Healthy Life Ad
Q & A

အားဆေးကို ဘယ်သူတွေ သောက်သင့်တာလဲ . .

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

Q. အခုခေတ်မှာ ဗီတာမင်နဲ့ အားဆေးတွေကို လူအတော်များများ မှီဝဲနေကြပါတယ်။ တကယ်လိုအပ်ပါသလား။ ဘယ်သူတွေက ဗီတာမင်အားဆေးတွေ မှီဝဲသင့်ပါသလဲ။
Sandar(FB)

A. ဗီတာမင်နဲ့ အားဆေးကို လိုအပ်နိုင်ခြေရှိတဲ့ သူတွေကို သိစေချင်ပါတယ်။ သူတို့တွေကတော့-

အာဟာရချို့တဲ့မှု ရှိတဲ့သူ၊

မျှတတဲ့ အစားအသောက်ပုံစံကို သတ်မှတ်ထားတဲ့ပမာဏအတိုင်း မစားတဲ့သူ၊

ကယ်လိုရီနည်းနည်းပဲ စားတဲ့သူ (တစ်နေ့မှာ ကယ်လိုရီ ၁၂၀ဝ အောက် စားတဲ့သူ)၊

စည်းကမ်းတင်းကျပ်တဲ့ သက်သတ်လွတ်သမား၊

ရာသီလာစဉ် သွေးဆင်းများတဲ့ အမျိုးသမီးတွေ (သံဓာတ်လိုအပ်နိုင်)၊

လက်တို့စ်နဲ့ မတည့်တဲ့သူ ဒါမှမဟုတ် နွားနို့နဲ့ ဓာတ်မတည့်တာကြောင့် နို့နဲ့ နို့ထွက်ပစ္စည်းတွေကို အလုံအလောက် မစားသုံးဖြစ်တဲ့သူ (ကယ်လ်စီယမ်ဓာတ်လိုအပ်နိုင်)၊

အသက်အရွယ်အရ အာဟာရလိုအပ်ချက်ရှိသူ (ဥပမာ- မွေးကင်းစကလေးတွေက သံဓာတ်နဲ့ ဖလိုရိုက်လိုအပ်နိုင်ပြီး ကိုယ်ဝန်ဆောင်နိုင်တဲ့အရွယ် အမျိုးသမီးတွေက ဖောလိတ်ဓာတ်လိုအပ်ကာ အသက်ကြီးသူတွေက ကယ်လ်စီယမ်၊ ဗီတာမင်ဒီနဲ့ ဗီတာမင် B12 လိုအပ်နိုင်)၊

နွားနို့သောက်သုံးမှုနည်းပြီး နေရောင်ခြည်နဲ့ထိတွေ့မှု မရှိသူတွေ (ဗီတာမင်ဒီ လိုအပ်နိုင်)၊

ရောဂါတွေ၊ ကူးစက်ပိုးဝင်တာ၊ ထိခိုက်ဒဏ်ရာရတာ၊ ခွဲစိတ်မှုခံယူရတာ စတာတွေကြောင့် အာဟာရမှီဝဲမှု၊ စုပ်ယူမှု၊ ချေဖျက်မှုစတဲ့ အပိုင်းတွေမှာ အဟန့်အတားရှိတဲ့သူ၊

ခန္ဓာကိုယ်ရဲ့ အာဟာရစုပ်ယူအသုံးပြုမှုကို အဟန့်အတားဖြစ်စေတဲ့ ဆေးဝါးမှီဝဲနေရသူ . . စတဲ့ သူတွေဟာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို လိုအပ်နိုင်ပါတယ်။

ဒီလိုအခြေအနေတွေရှိတာနဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်အားဆေးကို အလိုအလျောက် သောက်သင့်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အရင်ဆုံး ဆရာဝန်နဲ့တိုင်ပင်ပြီး စားသောက်တဲ့ အာဟာရပုံစံကို ပြောင်းလဲတာနဲ့ လိုအပ်ရင် အားဆေးမှီဝဲတာတို့ကို လုပ်ဆောင်သင့်တာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top