Healthy Life Ad
International

၃ လခြားတစ်ခါ ခွဲစိတ်မှုခံယူရင်း ဓာတ်မတည့်မှု ဇာစ်မြစ်ရှာဖွေနေရသည့် ၁၁ နှစ်အရွယ်ကလေးငယ်

၊ ကိုထက် ၊

အသက် ၁၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကမ်လတ်ဟာ အလွန်ရှားပါးတဲ့ ဝေဒနာတစ်မျိုးကြောင့် သုံးလတစ်ခါ ခွဲစိတ်မှုခံယူနေရပါတယ်။ သူဟာ အစားအသောက်တစ်မျိုးကြောင့် အလွန်ပြင်းထန်တဲ့ ဓာတ်မတည့်မှုခံစားနေရပါတယ်။ သူဟာ ဓာတ်မတည့်တဲ့ အစာတစ်မျိုးကိုစားပြီးနောက် အလွန်ပြင်းထန်တဲ့အက်ဆစ်ဓာတ်တွေကို အန်ထုတ်တတ်ပြီး ဒီအက်ဆစ်တွေကြောင့် သူရဲ့လည်ချောင်းတစ်လျှောက် ထိခိုက်ဒဏ်ရာတွေ ရရှိနေပါတယ်။

ဘယ်အစားအသောက်က သူ့ကို ဒီလောက်ထိ ဆိုးဆိုးဝါးဝါးဖြစ်စေလဲဆိုတာကို မသိနိုင်ဘဲဖြစ်နေကြပြီး နောက်ဆုံးအနေနဲ့ စမ်းသပ်နည်းတစ်နည်းသာ ကျန်ပါတော့တယ်။ ဒါကတော့ ဆရာဝန်တွေဟာ အစားအစာအုပ်စုတွေခွဲလိုက်ပြီး ဒီထဲကအစားအစာ တစ်မျိုးတည်းကိုသာ ၃လ စားရပါတယ်။ တခြားဘာကိုမှမစားရပါဘူး။ ဒီလို စားပေးပြီးနောက် ၃ လကြာတဲ့အခါ ဆရာဝန်တွေက ကောင်လေးရဲ့ အစာပြွန်ကိုခွဲစိတ်ပြီး စားလိုက်တဲ့အစာက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်ပျက်စီးမှုရှိစေလားဆိုတာကို စစ်ဆေးမှာဖြစ်ပါတယ်။ အဲဒီနောက် နောက်ထပ်အစာတစ်မျိုးကို ထပ်မံစမ်းသပ်မှာဖြစ်ပြီး အစာအုပ်စု အမျိုးအစားစုံအောင် စစ်ဆေးရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီပုံစံအတိုင်းစစ်မှာဖြစ်ပြီး အချိန်ကာလ စုစုပေါင်း ၅ နှစ်ခန့်ကြာမယ်လို့ သိရပါတယ်။

ကမ်လတ်ဟာ ၄ နှစ်သားအရွယ်ထဲက ဒီဝေဒနာတွေခံစားနေရတာဖြစ်ပြီး အစာမျိုရခက်ခဲတာနဲ့ ကြို့ထိုးတာတွေဖြစ်နေတတ်တယ်လို့ မိခင်ဖြစ်သူက ပြောပြခဲ့ပါတယ်။ ၂၀၁၆မှာတော့ ကမ်လတ်ဟာ မကြာခဏအန်နေပြီး ရင်ဘတ်ထဲမှာ အလွန်ခံရခက်နေတယ်လို့ပြောလာတဲ့အတွက် ဆရာဝန်ကို ပြသရာမှ နာတာရှည် ဓာတ်မတည့်မှုဝေဒနာကြောင့် အစာရေမျိုပြွန်ကို လောင်ကျွမ်းစေတဲ့ရောဂါဖြစ်နေကြောင်း သိရှိခဲ့ရတာဖြစ်ပါတယ်။ ဒီလို နာတာရှည် ဓာတ်မတည့်မှုရောဂါဟာ အမေရိကန်နိုင်ငံမှာ လူတစ်သောင်းအနက် ၁ ယောက်မှ ၄ ယောက်ရှိခံစားလျက်ရှိပြီး အများစုကတော့ မပြင်းထန်တဲ့ ဝေဒနာပဲခံစားကြရတယ်လို့ သိရပါတယ်။

ကမ်လတ်ဟာ ဒီရောဂါကို မွေးကတည်းကပါလာတာဖြစ်ပြီး နှစ်အတော်ကြာအောင် ကိုယ်တွင်းမှာ အက်စစ်တွေစုနေခဲ့ပါတယ်။ ဒီအက်စစ်တွေကြောင့် အာရုံကြောတချို့ထိခိုက်ပြီး သူ့ကိုယ်သူ ကြို့ထိုးနေမှန်းမသိဖြစ်နေပါတယ်။ အဓိက အုပ်စု ၈မျိုးဖြစ်တဲ့ ဂျုံ၊ နို့၊ ဥ၊ ပဲ၊ မြေပဲ၊ အခွံမာစေ့၊ ငါးနဲ့ ပုဇွန် အမျိုးအစားတွေကို စတင်စမ်းသပ်မှာဖြစ်ပြီး တစ်ခါခွဲစိတ်မှုပြုရင် နေရာ ၁၇နေရာခန့်မှ အသားစယူစစ်ဆေးပြီး အစာအိမ်၊ အစာရေမျိုပြွန်နဲ့ တချို့နေရာတွေကို ခွဲစိတ်စစ်ဆေးမှာဖြစ်ပါတယ်။ အခုတော့ ကမ်လတ်ဟာ ဂျုံအစားအသောက်တွေကိုစစ်ဆေးပြီး ဓာတ်မတည့်မှုမရှိကြောင်း သိရတဲ့အတွက် သူဟာ ပေါင်မုန့်တွေ၊ ဘီစကွတ်တွေကို ရှောင်စရာမလိုတော့ဘူးဆိုတာကို သိလိုက်ရပြီဖြစ်ပါတယ်။ နောက်တစ်ခါမှာ ဥတွေကို စမ်းသပ်မှာဖြစ်ပါတယ်။ အကြောင်းကတော့ ကမ်လတ်ဟာ မနက်စာ ကြက်ဥကြော်ကို စားချင်နေပြီဖြစ်လို့ပါလို့ အမေဖြစ်သူ လင်ဒါက ပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top