Healthy Life Ad
International

ခြေဖျားလက်ဖျားအေးတတ်သူတို့အတွက် ခန္ဓာကိုယ်မှအနွေးဓာတ်ထွက်ရှိလာစေမည့်နည်းလမ်းများ ပြောပြ

၊ ကိုထက် ၊

အေးတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲရှိ သွေးကြောလေးတွေကကျုံ့သွားပြီး သွေးလှည့်ပတ်မှု နည်းသွားတဲ့အတွက် ခြေဖျားလက်ဖျားအေးတာတွေ ဖြစ်ပါတယ်။ အခုလိုအေးချမ်းတဲ့ ဆောင်းရာသီမှာ နွေးထွေးတဲ့အဝတ်အစားတွေ ဝတ်ဆင်တာအပြင် ခန္ဓာကိုယ် မှ အပူဓာတ်တွေထွက်ပြီး အအေးဒဏ် ပိုမိုခံနိုင်ရည် ရှိလာစေဖို့ ဝစ်ကိုဆင်အခြေဆိုက် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့မှ ဒေါက်တာဂျွန်ဘရင်းက သူလေ့လာထားတဲ့အချက်အလက်တချို့ကို ပြောပြခဲ့ပါတယ်။

ခန္ဓာကိုယ်မှ အအေးဒဏ်ခံနိုင်ဖို့အတွက် သွေးလှည့်ပတ်မှုကောင်းမွန်ရန် အရေးအကြီးဆုံး ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှ အေးတဲ့နေရာလေးတွေကို နှိပ်နယ်ပေးတာမျိုးပြုလုပ်ပေးနိုင်ပါတယ်။ အစားအသောက်နေနဲ့ စပ်တဲ့အစားအသောက်တွေကို စားပေးတာက ခန္ဓာကိုယ်ကို နွေးလာစေနိုင်ပါတယ်။ ဆေးလိပ်ဟာ သွေးကြောတွေကို ကျဉ်းစေတဲ့ အတွက် ရှောင်သင့်ပါတယ်။ လူအများစုဟာ အေးတဲ့အချိန်မှာ ကော်ဖီပူပူလေးသောက်တတ်ပေမယ့် တကယ်တမ်းတော့ ကော်ဖီသောက်တာထက် သာမန်ရေများများ သောက်ပေးတာက သွေးလှည့်ပတ်မှုကို ပိုကောင်းစေပြီး ပိုပြီးအအေးဒဏ်ကို ခံနိုင်စေပါတယ်လို့ ဆိုပါတယ်။

အရမ်းအေးတဲ့အပြင်ကနေပြန်လာပြီး ဘယ်လိုလုပ်လုပ်ပြန်မနွေးလာဘဲ အေးမြဲအေးနေရင်၊ အေးတဲ့အချိန်တွေမှာ အရေပြားတွေ အရောင်ပြောင်းလာခဲ့ရင်တော့ နီးစပ်ရာ ဆရာဝန်နဲ့ ပြသသင့်ပါတယ်လို့ သတိပေးထားပါတယ်။

အဝတ်အစားအနေနဲ့ ကျပ်တဲ့အဝတ်တွေအစား ပွရောင်းတဲ့အဝတ်အစားတွေက ပိုမိုနွေးထွေးစေပါတယ်လို့ ပြောထားပါတယ်။ အရမ်းအေးတဲ့အခါ လက်အိတ်ခြေအိတ်တွေဝတ်ထားသင့်ပြီး ချည်၊ သိုးမွေးနဲ့ ပြုလုပ်ထားတဲ့ ထူထူထဲထဲနဲ့ လေခိုတဲ့နေရာများများပါတဲ့အဝတ်တွေဝတ်သင့်တယ်လို့ ဆိုပါတယ်။ ဂျာကင်အထူကြီး ဝတ်မယ့်အစား အနေတော်ရှပ်အင်္ကျီနဲ့ ခပ်ပွပွဆွယ်တာတစ်ထည်ထပ်ဝတ်တာက ပိုပြီးနွေးစေမှာဖြစ်တယ်လို့ဆိုပါတယ်။

စပ်တဲ့အစားအစာတွေဟာ သွေးကြောတွေကို ကျယ်စေပြီး သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ နှလုံးခုန်နှုန်းကိုလည်း မြန်လာစေပြီး ခန္ဓာကိုယ်အပူချိန်ကိုလည်း မြင့်လာစေပါတယ်။ ငရုတ်သီးတောင့်တွေမှာပါတဲ့ ဗီတာမင်အေနဲ့ စီကလည်း သွေးလှည့်ပတ်မှုကို များစွာအထောက်အကူပြုစေနိုင်ပါတယ်။

အေးတဲ့ရာသီတွေမှာ အဓိကရှောင်ရှားသင့်တဲ့ အရာတွေကတော့ နီကိုတင်း၊ ကဖီးနဲ့ အယ်လ်ကိုဟောတွေဖြစ်ပါတယ်လို့ ဒေါက်တာဂျွန်ဘရင်းက ပြောကြားထားပါတယ်။ နီကိုတင်းဓာတ်နဲ့ ကဖင်းဓာတ်တွေဟာ သွေးကြောကို ကျဉ်းစေပြီး သွေးလှည့်ပတ်မှုကိုနည်းစေတဲ့အတွက် ရှောင်သင့်ပါတယ်။ အရက်ဟာ ခန္ဓာကိုယ်ရေဓာတ်ကိုကျဆင်းစေပြီး သွေးလှည့်ပတ်မှုကိုနှောင့်ယှက်ပါတယ်။ လူအများစုက အရက်သောက်ရင် ခန္ဓာကိုယ်ပူနွေးလာတယ်လို့ ထင်နေတာဟာ အလွန်အန္တရာယ်များပါတယ်။ အမှန်က အရက်ဟာ ခန္ဓာကိုယ်အေးနေတယ်ဆိုတဲ့ အသိဉာဏ် ကို ပျောက်ပျက်နေစေတာဖြစ်ပြီး အမှန်တကယ် အအေးလျော့သွားတာ မဟုတ်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။

သွေးလှည့်ပတ်မှုကောင်းစေမယ့် အစိမ်းရောင် အသီးအရွက်တွေနဲ့ ငါးများများစားပေးပါ။ ကိုယ် လက်လှုပ်ရှားမှုပြုလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။
အေးတာနဲ့ဆက်စပ်ပြီး ခြေတွေ၊ လက်တွေမှာ အောင့်တာ၊ နာတာနဲ့ အရောင်ပြောင်းတာတွေဖြစ်လာပါက အေးခဲပြီး သွေးကြောပိတ်ဆို့မှုတွေဖြစ်တတ်တာကြောင့် နီးစပ်ရာဆရာဝန်နဲ့ပြသပါလို့ အကြံပြုထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top