Healthy Life Ad
Health Tips

အသက် ၄၀ ကျော်ချိန်တွင် ကိုယ်အလေးချိန်ကို ထိန်းချုပ်နိုင်အောင်

———၊ လရိပ်မေ ၊———

အမျိုးသမီးတွေအတွက် အသက် ၄၀ ကျော်လို့ သက်လတ်ပိုင်းအရွယ်ရောက်ချိန်မှာ ကိုယ်အလေးချိန်က တက်လာတတ်သလို မြင့်တက်လာတဲ့ ကိုယ်အလေးချိန်ကို လျှော့ချနိုင်ဖို့လည်း ခက်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ ဇီဝရုပ်ဖြစ်ပျက်မှုနှေးရတဲ့ အချက်လည်း အပါအဝင်ဖြစ်နေပါတယ်။ ဒါကြောင့် အသက် ၄၀ ကျော်ချိန်မှာ ဇီဝရုပ်ဖြစ်ပျက်မှုကောင်းပြီး ကိုယ်အလေးချိန်ကို ထိန်းနိုင်အောင် အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

(၁) အစာကို လုံလုံလောက်လောက် စားပါ

တစ်နေ့မှာ ကယ်လိုရီ ၁၀ဝ၀ ထက် လျော့ပြီးစားသုံးရင် သင်ရဲ့ခန္ဓာကိုယ်မှာ စွမ်းအင်သိုလှောင်နိုင်ဖို့အတွက် ဇီဝရုပ်ဖြစ်ပျက်မှုက နှေးကွေးနေပါလိမ့်မယ်။ ဒါကြောင့် တစ်နေ့လုံး အစာကို နည်းနည်းနဲ့ အကြိမ်များများ စားပေးပါ။ ဒါဆိုရင် ဇီဝရုပ်ဖြစ်ပျက်မှုက ပုံမှန်ဖြစ်နေပါလိမ့်မယ်။ စားတဲ့အခါ ဆန်လုံးညို၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ အဆီနည်းအသား စတာတွေ များများပါဝင်အောင် ထည့်စားပါ။

(၂) နံနက်စာကို ဦးစားပေးပြီး စားပါ

အိပ်ရာကနိုးပြီး အချိန်နှစ်နာရီအတွင်းမှာ နံနက်စာကို မဖြစ်မနေစားပေးပါ။ ဒါဆိုရင် သင့်ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု အားကောင်းပြီး တစ်နေ့တာလုံး သင့်ခန္ဓာကိုယ်ထဲမှာ စွမ်းအင်တွေ ရှိနေပါလိမ့်မယ်။ စားတဲ့အခါ ပရိုတင်းဓာတ်ရရှိစေမယ့် ကြက်ဥ၊ ဘဲဥနဲ့ ဂရိတ်ဖရုသီးလို သစ်သီးတွေကို ပါဝင်အောင်စားပါ။ တစ်နေ့တာလုံး အလုပ်လုပ်နိုင်စေမယ့် စွမ်းအင်တွေ ရရှိပါလိမ့်မယ်။

(၃) စားသည့်အစာတိုင်း ပရိုတင်းထည့်စားပါ

စောစောကပြောထားတဲ့အတိုင်း စားတဲ့အစာ (နံနက်စာ၊ နေ့လယ်စာနဲ့ ညစာ)တွေမှာ ပရိုတင်းဓာတ် ပါဝင်ဖို့လိုပါတယ်။ ပရိုတင်းဓာတ်ဟာ ဆာလောင်မှုကို ထိန်းထားနိုင်တာကြောင့် ကိုယ်အလေးချိန်မတက်အောင် ထိန်းထားနိုင်ပါတယ်။ အသားအပြင် ဒိန်ချဉ်၊ ပဲနီလေး၊ ပဲအမျိုးမျိုးမှာ ပရိုတင်းဓာတ် အပြည့်အဝပါဝင်တာကြောင့် ဗိုက်ပြည့်စေပါတယ်။

(၄) လှုပ်ရှားမှုလုပ်ပါ

အသက် ၄၀ ကျော်ပြီးချိန်မှာ ခန္ဓာကိုယ်က လှုပ်ရှားမှုကို ပိုလုပ်ဖို့ လိုအပ်လာတဲ့အတွက် လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေတာကြောင့် စွမ်းအင်ပိုမိုရရှိကာ ပိုကျန်းမာလာပါလိမ့်မယ်။ တစ်ပတ်မှာ အကြိမ်အနည်းငယ် အေရိုးဗစ်လေ့ကျင့်ခန်းလုပ်တာနဲ့ လမ်းလျှောက်တာကို ပုံမှန်လုပ်တာက ခန္ဓာကိုယ်ကို သန်စွမ်းကျန်းမာစေပြီး ကြွက်သားတွေကို တင်းရင်းစေပါတယ်။

(၅) လက်ဖက်စိမ်းလက်ဖက်ရည် သောက်ပါ

လက်ဖက်စိမ်းလက်ဖက်ရည် အပူ ဒါမှမဟုတ် အအေးကိုသောက်တာက ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေပြီး သက်လုံကောင်းမွန်စေပါတယ်။ လက်ဖက်စိမ်းလက်ဖက်ရည်မှာ EGCG (Epigallocatechin) ပါဝင်တာကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းမွန်အောင် လှုံ့ဆော်ပေးကာ ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ လက်ဖက်စိမ်းလက်ဖက်ရည်မှာပါတဲ့ ကဖင်း(Caffeine)ဓာတ်ဟာ ဗဟိုအာရုံကြောစနစ်မှ အဆီတွေကို သွေးကြောထဲကို ရောက်ရှိစေတာကြောင့် ခန္ဓာကိုယ်အဆီဓာတ်ကို ပိုလောင်ကျွမ်းစေပါတယ်။

Most Popular

Healthy Life Ad
To Top