Healthy Life Ad
Life Style

လက်သည်း၊ ခြေသည်း အက်ကွဲခြင်း

လရိပ်မေ

လက်သည်း၊ ခြေသည်းတွေ အက်ကွဲတာနဲ့ လက်သည်း၊ ခြေသည်းကြွပ်ဆတ်တာက ရေ၊ ကြမ်းတမ်းတဲ့ဆပ်ပြာ၊ လက်သည်းဆိုးဆေး/ ဖျက်ဆေးတွေနဲ့ ထိတွေ့မှုများလွန်းတာကြောင့် ဖြစ်တတ်ပါတယ်။ လက်သည်း၊ ခြေသည်းတွေကို ကီရာတင်လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးနဲ့ ပြုလုပ်ထားပါတယ်။ ကျန်းမာတဲ့ လက်သည်း၊ ခြေသည်းဟာ ချောမွေ့ပြီး အစင်းရာ၊ အချိုင့်ရာတွေ မရှိပါဘူး။အစက်အပြောက်ကင်းကာအရောင်က ကြည်လင် နေတတ်ပါတယ်။

ကာကွယ်မှု

လက်သည်း၊ ခြေသည်းတွေအက်ကွဲပြီး ပုံပျက်ပန်းပျက်ဖြစ်မလာအောင် အောက်ပါနည်းလမ်းတွေနဲ့ ကာကွယ်သင့်ပါတယ်။

– လက်သည်းတွေကို သွားနဲ့မကိုက်ပါနဲ့။ ဒီလိုလုပ်တာက လက်သည်းအခြေက အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ လက်သည်းကို လက်သည်းထိပ်နဲ့ကပ်ပြီး တိုလွန်းအောင်ညှပ်တာက ကူးစက်ပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။

– လက်သည်း၊ ခြေသည်းတွေကို ချွန်ထက်တဲ့လက်သည်းညှပ်ကိရိယာနဲ့ ညှပ်ပေးပါ။ ထိပ်ပိုင်းကို လေးထောင့်ပုံစံညှပ်တာက ထိခိုက်မှုနည်းစေပါတယ်။ လက်သည်းမညှပ်ခင်မှာ လာဗန်ဒါဆီထဲကို မိနစ်အနည်းငယ်ကြာစိမ်ပေးပါ။ လက်သည်းတွေ နူးညံ့သွားမှ လက်သည်းကို ညှပ်ပေးပါ။

– အိုးခွက်ပန်းကန်တွေကို ဆေးကြောတဲ့အခါနဲ့ ဓာတုပစ္စည်းပါတဲ့ သန့်စင်ဆေးရည်တွေ၊ ဆပ်ပြာမှုန့်တွေကို သုံးတဲ့အခါ လက်အိတ်စွပ်ပေးပါ။

– ရေထဲမှာ လက်ကို အကြာကြီးစိမ်တာမျိုးမလုပ်ပါနဲ့။ လက်သည်းတွေကို ကြွပ်ဆတ်သွားစေနိုင်ပါတယ်။ ရေချိုးကန်ထဲမှာစိမ်ပြီး ကြာကြာရေချိုးရင် လက်တွေကို ရေနဲ့မထိအောင်ထားပါ။

– အစိုဓာတ်ထိန်းပါ။ လက်တွေကို ဆေးကြောပြီးတဲ့အခါတိုင်း လက်တွေကို အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးပါ။ ရေချိုးပြီးတဲ့အခါမှာလည်း အစိုဓာတ်ထိန်းခရင်မ်ကိုလိမ်းဖို့မမေ့ပါနဲ့။ ညအိပ်ရာဝင်ချိန်မှာ လက်သည်း၊ ခြေသည်းတွေကို အစိုဓာတ်ထိန်း ခရင်မ်လိမ်းဖို့ အရေးကြီးပါတယ်။

– လက်သည်း၊ ခြေသည်းတွေကိုသန်စွမ်း ကျန်းမာ စေတယ်ဆိုရင် သံပုရာသီးစိတ်နဲ့ ပွတ်တိုက်ပေးပါ။

– လက်သည်းဖျက်ဆေးသုံးတဲ့အခါ အဆီတုန်း (Acetone)မပါတဲ့ အမျိုးအစားကိုရွေးပါ။ အဆီတုန်းပါတဲ့ လက်သည်းဖျက်ဆေးဟာ လက်သည်းတွေကို ခြောက်သွေ့စေပြီး အက်ကွဲစေနိုင်ပါတယ်။

ကုသမှု

လက်သည်း၊ ခြေသည်းအက်ကွဲတာကို သံလွင်ဆီမှန်မှန်လိမ်းပေးပြီး ရှည်ထွက်လာတိုင်းညှပ်ပေးပါ။ လက်သည်း၊ ခြေသည်းအက်ကွဲတာက မှိုစွဲတာကြောင့် ဖြစ်တတ်တဲ့အတွက် သန့်ရှင်းခြောက်သွေ့အောင် အမြဲဂရုစိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top