Healthy Life Ad
Health Tips

အက်စ်ပရင်၏ အံ့သြဖွယ်ရာ အသုံးဝင်ပုံ ၁၀ မျိုး

လရိပ်မေ

အက်စ်ပရင်ဆေးပြားက ဖျားနာကိုက်ခဲတဲ့ ဝေဒနာကို သက်သာစေနိုင်တယ်ဆိုတာ လူတိုင်း သိပြီးဖြစ်မှာပါ။ ဒါ့အပြင် တခြားအံ့အားသင့်ဖွယ်ရာ အသုံးဝင်ပုံတွေလည်း ရှိနေပါတယ်။

(၁) ဝက်ခြံ သက်သာစေပါတယ်
အက်စ်ပရင်ဆေးပြားမှာရောင်ရမ်းမှု ကျစေတဲ့အစွမ်းသတ္တိရှိတာကြောင့် ဝက်ခြံကို သက်သာစေပါတယ်။ အက်စ်ပရင်ဆေးပြား ၂-၃ ပြားကို ကြိတ်ချေပြီး သံပယိုသီးအရည်နဲ့ ရောမွှေလိုက်ပါ။ ပြီးရင် ဝက်ခြံအဖုအပိမ့်ပေါ်သုတ်လိမ်းပြီး နှစ်မိနစ် လောက်ထားပါ။ ပြီးမှ ရေနဲ့ဆေးချလိုက်ပါ။ အပြင် ထွက်ခါနီး(နေရောင်ခြည်ထိခါနီး)မှာ ဒီနည်းမသုံးပါနဲ့။

(၂) အင်းဆက်အကိုက်ခံရတဲ့ အနာကို သက်သာစေပါတယ်
အက်စ်ပရင်ဆေးပြားက ခြင်ကိုက်လို့ဖြစ်တဲ့ ရောင်ရမ်းမှုကိုလျော့ပါးစေပြီး ယားယံတဲ့ ဝေဒနာ ကိုသက်သာစေပါတယ်။ အက်စ်ပရင်ဆေးပြားကို ရေထမင်းစားဇွန်းတစ်ဇွန်းထဲထည့်ပြီး အင်းဆက် အကိုက်ခံရတဲ့ နေရာပေါ် မိနစ်အနည်းငယ်ကြာ သုတ်လိမ်းပေးပါ။

(၃) အရေပြားအစက်အပြောက် လျော့ပါး စေပါတယ်
အက်စ်ပရင်ဆေးပြားမှာ ဆီပျော်ပါဝင်ပစ္စည်း တွေပါတဲ့အတွက် အရေပြားပေါ်က အစက်အပြောက်တွေကို လျော့ပါးစေပါတယ်။ အက်စ်ပရင် ဆေးပြား ခုနစ်ပြားနဲ့ ဒိန်ချဉ်ထမင်းစားဇွန်း သုံးဇွန်း၊ ပျားရည် ထမင်းစားဇွန်းတစ်ဇွန်း ရောမွှေကာ သန့်စင်ထားတဲ့မျက်နှာပေါ်လိမ်းပါ။ ၁၅ မိနစ်ကြာမှ ရေ နဲ့ ဆေးလိုက်ပါ။ အသားအရေကို ကြည်လင်ချောမွေ့ စေပါတယ်။ အမာရွတ်တွေကို လျော့ပါးစေပြီး ချွေးပေါက်မပိတ်အောင် ကာကွယ်ပေးပါတယ်။

(၄) ဗောက်ပျောက်စေပါတယ်
ဗောက်တွေက ဦးရေပြားကို ယားယံစေရုံ သာမက အကြည့်ရဆိုးစေပါတယ်။ ဗောက်ပျောက်ချင် တယ်ဆိုရင် အက်စ်ပရင်ဆေးပြားနှစ်ပြားကို ကြိတ်ချေပြီး သင်သုံးနေကျ ရှမ်ပူထဲ ရောထည့်ကာ ဆံပင် သားအနှံ့သုတ်လိမ်းပေးပါ။ ပြီးမှခေါင်းလျှော်လိုက်ပါ။

(၅) ကြေးချွတ်နိုင်ပါတယ်
အက်စ်ပရင်ဆေးပြားက အကောင်းဆုံး ကြေးချွတ်ပစ္စည်းဖြစ်ပြီး မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် အဆီပိုတွေကို ကင်းစင်စေကာ ချွေးပေါက်ကျယ်တွေကို ကျဉ်းစေပါတယ်။ အက်စ်ပရင်ဆေးပြားကို ရေနဲ့ ရောမွှေပြီး မိနစ်အနည်းငယ်လောက်ထားပါ။ ထိခိုက်လွယ်တဲ့ အသားအရေရှိရင် အရေပြား စပ်ဖျဉ်းဖျဉ်းမဖြစ်အောင် သတိထားသင့်ပါတယ်။

(၆) ခြေထောက်အသားမာကင်းစင်စေပါတယ်
အက်စ်ပရင်ဆေးပြားက ခြေဖဝါးကို နူးညံ့စေ ပြီး အရေပြားဆဲလ်သေတွေကို အလွယ်တကူ ဖယ် ရှားပေးနိုင်ပါတယ်။ အက်စ်ပရင်ဆေးပြား ၇ ပြားကို ကြိတ်ချေပြီး သံပရာရည် ထမင်းစားဇွန်း တစ်ဝက်နဲ့ ရောကာ စေးပျစ်အောင် ထားပါ။ ခြေဖဝါးမှာ လိမ်း ပြီး အဝတ်ပါး တစ်ခု ဖုံးအုပ်ထားပါ။ ၁၀ မိနစ်ကြာမှ ကြေးတွန်းကျောက်နဲ့ တွန်းကာ သန့်စင်ပေးပါ။

(၇) ဆံပင်သားထိခိုက်မှုကိုပြန်လည်ပြုပြင်ပေးပါတယ်
အက်စ်ပရင်ဆေးပြားတစ်ပြားကို ကြက်သီးနွေး ရေထဲထည့်ဖျော်ပြီး ဆံပင်သားမှာလိမ်းပါ။ ၁၅ မိနစ် ကြာမှ ရေနဲ့ဆေးချရမှာပါ။ ဆံပင်သားကို ကျန်းမာ တောက်ပြောင်စေပါတယ်။

(၈) အဝတ်အစားပေါ်က ချွေးကွက်တွေကို ဖယ်ရှားပေးပါတယ်
အက်စ်ပရင်ဆေးပြားကို ရေနွေးထဲဖျော်ပြီး ချွေးစွန်းကွက်ရှိတဲ့အဝတ်အစားပေါ် သုတ်လိမ်းကာ တစ်ညထားပေးပါ။ ပြီးရင် အဝတ်လျှော်သလိုလျှော် ရမှာ ဖြစ်ပါတယ်။

(၉) ရေချိုးကန်ထဲက ဆပ်ပြာအစွန်းအထင်း တွေကို ဖယ်ရှားပေးပါတယ်
ရေချိုးကန်ထဲက ဆပ်ပြာအစွန်းအထင်းတွေ ကိုဖယ်ရှားချင်ရင် အက်စ်ပရင်ဆေးပြားငါးပြားကို ကြိတ်ချေပြီး ရေချိုးကန်ထဲထည့်ပါ။ ရေအနည်းငယ်ထည့်ပြီး နာရီဝက်လောက်ထားလိုက်ပါ။ အဲဒီအစွန်း အထင်းတွေကို ပိတ်စတစ်စနဲ့ လွယ်လင့်တကူ ဖယ် ရှားသန့်စင်နိုင်ပါလိမ့်မယ်။

(၁၀) ပန်းပွင့်တွေရဲ့သက်တမ်းကို ကြာကြာ ခံစေပါတယ်
ပန်းအိုးထဲ ပန်းထိုးတဲ့အခါ သက်တမ်းကြာကြာ ခံအောင် ရေထဲကို အက်စ်ပရင်ဆေးပြား တစ်ပြား ကြိတ်ချေပြီး ထည့်ပေးပါ။ ပန်းတွေရဲ့ သက်တမ်းကို ကြာကြာခံစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top