Healthy Life Ad
Health Tips

သိုင်းရွိုက်ကင်ဆာကို အနိုင်ယူခဲ့သည့် ကမ္ဘာကျော်မင်းသမီး ဆိုဖီယာဗာဂရာ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ကိုလံဘီယာ-အမေရိကန်မင်းသမီးနဲ့ မော်ဒယ်ဖြစ်သူ ဆိုဖီယာဟာ ၂၀ဝ၀ ပြည့်နှစ်က သိုင်းရွိုက်ကင်ဆာ ခံစားခဲ့ရပြီး  ခွဲစိတ်ကုသမှု၊ ဆေးကုသမှုနဲ့ နောက်ပိုင်းဆေးစစ်ဆေးမှုများစွာကို စနစ်တကျ လုပ်ခဲ့ရပါတယ်။ ဒီနေ့မှာတော့ ကင်ဆာကို အနိုင်ယူခဲ့နိုင်တဲ့ ဆိုဖီယာဟာ ဇာတ်ကားသစ်များစွာမှာ ပါဝင်သရုပ်ဆောင်ပြီး အောင်မြင်မှုတွေ ရရှိနေပြီ ဖြစ်ပါတယ်။ သူနဲ့တွေ့ဆုံ မေးမြန်းမှုအစီအစဉ်ကို Health.com က ပြုလုပ်ခဲ့ရာ အောက်ပါအတိုင်း ဖြေကြားခဲ့ပါတယ်။

စစချင်းတုန်းက ဒီကင်ဆာဖြစ်တာကို လျှို့ဝှက်ချက်တစ်ခုလို ထိန်းသိမ်းထားခဲ့တယ်နော်။ ဘာကြောင့်ပါလဲ။

ကျွန်မအနေနဲ့ မီဒီယာတွေရဲ့ အာရုံစိုက်မှုကို မလိုချင်ခဲ့လို့ပါ။ ကင်ဆာဖြစ်တယ်ဆိုတာကလည်း ပျော်စရာကောင်းတဲ့ ကိစ္စမဟုတ်ဘူးလေ။ တကယ်လို့ ရှင့်မှာသာ ကင်ဆာရောဂါရှိခဲ့ရင် တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံမှုတောင် လုပ်ချင်မှာမဟုတ်ပါဘူး။

ကင်ဆာဖြစ်တယ်ဆိုတာကို ဘယ်လိုသိခဲ့ပါသလဲ။

အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ မျိုးရိုးရှိတာကြောင့် ကျွန်မသားလေးကို ကျန်းမာရေးစစ်ဆေးမှုလုပ်ဖို့ ဟော်မုန်းအထူးကု ဆရာဝန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆရာဝန်က ကျွန်မကိုပါ ကျန်းမာရေး စစ်ဆေးခိုင်းခဲ့တာကြောင့် လည်ပင်းမှာ အကျိတ်အဖုရှိတာကို တွေ့ခဲ့ရတာပါ။

“ကင်ဆာဖြစ်တဲ့ အခြေအနေကနေ သင်ခန်းစာတွေ အများကြီးရခဲ့ပါတယ်။ ဦးစားပေးရတဲ့ အရာတွေကို ပြောင်းလဲခဲ့ရတယ်” . . .

အဲဒီလို သိလိုက်ရတဲ့အခါမှာ ဘယ်လိုခံစားခဲ့ရပါသလဲ။

ကျွန်မမှာ ဘာလက္ခဏာမှ မခံစားခဲ့ရပါဘူး။ ဒါကြောင့် သိုင်းရွိုက်ဂလင်းကို ထုတ်မယ်ဆိုတဲ့ အချက်ကို လက်မခံချင်ခဲ့ပါဘူး။ ခွဲစိတ်မှုကလည်း အန္တရာယ်များတယ်လေ။ တကယ်လို့ ဆရာဝန်ကသာ ခွဲစိတ်ရင်း မတော်တဆ အမှားတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် အသံဆုံးရှုံးသွားနိုင်သလို မျက်နှာလှုပ်ရှားမှုလည်း ထိခိုက်သွားနိုင်ပါတယ်။ ဒါပေမဲ့ ခွဲစိတ်ကုသမှုကို ကျွန်မခံယူခဲ့ပါတယ်။

အခုကစပြီး သိုင်းရွိုက်ဟော်မုန်းကို တစ်သက်လုံး မှီဝဲရတော့မှာလား။

ဟုတ်ပါတယ်။ နံနက်တိုင်း Synthyroid ဆေးလုံးတစ်လုံးကို သောက်ရပါတယ်။ ဒီဆေးက ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ထိန်းချုပ်ပေးပြီး လိုအပ်တဲ့ ဟော်မုန်းအတိုင်းအတာကို ပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်းက ပုံမှန်မဟုတ်ရင် ကိုယ်အလေးချိန်ကျတာနဲ့ တက်တာ၊ ဆံပင်ကျွတ်တာနဲ့ တခြားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးထဲမှာ သိုင်းရွိုက်ဟော်မုန်းအဆင့်က ဘယ်လောက်လဲဆိုတာသိအောင် သုံးလကြာတိုင်း သွေးစစ်ဆေးမှုကို ခံယူရပါတယ်။

တကယ်တော့ ကျွန်မကံကောင်းခဲ့တာပါ။ အမျိုးသမီးအများစုက ကင်ဆာဖြစ်ရင် နောက်ကျမှသိရတာကြောင့် ကုသမှုက အပြည့်အဝ မအောင်မြင်တာမျိုး ဖြစ်တတ်ပါတယ်။

ကင်ဆာဆေးသွင်းကုသမှု ဒါမှမဟုတ် ဓာတ်ရောင်ခြည်နဲ့ ကုသမှုကိုရော ခံယူရသေးလား။

ခွဲစိတ်ပြီးတဲ့အခါမှာ ကင်ဆာဆဲလ် အနည်းငယ် ကျန်ခဲ့တာကြောင့် အိုင်အိုဒင်းဓာတ်ရောင်ခြည် ကုသမှုကို ခံယူရပါတယ်။ ဒါက သိပ်တော့မဆိုးပါဘူး။ ဒါပေမဲ့ တခြားလူတွေနဲ့ ရက်နည်းနည်းတော့ မတွေ့ရပါဘူး။

ဆေးကုသမှုပြီးတော့ ဘယ်လိုခံစားရသလဲ။

စစချင်းမှာ လည်ပင်းက အရမ်းထိလွယ်ခိုက်လွယ် ဖြစ်နေပါတယ်။ လည်ပင်းကို ကောင်းကောင်း လှုပ်ရှားမှုလုပ်လို့ မရသလို နှစ်လလောက်ကြာတဲ့အထိ ကားမောင်းလို့လည်း မရခဲ့ပါဘူး။ လည်ပင်းမှာ အမာရွတ်ထင်နေတာကြောင့် နည်းအမျိုးမျိုးသုံးပြီး ပျောက်အောင် လုပ်ခဲ့ရပါတယ်။

ကင်ဆာကြောင့် သင့်ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲခဲ့ရတာမျိုး ရှိသလား။

ကျွန်မက အစားအသောက်မက်မောသူဖြစ်လို့ အစပိုင်းမှာတော့ အစားအသောက်တွေ ပုံစံပြောင်းစားရလို့ စိတ်ညစ်ခဲ့ရပါတယ်။

ကင်ဆာက သင့်ကို ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်စေခဲ့ပါသလဲ။

ကင်ဆာဖြစ်တဲ့ အခြေအနေကနေ သင်ခန်းစာတွေအများကြီး ရခဲ့ပါတယ်။ ဦးစားပေးရတဲ့ အရာတွေကို ပြောင်းလဲခဲ့ရတယ်။

ကိုလံဘီယာမှာ ကင်ဆာဖြစ်တဲ့ မိသားစုတွေကို ကူညီပေးခဲ့တယ်လို့ ကြားရပါတယ်။ ဘယ်လိုကူညီခဲ့ပါသလဲ။

ကျွန်မရဲ့ ဇာတိမြို့ဖြစ်တဲ့ ဘာရန်ကွီးလားမှာ ကင်ဆာစင်တာတစ်ခုကို တည်ဆောက်ပေးခဲ့ပါတယ်။ ကိုလံဘီယာမှာရှိတဲ့ ဆေးရုံက ကင်ဆာဆောင်တစ်ခုကို သွားခဲ့တဲ့အခါ ကလေးတွေ ဆေးကုသမှု ခံယူနေတုန်း မိဘတွေက ကြမ်းပြင်ပေါ်မှာ ထိုင်စောင့်နေရတာကို တွေ့ခဲ့ရပါတယ်။ ရှင်သာနေမကောင်းတဲ့ ကလေးရဲ့ မိခင်တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ဒီအချိန်မှာ ခံစားနေရမှာပဲမဟုတ်လား။ ဒါကြောင့် မိဘတွေအတွက် သက်သောင့်သက်သာရှိပြီး အဆင်ပြေတဲ့ နေရာတစ်ခုကို တည်ဆောက်ပေးချင်ပါသေးတယ်။

(Ref;healthy 28-4- 11)

Most Popular

Healthy Life Ad
To Top