————-၊ စူး (ဆေးဝါးတက္ကသိုလ်) ၊—————
အသက်ရှူတဲ့အခါမှာ အခြေခံကျတဲ့ နည်းလမ်းကတော့ အသက်ရှူသွင်းတာနဲ့ အသက်ရှူထုတ်တာကို ထပ်တလဲလဲ လုပ်ဆောင်တာ တစ်ခုတည်းမဟုတ်ပါဘူး။ အသက်ဝ၀ရှူသွင်း၊ ရှူထုတ်တာက စိတ်နဲ့ခန္ဓာကိုယ်ကို အားအင်တွေ ရရှိစေပါတယ်။ အသက်ရှူတဲ့အပေါ်မှာ စိတ်ကို စူးစိုက်ထားရှိတာဟာ အာရုံစူးစိုက်အားကောင်းတာ၊ အကောင်းမြင်စိတ်ရှိတာ၊ ခန္ဓာကိုယ်နဲ့ စိတ်စွမ်းအင်တိုးတာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေတယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ကြပါတယ်။ အဲဒီလို စိတ်ရောကိုယ်ပါ ကျန်းမာရေးကောင်းနေအောင် ဘယ်လိုအသက်ရှူရမလဲဆိုတာ အကြံပြုပေးပါရစေ။
(၁) သက်သောင့်သက်သာရှိပါစေ
အသက်ရှူဖို့ရာအတွက် ထိုင်မယ် ဒါမှမဟုတ် မတ်တပ်ရပ်မယ်ဆိုရင် ကျောကိုမတ်မတ်ထားပြီး လည်ပင်းကိုဆန့်ထားကာ ဦးခေါင်းကို ကောင်းကင်ဆီ ဦးတည်ထားရှိပါ။ လိုအပ်ရင် ကြွက်သားတွေကို ပျော့ပျောင်းနေအောင်ထားပြီး ကြွက်သားအုပ်စုတွေကို တင်းအားလျှော့ပေးပါ။
(၂) အသက်ရှူသွင်း/ရှူထုတ်မှုကို အာရုံစိုက်ပါ
သင်အသက်ရှူတာက နှေးနေသလား၊ မြန်နေသလား။ အသက်ရှူတာက ချောချောမွေ့မွေ့ရှိရဲ့လား စတာတွေကို သတိထားပြီး အာရုံစိုက်သင့်ပါတယ်။
(၃) အသက်ဝ၀ရှူသွင်းပါ
အသက်ရှူသွင်းတဲ့အခါမှာ အဆုတ်ထဲအပြည့် လေတွေရောက်ရှိအောင် ရင်ဘတ်ကိုဖြန့်ပြီး အသက်ရှူပါ။ အသက်ရှူထုတ်တဲ့အခါ ဖြည်းဖြည်းချင်း ရှူထုတ်ပေးပါ။ ပါးစပ်နဲ့ အသက်မရှူပါနဲ့။ ပတ်ဝန်းကျင်က လေတွေဟာ မသန့်စင်ရင် နှာခေါင်းနဲ့အသက်ရှူပါက လေတွေသန့်စင်အောင် စစ်ထားပေးနိုင်ပါတယ်။
(၄) စိတ်ကို တည်ငြိမ်အောင်ထားပါ
သင့်အနေနဲ့ လုပ်ရမယ့်အလုပ်တွေ များနေရင် စိတ်ကိုစုစည်းတဲ့အနေနဲ့ အသက်ရှူပေးပါ။ အဆုတ်ထဲအပြည့် အသက်ဝ၀ရှူကာ ဖြည်းဖြည်းချင်း အသက်ရှူထုတ်ပေးပါ။
(၅) အချိန်မှတ်ပါ
အသက်ရှူတဲ့ လေ့ကျင့်ခန်းကို အချိန်မရွေး၊ နေရာမရွေး လေ့ကျင့်လို့ရပေမယ့် တစ်နေ့လုံးအတွက် စိတ်နဲ့ခန္ဓာကိုယ် စွမ်းအင်ပြည့်နေအောင် နံနက်ခင်းအချိန်မှာလုပ်တာ အကောင်းဆုံးပါ။ အစာစားပြီးရင် အချိန်တစ်နာရီကြာမှ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။