Healthy Life Ad
International

ကင်ဆာအကျိတ်ကြောင့် ခြေထောက်အရင်းမှ ဖြတ်လိုက်ရသော ကောင်လေး

၊ ကိုထက် ၊

အသက်၂၀အရွယ်ရှိ မက်သရူးကင်းဟာ ၂၀၁၄ ခုနှစ်မှစပြီး သူရဲ့ ခြေထောက်နာကျင်တဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ်။ နာကျင်လွန်းတဲ့အတွက် ညတွေကို အိပ်လို့မရဘဲ ငိုကြွေးနေခဲ့ရတယ်လို့ ဆိုပါတယ်။ သူဟာ ဆရာဝန်တွေနဲ့ အကြိမ်ကြိမ်သွားရောက်ပြသပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမယ့် ဆရာဝန်တွေက ကြွက်သားနာကျင်တာဖြစ်တယ်ဆိုပြီး ဆေးတွေ ပေးခဲ့ပါတယ်။

ဒီလိုနဲ့ ၂၀၁၇ ခုနှစ် မတ်လမှာ သူ့ရဲ့ညာခြေထောက်ကျိုးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ဆရာဝန်တွေဟာ အလွန်လေးလံပြီး လိမ္မော်သီးအရွယ်ခန့်ရှိတဲ့ အကျိတ်ကြီးကို ပေါင်နားမှာ တွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒီအချိန်ကျမှ ပိုမိုကောင်းမွန်တဲ့ ဆေးရုံကြီးသို့ ကင်းကိုပို့ဆောင်ပြီး စစ်ဆေးမှုတွေပြုလုပ်ချိန်မှာတော့ အလွန်ကိုရှားပါးပြီး လူငယ်အရွယ်တွေမှာသာဖြစ်နိုင်ခြေရှိတဲ့ ကင်ဆာအကျိတ်တစ်မျိုး ဖြစ်နေတာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ ကင်းရဲ့ ကင်ဆာအကျိတ်ဟာ သာမန်တွေ့နေကျ အကျိတ်ထက် ၃ ဆခန့်အရွယ်အစားပိုကြီးနေတဲ့အတွက် ခြေထောက်တစ်ခုလုံးကို ဖြတ်ပစ်ဖို့ လိုအပ်တယ်လို့ ဆရာဝန်တွေက ချက်ချင်းဆုံးဖြတ်ခဲ့ကြပါတယ်။

ကင်းကို ဦးစွာကင်ဆာဆေးသွင်းကုထုံးတွေ ပြုလုပ်ပေးခဲ့ကြပြီး ၂၀၁၈ သြဂုတ်လမှာ ခြေထောက်ဖြတ်တောက်ခွဲစိတ်မှုကို ပြုလုပ်ခဲ့ကြပါတယ်။ ခွဲစိတ်မှုဟာ အလွန်ခက်ခဲခဲ့ပြီး ၁၄ နာရီ ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။

“ဆရာဝန်တွေက ခြေထောက်ဖြတ်ရမယ်လို့ ပြောတုန်းက ကြောက်သွားတာ၊ လန့်သွားတာတွေ မဖြစ်ခဲ့ပါဘူး၊ ခြေထောက်ဖြတ်ပြီးကာစမှာတော့ ကိုယ့်ခြေထောက်ကို အာရုံခံစားလို့မရတော့တဲ့ စိတ်ခံစားချက်ကြီးတွေတော့ ဖြစ်ခဲ့ပါတယ်၊ ခြေထောက်တုနဲ့ လမ်းလျှောက်ဖို့လည်း ၅ လလောက်လေ့ကျင့်ခဲ့ရတယ်၊ ကင်ဆာဆေးသွင်းကုသချိန်ကသာ အရမ်းကို ခံရခက်ပါတယ်၊ မစားနိုင်၊ မသောက်နိုင်ဖြစ်ပြီး ကျောက်ကပ်ပိုးဝင်တာတွေလည်း ခံစားခဲ့ရပါတယ်” လို့ ကင်းကပြောပြခဲ့ပါတယ်။

“ကျွန်တော် နှစ်အတော်ကြာအောင် နာကျင်တဲ့ဒဏ်တွေခံခဲ့ရပါတယ်၊ ကျွန်တော်လုပ်ချင်တဲ့စက်ဘီးစီးတာ၊ ဘောလုံးကန်တာတွေလည်း မလုပ်ခဲ့ရပါဘူး၊ ကျွန်တော် ဆရာဝန်နဲ့ပြတိုင်း ဘာလို့ဒီလိုဖြစ်နေတာလဲဆိုတာ ခဏခဏမေးခဲ့ပါတယ်၊ ဒီထက်ပိုပြီး ထိရောက်တဲ့ စစ်ဆေးမှုတွေသာပြုလုပ်နိုင်ခဲ့ပြီး စောစောစီးစီးသိရမယ်ဆိုရင် ခြေထောက်တစ်ဖက်လုံးတော့ဆုံးရှုံးမယ် မထင်ဘူး”လို့ကင်းက ပြောခဲ့ပါသေးတယ်။

အခုဆို ကင်းဟာ ပြန်လည်ကျန်းမာလာနေပြီဖြစ်ပြီး တက္ကသိုလ်တက်ဖို့ စီစဉ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ သူဟာ ခြေထောက်တုနဲ့ သွားလာရတော့မယ်ဆိုပေမယ့် ရှက်နေ၊ကြောက်နေမှာမဟုတ်ဘူးလို့ဆိုပါတယ်။ လူဆိုတာ အချိန်မရွေး နေရာမရွေး မမျှော်လင့်ထားတာတွေ ဖြစ်နိုင်တယ်ဆိုတာကို သိထားတဲ့အတွက် အချိန်ရှိတုန်းမှာ ဖြစ်ချင်တာတွေကို ကြိုးစားသွားမယ်လို့လည်း ကင်းကပြောခဲ့ပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top