Healthy Life Ad
Health Tips

သင်္ကြန်အားလပ်ရက်တွင် အစာကို အလွန်အကြူး မစားဖြစ်စေရန် ရှောင်ရှားနည်းများ

ကိုယ်အလေးချိန်များနေသူ၊ အဝလွန်သူနဲ့ ကိုယ်အလေးချိန် မြင့်တက်လာမှာ စိုးရိမ်သူတွေအနေနဲ့ အားလပ်ရက် ရောက်တိုင်း အိမ်မှာမိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ စားသောက်ရင်း ကိုယ်အလေးချိန် တိုးလာလို့ စိတ်ညစ်နေပါသလား။ ဒီနှစ်သင်္ကြန်တွင်းမှာတော့ အစာကို အလွန်အကြူးမစားဖြစ်အောင်နဲ့ ကိုယ်အလေးချိန်ထိန်းပြီးသားဖြစ်အောင် အောက်ပါနည်းလမ်းတွေကိုလိုက်နာပေးပါ။

(၁) ကလေးများနှင့်အတူ ဆော့ကစားပါ
လူကြီးတွေဆုံပြီဆိုရင် အစားအစာတွေမှာထားတဲ့ စားပွဲဝိုင်း ဒါမှမဟုတ် ထမင်းစားပွဲမှာပဲ စုဝေး စကားပြောလေ့ရှိပါတယ်။ ကလေးတွေကတော့ လူကြီးတွေထက် တက်ကြွတဲ့ လှုပ်ရှားဆော့ကစားမှုတွေကို ပိုမိုနှစ်ခြိုက်သဘောကျတတ်ပါတယ်။ ဒါကြောင့် ကလေးတွေနဲ့အတူ ပူးပေါင်းပြီး ဆော့ကစားပေးပါ။ သင့်ကို လှုပ်ရှားမှုလုပ်ဖြစ်စေတဲ့အပြင် အစားအစာကိုလည်း အလွန်အမင်း မစားဖြစ်စေတော့ပါဘူး။

(၂) မိသားစုလိုက် လှုပ်ရှားပါ
မိသားစုအတူပါဝင်လုပ်ဆောင်နိုင်တဲ့ အစာစားတဲ့ကိစ္စမပါတဲ့ လုပ်ဆောင်မှု (ဥပမာ- ပဟေဠိ အဖြေညှိတာ၊ ကရာတေးကစားတာ)စတာတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။

(၃) ရေသောက်ပါ
သင့်အနီးအနားမှာ ကယ်လိုရီအများအပြားပါဝင်တဲ့ အစားအစာတွေ ဝန်းရံနေရင် သင့်အနေနဲ့ လည်းစားမိနိုင်ခြေများပါတယ်။ အဲဒီအစာတွေ မစားမိစေဖို့ ရေတစ်ပုလင်း ဆောင်ထားပါ၊ ဗိုက်ဆာရင် ရေတစ်ဖန်ခွက် သောက်ပေးပါ။

(၄) သရေစာ ဆောင်မထားသင့်ပါ
တကယ်ဗိုက်မဆာဘဲ စားချင်စိတ် ဖြစ်ပေါ်တဲ့အခါ အနီးအနားရှိ သရေစာကို စားမိနိုင်ခြေ များပါတယ်။ မုန်လာဥနီ၊ တရုတ်နံနံ၊ သစ်သီးစိတ် စတာတွေလို ကယ်လိုရီအလွန်နည်းပါးတဲ့ သရေစာကို ကြိတ်ဝါးစားသောက်ပြီး အစာစားချင်စိတ်ကို ချိုးနှိမ်လိုက်ပါ။

(၅) အိမ်မှုကိစ္စ လုပ်ဆောင်ပါ

တကယ်လို့ သင်က အိမ်ရှင်မဖြစ်နေရင် မီးဖိုချောင်အလုပ်ကို မလုပ်ဖို့ သိပ်တော့ မလွယ်ပါဘူး။ အစာတွေကို ပြင်ဆင်ချက်ပြုတ်ရတဲ့အခါ မကြာခဏ မြည်းစားမိနိုင်ခြေ များပါတယ်။ ဒါကြောင့် ဟင်းချက်မယ့်သူ ရှိရင် တခြားအိမ်မှုကိစ္စတွေဖြစ်တဲ့ အိမ်သန့်ရှင်းရေးလုပ်တာ၊ ခြံစိုက်ပျိုးတာ၊ ဘုရားပန်းကပ်တာစတဲ့ အလုပ်တွေကို လုပ်ဆောင်ပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖြစ်စေပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။

(၆) စားချင့်စဖွယ် အနံ့များကို ရှောင်ပါ
ဆွဲဆောင်နေတဲ့ အစားအစာအနံ့အသက်တွေနဲ့ စားချင့်စဖွယ် ခင်းကျင်းပြင်ဆင်ထားတာကြောင့် သင့်အနေနဲ့ အစာတွေကို ပိုပြီး စားမိတတ်ပါတယ်။ အဲဒီအခါ ကိုယ်အလေးချိန်ထိန်းချင်တဲ့ ဆန္ဒကို မေ့မ ထားဘဲ အစာကို အလွန်အမင်းမစားဖြစ်အောင် ထိန်းချုပ်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top