Healthy Life Ad
Q & A

အသက်ရှူကြပ်ပြီး နုံးခွေကျန်ခဲ့တယ် ဆရာ . . .

မေး. အိမ်မှုကိစ္စတနေ့လုံး နားချိန်မရှိဘဲ လုပ်ပြီးချိန် စိတ်လှုပ်ရှားမှုများချိန်ကြရင် အသက်ရှူကြပ်ပြီး လုံးဝအသက်ရှူသွင်းမရတဲ့အထိ အခြေအနေဖြစ်လာတယ်ဆရာ။ နောက်ပြီး အိပ်ငိုက်သလိုသမ်းသမ်းလာတယ်။ အဲဒီလို အသက်ရှူမရတာကို ပိုစိတ်ရှုပ်၊ ပိုကျပ်လာ၊ နောက်ဆုံးစိတ်လျှော့လိုက်ချိန်ဆို တစ်ကိုယ်လုံးနုံးခွေပြီး ကျန်ခဲ့တယ် ဆရာ။ ညဘက်ဆို ပိုဆိုးပါတယ်။ အသက်ရှုကြပ်ချိန် အိပ်မရဖြစ်တဲ့အခါ အရူးတစ်ယောက်မျိုးဖြစ်နေတယ် ဆရာ။ ဘာတွေ စစ်ဆေးသင့်ပါသလဲ ဆရာ။
Kan Hom (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ဒါကို စိတ်မော လူမော ခြေကုန်လက်ပန်းကျတယ်လို့ခေါ်ပါတယ်။ လူပင်ပန်း စိတ်ပင်ပန်းတဲ့ဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း ဖြစ်ရတာပါ။ ကိုယ်တွင်းရောဂါတစ်ခုခုကြောင့် ပင်ပန်းနွမ်းနယ်ခြင်း ဖြစ်တတ်သလို အများစုကတော့ စိတ်မော လူမော ခြေကုန် လက်ပန်းကျဖြစ်ရတာက စိတ်ကြောင့် အဓိက ဖြစ်ရတာပါ။ အလုပ်လုပ်တဲ့အချိန်မှာတော့ တစ်နေကုန်လုပ်ပြီး အနားယူတဲ့အချိန်မှာတော့ မလုပ်ချင်တော့ဘူးဆိုတာ တစ်နေ့လုံး ပင်ပန်းထားတဲ့ အရှိန်နဲ့ လူက စိတ်မောမောတဲ့ သဘောမျိုးဖြစ်တာပါ။

အဓိကအနေနဲ့ အတွင်းခံရောဂါများရှိသလား ဆိုတာကိုရှာဖွေစစ်ဆေးရပါမယ်။ ဥပမာ- နှလုံးရောဂါ၊ အဆုတ်ရောဂါ စတဲ့ ရောဂါတစ်ခုခုကြောင့် ဖြစ်တာလား၊ သွေးအားနည်းတာလား၊ ကျောက်ကပ်ရောဂါရှိနေသလား စတာတွေကို စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ ဒီရောဂါဝေဒနာတွေ မရှိဘူးဆိုရင် စိတ်ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်လို့ဖြစ်တာ ဖြစ်တဲ့အတွက် ဒါကိုခံနိုင်ရည်ရှိစေဖို့ ဗီတာမင်အားဆေးလေးတွေပေးရသလို စိတ်ပူပင်သောက လျော့ကျစေမယ့် ဆေးလေးတွေကိုလည်း တစ်ဖက်က တွဲပြီးပေးရပါတယ်။ Psychotherapy လို့ ခေါ်တဲ့ ကိုယ့်စိတ်ကို မြှင့်တင်ပေးနိုင်မယ့် ကုထုံးလေးတွေခံယူဖို့ လိုအပ်တဲ့အတွက် စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးနဲ့ ပြသတိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

အခုလောလောဆယ်မှာ စိတ်ပင်ပန်း လူပင်ပန်းဒဏ်ကို မခံနိုင်ရင် နီးစပ်ရာ အထွေထွေအထူးကုဆရာဝန်နဲ့ တိုင်ပင်ပါ၊ ရောဂါ ရှိ၊ မရှိ စစ်ဆေးပါ၊ ရောဂါမရှိဘူးဆိုရင် ခံစားနေရတဲ့ စိတ်ပင်ပန်းမှုဝေဒနာလျော့ကျအောင် စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးနဲ့ ဆက်လက်ကုသမှု ခံယူသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top