Healthy Life Ad
International

ပိန်ချင်လွန်းသဖြင့်အစားလျှော့ရာက ကျန်းမာရေးထိခိုက်ခဲ့ရသည့် ထိပ်တန်းမော်ဒယ်လ်တစ်ဦး၏ဖြစ်ရပ်မှန်

မီမိုးမေ ၊(ဆေးဝါးတက္ကသိုလ်)

၁၉၈၁ခုနှစ်က ဗြိတိန်ခြေထောက်အလှဆုံးဆုကိုရရှိခဲ့သူ ထိပ်တန်းမော်ဒယ်လ် ပက်တီလော်ရန်းစ် (အခု အသက် ၅၇နှစ်)ဟာ မော်ဒယ်ဘဝက အစားအသောက်ဆိုင်ရာဝေဒနာ(Eating Disorder)ကို ခံစားခဲ့ရဖူးတယ်လို့ ဝန်ခံခဲ့ပါတယ်။

မော်ဒယ်လ်တစ်ဦးဖြစ်ဖို့ ဝလွန်းတယ်
ပက်တီ အသက် ၁၃နှစ်တုန်းက စတင်ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာတစ်ခုပါ။ သူမရဲ့ ချစ်သူကောင်လေးက အစားလျှော့စားနေတယ်၊ ဝက်ပေါင်ခြောက်ဆင်း ဒဝှစ်ချ်ကိုပဲ စားတယ်လို့ ပြောခဲ့တဲ့အခါ ပက်တီကလည်း ဒီနည်းကကောင်းတယ်လို့ ထင်ခဲ့မိပါတယ်။ အဲဒီအချိန်မှာ ပက်တီဟာ မော်ဒယ်လ်သင်တန်းတက်ဖို့လျှောက်ခဲ့ပြီးပြီ။ ဒါပေမဲ့ သူမရဲ့လက်ရှိကိုယ်အလေးချိန်က မော်ဒယ်လ်ဖြစ်ဖို့ ဝလွန်းတယ်လို့အပြော ခံခဲ့ရပါတယ်။

“ပင်ကိုခန္ဓာကိုယ်အချိုးအစားနဲ့ အရပ်အမောင်းပေါ်မူတည်ပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်ကျန်းမာအောင် ကြိုးစားသင့်ပါတယ်။ တချို့အမျိုးသမီးတွေက ပိန်သထက်ပိန်အောင်လုပ်နေကြပါတယ်။ ဒါက စိတ်ကိုရောခန္ဓာကိုယ်ကိုပါ ထိခိုက်အောင်လုပ်နေသလိုပါပဲ။”

“ကျွန်မ ဘယ်လိုဖြစ်သွားတယ်ဆိုတာ မသိတော့ဘူး။ ဒါပေမဲ့ အစားအသောက်တွေကို စားချင်စိတ်မရှိတော့ဘူး။ ကျွန်မဘာကိုမှ မစားဘဲနေခဲ့တယ်။ ကျွန်မအမေက ကျွန်မအတွက်စိတ်ပူပြီး ကြက်ဥပြုတ်တစ်လုံးကို စားဖို့တောင်းပန်တာကြောင့် ကြက်ဥပြုတ်ပဲ စားခဲ့တယ်။ ဒီလိုနဲ့ ဧပြီလကနေ ဇူလိုင်လအထိ အစားလျှော့စားခဲ့ပြီး ကိုယ်အလေးချိန်ကို ထိန်းခဲ့ပါတယ်” လို့ သူကပြောပြခဲ့ပါတယ်။

Vogue မဂ္ဂဇင်းမော်ဒယ်
ပက်တီရဲ့စိတ်ထဲမှာအစာလျှော့စားတာကြောင့် သူမရဲ့မော်ဒယ်လ်လမ်းကြောင်းက လမ်းစပွင့်လာတယ်လို့ ထင်ခဲ့ပါတော့တယ်။ မကြာခင်မှာ သူမဟာ Vogue မဂ္ဂဇင်းမော်ဒယ်လ်တစ်ဦးဖြစ်လာပြီး တခြားထိပ်တန်းမဂ္ဂဇင်းတွေမှာလည်း ပါဝင်ခွင့်ရှိခဲ့ပါတယ်။ နောက်ပိုင်း လန်ဒန်၊ အီတလီနဲ့ ပြင်သစ်တွေမှာ ကျင်းပတဲ့ မော်ဒယ်လ်ရှိုးတွေမှာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။

အေဂျင်စီကပေးသောဖိအား
အရပ်ငါးပေငါးလက်မရှိတဲ့ ပက်တီဟာ သေးသွယ်တဲ့မော်ဒယ်လ်တစ်ဦးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူရဲ့ရှည်လျားလှတဲ့ ခြေသလုံးတွေကြောင့် အရပ်ကပိုမြင့်သလိုထင်ရပါတယ်။ အေဂျင်စီက သူမရဲ့အသားအရေက ဆိုးရွားလှတယ်၊ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။

“ ဒီလိုပြောစကားက ကျွန်မအတွက် ဆန့်ကျင်ဘက်သက်ရောက်မှုဖြစ်စေပါတယ်။ ကျွန်မကို အစားအသောက်တွေ ပိုစားဖြစ်စေတယ်။ ကျွန်မကသေးသွယ်ပေမယ့် သန်စွမ်းတဲ့သူတစ်ဦးပဲ ဖြစ်ခဲ့ပါတယ်။ အခုလို ကိုယ်အလေးချိန်လျှော့ဖို့ အပြောခံရတာက ကျွန်မအတွက် အတော်စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်”လို့ ပက်တီက ဆိုပါတယ်။

မိခင်နာမကျန်းမှုကြောင့် ခံစားရခြင်း
“ အဲဒီအချိန်မှာပဲ မြောက်အိုင်ယာလန်က ကျွန်မအမေကို သွားကြည့်ဖို့ ဖြစ်လာပါတယ်။ အမေတစ်ယောက်တည်း နေမကောင်းဖြစ်ပြီး အတော်ပိန်နေပါတယ်။ ကျွန်မက ကျွန်မမိခင်နဲ့ယှဉ်လိုက်တော့ အတော်လေးဝနေတာကို တွေ့လိုက်ရတယ်။ ကျွန်မစိတ်ထဲ ကိုယ့်ခန္ဓာနဲ့ပတ်သက်ပြီး အပြစ်ရှိသလို၊ ရှက်ရွံ့သလို ခံစားမိပါတယ်။ အဲဒီအချိန်ကစပြီး အစားအသောက်တွေက ကျွန်မအတွက် ပြဿနာဖြစ်လာခဲ့ပါတယ်” လို့ ပက်တီကဆိုပါတယ်။

အစာအငတ်ခံကာ ပိန်သထက်ပိန်အောင်ကြိုးစား
“နောက်ပိုင်းမှာအစာကို လုံးဝမစားဘဲ နေဖြစ်ခဲ့တယ်။ ကျွန်မစားတဲ့ ပမာဏက မယုံကြည်နိုင်လောက်အောင်ကို နည်းပါးခဲ့ပါတယ်။ ကျွန်မဘဝမှာ အစားအသောက်ကို ပွဲလမ်းသဘင်တွေမှာတောင် အားရပါးရစားသောက်တယ်ဆိုတာမျိုး မရှိတော့ပါဘူး” လို့ ပက်တီက အစာလျှော့ခဲ့ပုံကို ရှင်းပြပါတယ်။

ပိန်သွယ်အောင် ဆွဲဆောင်တဲ့ နောက်ထပ်တွန်းအား
အီတလီဒီဇိုင်နာက သူမရဲ့အလုပ်မှာ ပက်တီကိုကမ်းလှမ်းခဲ့တဲ့အချိန်မှာ သူမဟာ ပိန်သွယ်လွန်းလို့ ရင်သားတောင် မရှိတော့ပါဘူး။ လေ့ကျင့်ခန်းလုပ်ရတာကိုလည်း စွဲလမ်းနေခဲ့ပါတယ်။

“ကျွန်မ ဒီလောက်အစားလျှော့၊ လေ့ကျင့်ခန်းတွေ လုပ်နေတာတောင် ဒီဇိုင်နာက ကျွန်မကဝလွန်းတယ်လို့ ဆိုခဲ့ပါသေးတယ်။ သူကကျွန်မကို ကုတ်အင်္ကျီလှန်းတဲ့ ချိတ်လောက်ကို ပိန်စေချင်နေပုံပါပဲ”

အစားလျှော့လွန်းတဲ့အတွက် ဆိုးကျိုး
အသက်၂၅နှစ်လောက်မှာ ပက်တီဟာ ဆယ်ကျော်သက်အရွယ်တွေလို ပိန်သွယ်ပါးလျတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ကျန်းမာရေးကလည်း ချို့တဲ့လာခဲ့ပါတယ်။ အသက် ၃၄နှစ်လောက်မှာတော့ ကိုယ်အလေးချိန်က တရစပ်လျော့ကျလာတာကို သတိပြုမိခဲ့ပြီး လုပ်နေကြအလေးမလေ့ကျင့်ခန်းတွေတောင် လုပ်နိုင်စွမ်းမရှိတော့ပါဘူး။

“မှန်ထဲမှာ ကျွန်မခန္ဓာကိုယ်ကို မြင်ရတဲ့အခါ ထိတ်လန့်တာမျိုးတောင်ဖြစ်မိပါတယ်။ ဒါငါမှဟုတ်ရဲ့လားလို့ တွေးမိတာအခါခါပါ။ ကျွန်မမတ်မတ် မရပ်နိုင်လောက်အောင်ကို ပိန်လွန်းနေပါတယ်။ အစားလျှော့လွန် ရောဂါလက္ခဏာတွေဖြစ်တဲ့ အလွန်အမင်းမောပန်းတာ၊ ရင်တုန်တာနဲ့ မလိုလားအပ်တဲ့ နေရာတွေမှာ အမွှေးအမှင်ပေါက်တာတွေ ဖြစ်လာပါ တယ်”

အဲဒီအချိန်မှာပဲ ပက်တီဟာ သူရဲ့ကျန်းမာရေး အတော်ဆိုးနေပြီလို့ သဘောပေါက်ခဲ့ပြီး အရင်တုန်းကလို လှပတဲ့ခန္ဓာကိုယ်ပြန်ရဖို့ ကြိုးစားရမယ်ဆိုတာ နားလည်လာပါတယ်။

“မှန်ထဲမှာ ကျွန်မခန္ဓာကိုယ်ကို မြင်ရတဲ့အခါ ထိတ်လန့်တာမျိုးတောင် ဖြစ်မိပါတယ်။ ဒါ ငါမှဟုတ်ရဲ့လားလို့ တွေးမိ တာအခါခါပါ။ ကျွန်မ မတ်မတ်မရပ်နိုင်လောက်အောင်ကို ပိန်လွန်းနေပါတယ်။”

ကျန်းမာအောင် ကောင်းအောင် ပြန်လည်ကြိုးစားရပြီ
အစားလျှော့လွန်တာကြောင့်ဖြစ်တဲ့ သူမရဲ့ကျန်းမာရေးအခြေအနေကို ပြန်လည်ကုစားဖို့ လိုအပ်နေပြီဆိုတာ ပက်တီသိသွားတာကြောင့် စိတ်ကျန်းမာရေးအကြံပေးသူတစ်ဦးနဲ့ တွေ့ဆုံပြီး အထီးကျန်တဲ့ စိတ်ခံစားချက်တွေကို ကျော်လွှားဖို့ အားထုတ်ခဲ့ပါတယ်။ လူမှုရေးအလုပ်တွေကို တတ်နိုင်သမျှလုပ်ဆောင်ခဲ့ပါတယ်။

“အခုတော့ ကျွန်မဟာ စိတ်ဖိစီးမှုထိန်းချုပ်ရေးသင်တန်းတွေကို ပေးနိုင်သူတစ်ဦးဖြစ်လာခဲ့ပါပြီ။ တက်သစ်စမော်ဒယ်လ်တွေရဲ့ နည်းပြအဖြစ် ဆောင်ရွက်နေသလိုလူမှုအဖွဲ့အစည်းတွေအတွက် ဖက်ရှင်ရှိုးတွေကိုလည်း စီစဉ်ဆောင်ရွက်နေပါတယ်။ ဒါ့ အပြင် အသက်ကြီးသူတွေအတွက် အေရိုးဗစ်သင်တန်းကိုလည်းပေးပါသေးတယ်” လို့ ပက်တီကဆိုပါတယ်။

“အခုတော့ ကျွန်မပျော်နေပါပြီ။ အစားအသောက်ကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်တာမှန်သမျှ စားပါတယ်”

ပက်တီဟာ အခုအခါမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ရရှိနေပြီဖြစ်ပြီး ကြံ့ခိုင်သန်စွမ်းတဲ့ ကိုယ်နေဟန်ထားရှိနေပါပြီ။

“ပင်ကိုခန္ဓာကိုယ်အချိုးအစားနဲ့ အရပ်အမောင်းပေါ်မူတည်ပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်ကျန်းမာအောင် ကြိုးစားသင့်ပါတယ်။ တချို့အမျိုးသမီးတွေက ပိန်သထက်ပိန်အောင် လုပ်နေကြပါတယ်။ ဒါက စိတ်ကိုရော ခန္ဓာကိုယ်ကိုပါ ထိခိုက်အောင် လုပ်နေသလိုပါပဲ။ ဒါကြောင့် အလွန်အမင်း အစားလျှော့တာမျိုးကို လုံးဝမလုပ်သင့်ဘူးဆိုတာကို လူတွေကို သိစေလိုပါတယ်” လို့ ထိပ်တန်း မော်ဒယ်လ်ဟောင်း တစ်ဦးဖြစ်ခဲ့သူ ပက်တီလော်ရန်းစ်က သူ့အဖြစ်အပျက်ကို နမူနာပြပြီး ပြောပြခဲ့ပါတယ်။

(Ref;netdoctor.co.uk)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top