Healthy Life Ad
International

တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာရနေသည့် America’s Got Talent အဆိုရှင်အား ခွဲစိတ်ပြုပြင်မှုများ ပြုလုပ်ပေးလျက်ရှိ

၊ ကိုထက် ၊

အဆိုပါရမီရှင်တစ်ဦးဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ လူကြိုက်များတဲ့ America’s Got Talent ပြိုင်ပွဲမှာ နောက်ဆုံးအဆင့်ထိ ယှဉ်ပြိုင်နိုင်ခဲ့သူ အသက် ၂၉ နှစ်အရွယ် ကီချီဟာ ခန္ဓာကိုယ်တစ်ခုလုံးနီးပါး မီးလောင်ဒဏ်ရာတွေရှိနေခဲ့သူ ဖြစ်ပါတယ်။ ဒါအပြင် သူဟာ လက်မောင်းတွေ၊ လည်ပင်းတွေလည်း ကောင်းကောင်းမလှုပ်ရှားနိုင်သလို မျက်လုံးလည်း ကောင်းကောင်းမပိတ်နိုင်ပါဘူး။ အခုအခါမှာတော့ သူရဲ့ဘဝကို ပြောင်းလဲသွားစေမယ့် ခွဲစိတ်ပြုပြင် ကုသမှုတွေခံယူနေပြီလို့ သိရပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံသား ကီချီဟာ သူ့အသက် ၁၆ နှစ်အရွယ်မှာ ကျောင်းအတန်းဖော် ၆၀ ဦးနဲ့အတူ အဘူဂျာမြို့မှ ပေါ့ဟာကောင့်သို့ လေယာဉ်နဲ့ သွားလာစဉ် လေယာဉ်ပျက်ကျခဲ့ပါတယ်။ ပျက်ကျခဲ့တဲ့ လေယာဉ်မှာ စုစုပေါင်းခရီးသည် ၁၀၉ ဦး ပါဝင်ခဲ့ပြီး ၇ ဦးကိုသာ ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့ကြပါတယ်။ အ ထူးဂရုစိုက်ကုသမှုတွေ ပြုလုပ်ပေးခဲ့ကြပေမယ့် နှစ်ယောက်သာ အသက်ဆက်နိုင်ခဲ့ပါတယ်။ ကီချီက အသက်ဆက်ရှင်သန်နိုင်ခဲ့သူတစ်ဦးဖြစ်ပြီး သူ့ခန္ဓာကိုယ်ရဲ့ ၆၅ ရာခိုင်နှုန်းခန့်ဟာ မီးလောင်ဒဏ်ခံခဲ့ရပါတယ်။

သူဟာ ပါးစပ်၊ မျက်လုံးတွေကအစ ခန္ဓာကိုယ်တစ်ခုလုံး ပြန်လည်လှုပ်ရှားမှုပြုလုပ်နိုင်စေဖို့ ခွဲစိတ်ကုသမှုပေါင်း ၁၀ဝ ကျော်ပြုလုပ်ခံယူခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူဟာ ခန္ဓာကိုယ်ရော စိတ်ပိုင်းဆိုင်ရာမှာရော နာကျင်မှုဝေဒနာတွေတော့ ခံစားနေရတုန်းပဲဖြစ်ပါတယ်။ သူ့မျက်လုံးတစ်ဖက်ဟာ ပိတ်လို့မရသေးပါဘူး၊ နားတစ်ဖက်ကလည်း ပုံစံ ပျက်စီးနေတုန်းပါပဲ။ လက်မောင်းတွေကိုလည်း ကောင်းကောင်းမမြောက်နိုင်သလို လည်ပင်းကိုလည်း ညာဖက်ကို လှည့်လို့မရပါဘူး။

ဒီလိုခက်ခဲတဲ့ ဘဝကြီးကို ဖြတ်သန်းဖို့အတွက် သူ့ကို သီချင်းတွေက တွန်းအားပေးခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ငယ်ငယ်လေးထဲက သီချင်းဆိုရတာကို ဝါသနာပါသူဖြစ်ပြီး ဆေးရုံမှာ ကိုမာဝင်ပြီး သတိမေ့မျောနေချိန်မှာလည်း ကီချီရဲ့ မိခင်ဖြစ်သူက သူကြိုက်တဲ့ သီချင်းတွေကို တစ်ချိန်လုံးဖွင့်ပေးထားတယ်လို့ လည်းသိရပါတယ်။ သူဟာ ၂၀၁၇ခုနှစ် အတွင်း ကျင်းပတဲ့ ဆယ့်နှစ်ကြိမ်မြောက် America’s Got Talent ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒိုင်လူကြီးတွေနဲ့ ပရိတ်သတ်တွေသဘောကျနိုင်အောင် သီဆိုယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ဒီလိုနောက်ဆုံးအဆင့်ထိရောက်အောင် ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ကီချီကို တီဗွီအစီအစဉ်ကျင်းပသူတွေက ဆက်သွယ်ခဲ့ပြီး လိုအပ်တဲ့ နောက်ထပ်ကုသမှုတွေကို အထူးကျွမ်းကျင်တဲ့ခွဲစိတ် ဆရာဝန်ကြီးတွေနဲ့ ကုသပေးဖို့စီစဉ်ခဲ့ကြပါတယ်။

ကီချီဟာစိတ်ဓာတ်အလွန်ခိုင်မာသူတစ်ဦးဖြစ်ပြီး သူတက်ရောက်ခဲ့တဲ့ကျောင်းတွေမှာ စိတ်ဓာတ် ခွန်အားပေးစကားဝိုင်းတွေမှာ ဝင်ရောက်ပြောကြားခဲ့ပါတယ်။ သူ့ကို လန်ဒန်မှ စိတ်ဓာတ်ခွန်အားပေးစကားတွေ ပြောကြားပေးဖို့ ဖိတ်ခေါ်ခြင်းတွေလည်း ခံခဲ့ရတယ်လို့သိရပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရရှိလာခဲ့ပြီးနောက် သူရဲ့အိပ်မက်ဖြစ်တဲ့ အဆိုတော်ဖြစ်ဖို့လည်း ကြိုးစားခဲ့တာဖြစ်ပါတယ်။ “အောင်မြင်ဖို့အဓိကလိုတာကတော့ ကြိုးစားဖို့ပါပဲ။ မကြိုးစားကြည့်ဘဲနဲ့တော့ အောင်မြင်လာမှာ မဟုတ်ပါဘူး။ ကျွန်မကိုယ်တွေ့ အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်”လို့ ကီချီကပြောပြခဲ့ပါတယ်။

ပထမဦးဆုံးအနေနဲ့ မျက်နှာနဲ့ လည်ပင်းတွေကို ၄နာရီကြာ ခွဲစိတ်ပြုပြင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ နောက်တစ်ကြိမ်မှာ သူမျက်လုံးပိတ်နိုင်ဖို့ မျက်ခမ်းတွေနဲ့ပါးပြင်တွေကို ကြည့်ကောင်းစေဖို့ ပြုပြင်ပေးခဲ့ကြပါတယ်။ အခုဆိုရင် ကီချီဟာ မျက်လုံးလည်း ပိတ်နိုင်ပြီဖြစ်ပြီး လည်ပင်းလည်း လှည့်လို့ရနေပါပြီ။ နောက်ထပ်အစီအစဉ်အနေနဲ့ သူရဲ့လက်မောင်းတွေ အပြည့်အဝလှုပ်ရှားနိုင်အောင် ပြုပြင်ခွဲစိတ်မှုပြုလုပ်မှာဖြစ်ပြီး တခြားတင်းကျပ်ပြီး မလှုပ်ရှားနိုင်တဲ့ ကြွက်သားနေရာတွေကို ဖြေလျှော့ပေးတာတွေ လုပ်သွားမှာဖြစ်ပါတယ်။ အစီအစဉ်တွေက လအတန်ကြာဒါမှမဟုတ် တစ်နှစ်လောက်ကို ကြာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ အခုအချိန်မှာကို နေလို့ထိုင်လို့ အလွန်ကောင်းမွန်နေပြီလို့ ကီချီကပြောပြခဲ့ပါသေးတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top