်ပြီးချိန်မှာ ဘေးအိမ်က ဒေါ်သိန်းတို့နဲ့ မိတ်ဆွေစဖြစ်တယ်။ ဒေါ်သိန်းက မုဆိုးမလည်းဖြစ်၊ သားသမီးတွေကို ရှာဖွေကျွေးနေရသူလည်းဖြစ်တော့ သူတို့အိမ်မှာ လျှပ်စစ်မီးတောင် မဆင်နိုင်။ ညညဆို ရေနံဆီမီးအိမ်လေးထွန်းပြီး ကလေးတွေ စာကျက်နေတာကိုမြင်တော့ မမြိုင်က “ဒေါ်ဒေါ်သိန်းတို့အိမ်ကို ကျွန်မတို့ မီးသီးတစ်လုံးသွယ်ပေးရအောင်”လို့ ကိုအေးကိုပြောပြီး အိမ်ကနေ မီးကြိုးသွယ်ကာ မီးသီးတစ်လုံး ထွန်းပေးလိုက်တယ်။ ညဘက်နဲ့ မနက်ဘက် ကလေးတွေ စာကျက်တဲ့အခါ ဖွင့်သုံးဖို့ပြောပြီး မီးအလှူဒါနပြုခဲ့ကြတယ်။

ဒေါ်သိန်းရဲ့ သားသမီးသုံးယောက်စလုံး ပညာရေးမှာ ပါရမီမပါရှာတော့ အားလုံးကျောင်းထွက်ပြီး ရရာအလုပ်ဝင်လုပ်ကြတယ်။ မီတာခကလည်း တိုးကောက်လာတဲ့အခါ မမြိုင်က”အစ်ကိုရေ မီးကိုချွေတာမှ ဖြစ်တော့မယ်။ ကျွန်မတို့ ဒေါ်ဒေါ်သိန်းအိမ်ကို ပေးထားတဲ့ မီးတစ်ပွင့်ကို ပြန်ဖြုတ်ရအောင်၊ ကလေးတွေကလည်း စာမှကျက်စရာမရှိတော့တာပဲ။ ကျွန်မဒေါ်ဒေါ်သိန်းကို ပြောလိုက်မယ်”

အဲဒီလိုနဲ့ ဒေါ်သိန်းကိုပြောပြီး သွယ်ထားတဲ့ မီးကြိုးကိုပါ ဖြုတ်လိုက်တော့တယ်။

နောက်ပိုင်း ဒေါ်သိန်းတစ်ယောက် အခေါ်အပြောနည်းသွားတာကို အိမ်မှုကိစ္စ၊ သားသမီးကိစ္စတွေနဲ့ အလုပ်များနေတဲ့ မမြိုင် သတိမထားမိလိုက်။ အခုလို ခြံရောင်းပြီး တိတ်တဆိတ် ပြောင်းသွားမှသာ ပြန်စဉ်းစားမိခြင်း ဖြစ်တယ်။

“အဲဒါ ကိုယ်တို့အတွက် သင်ခန်းစာပဲ မြိုင်ရေ၊ လူတွေကို ကူညီတဲ့အခါ ကူညီတာသက်သက်ပဲလို့သိအောင် ကူညီမှဖြစ်မယ်၊ ‘ရပိုင်ခွင့်’လို့ ထင်သွားတာနဲ့ အဲဒီရပိုင်ခွင့်မရတော့တဲ့အခါ ရန်သူလို့ မြင်ကြတော့တာကွ”

ကိုအေးရဲ ့ မှတ်ချက်စကားကြားတော့ မမြိုင်တစ်ယောက် “သြော် . . ဒေါ်ဒေါ်သိန်းတို့အိမ်မှာ ကျွန်မတို့ လျှပ်စစ်အလှူပြုခဲ့တဲ့ သက်တမ်းက ၁၅ နှစ်ကျော်တောင်ရှိခဲ့တာပဲ”လို့ ရေရွတ်မိပါတော့တယ်။

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Most Popular

Healthy Life Ad
To Top