Healthy Life Ad
International

အာသီးရောင်တယ်လို့ ထင်နေရာမှ သိုင်းရွိုက်ကင်ဆာဖြစ်နေခဲ့သူ

၊ ကိုထက် ၊

အမျိုးသမီးတစ်ယောက်က လည်ချောင်းနာပြီး အာသီးရောင်ဝေဒနာခံစားနေရသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ သိုင်းရွိုက်ကင်ဆာ ဖြစ်နေခဲ့ကြောင်းကို တခြားသူတွေပါ သတိထားနိုင်စေဖို့ အမျိုးသမီးကျန်းမာရေးအဖွဲ့ ဟောပြောပွဲတစ်ခုမှာ ပြောပြခဲ့ပါတယ်။

သူကိုယ်ဝန်ဆောင်နေချိန်ကတည်းက လည်ချောင်းနာပြီး အာသီးရောင်တဲ့ ဝေဒနာကိုခံစားနေတာဖြစ်ပါတယ်။ ဒီလိုဖြစ်နေတာ နှစ်ပတ်လောက်ကြာနေခဲ့ပါတယ်။ ကလေးမွေးပြီး နောက်ပိုင်းထိ မသက်သာဘဲ လည်ပင်းမှာ အကျိတ်လေးစမ်းမိတဲ့အတွက် ဆေးခန်းသွားပြခဲ့ပါတယ်။

“သွားတုန်းက သာမန်ပဋိဇီဝပိုးသတ်ဆေးလေးသောက်ပြီး ပျောက်သွားမယ့်အတွေးနဲ့သွားခဲ့ပြီး တကယ်ဖြစ်နေတာက သေနိုင်လောက်တဲ့ ရောဂါဖြစ်နေတော့ အရမ်းကိုတုန်လှုပ်သွားတယ်၊ ငါသေရတော့မယ်၊ အခုမှမွေးထားတဲ့ ငါ့သားလေးကို ဘယ်လိုထားခဲ့ရပါ့မလဲလို့တွေးပြီး ဝမ်းနည်းခဲ့မိပါတယ်”လို့ သူက ပြောပြခဲ့ပါတယ်။
သူ့ကိုစစ်ဆေးပေးတဲ့ ဆရာဝန်ကလည်ပင်းအကျိတ်ရောင်နေတာကို မသင်္ကာဖြစ်ခဲ့ပြီး ဓာတ်မှန်ရိုက်စစ်ဆေးခိုင်းခဲ့ပါတယ်။ ဆရာဝန်ထင်ထားတဲ့အတိုင်းပဲ သူမဟာ သိုင်းရွိုက်ကင်ဆာ အဆင့် ၄ ဖြစ်နေခဲ့ပါပြီ။ ဘေ့စ်ဘော ဘောလုံးအရွယ်ရှိနေတဲ့ ကင်ဆာအကျိတ်ကြီးဟာ လည်ချောင်းနဲ့ အသံအိုးတွေကို ထိကပ်နေပါပြီ။ ကင်ဆာဆဲလ်တွေ ပြန့်ပွားလာရင် အသက်အန္တရာယ်ပိုရှိနိုင်တာကြောင့် ခွဲစိတ်မှုပြုလုပ်ပြီး ကင်ဆာအကျိတ်တွေကို ဖယ်ထုတ်ခဲ့ပါတယ်။ ဆယ်ရက်တိုင်တိုင်အထူးကြပ်မတ် စောင့်ရှောက်မှုပေးခဲ့ပြီး ကင်ဆာဆေးသွင်းကုထုံးကိုခံယူခဲ့ပါတယ်။ ကုသနေချိန်မှာ သူဟာ အသံမထွက်နိုင်၊ စကားမပြောနိုင်ခဲ့ဘူးလို့ သိရပါတယ်။
အချိန် ၃ နှစ်ခွဲကျော်ကြာမှသာ သူဟာ စိတ်ချရတဲ့အခြေအနေအကို ရရှိခဲ့တာဖြစ်ပြီး ကင်ဆာ အကျိတ်သေးသေးလေးတွေ ကျန်ရှိနေသေးတဲ့အတွက် ၆ လတစ်ကြိမ် စစ်ဆေးမှုတွေ အမြဲပြု လုပ်ပေးနေရပါသေးတယ်။ ဒီအကျိတ်တွေထပ်မကြီးလာသရွေ့ သူ့အခြေအနေဟာ စိတ်ချနေရတဲ့ အခြေအနေဖြစ်တယ်လို့ သူရော ဆရာဝန်ကရော ခံယူထားကြပါတယ်။

အနောက်နိုင်ငံတွေမှာ သိုင်းရွိုက်ကင်ဆာဟာ ဖြစ်နှုန်းအရမ်းမများဘဲ တစ်နှစ်လျှင်ပျမ်းမျှ လူ ၃၄၀ဝ ဦးခန့်သာ တွေ့ရှိရတဲ့အတွက် စစ်ဆေးမှုနောက်ကျလေ့ရှိတတ်ပါတယ်။ သိုင်းရွိုက်ကင်ဆာလက္ခဏာတွေဖြစ်တဲ့ လည်ပင်းမှာ အလုံး အကျိတ်တွေစမ်းမိတာ၊ အသံကွဲအသံအက်နေတာ၊ လည်ချောင်းနာပြီး အစာမျိုရခက်ခဲတာ၊ မကြာခဏ ဝမ်းပျက်ဝမ်းလျှောတာတွေဖြစ်ပြီး ၃ ပတ်ကျော်ကြာ မပျောက်ကင်းရင် ဆေးရုံ၊ ဆေးခန်းတွေမှာပြသပြီး သိုင်းရွိုက်စစ်ဆေးကြည့်သင့်တယ်လို့ ထုတ်ပြန်ထားပါတယ်။

(Ref;Dailystar)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top